တနေရာ မှ တနေရာသို့ ရွှေ့ပြောင်းလာကြခြင်း
လူများ နိုင်ငံ အတွင်း တွင်၎င်း၊ နယ်ခြားများ ဖြတ်ကျော်၍၎င်း ရွှေ့ပြောင်းလာကြခြင်း များသည် နိုင်ငံတကာ ဆက်ဆံရေး ၏ အကြောင်းခြင်းရာ တရပ် ဖြစ်လာခဲ့သည်မှာ ကာလကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ ဥပမာ စီးပွားရေး အခွင့်အလန်းများကြောင့် မိမိ သဘောဆန္ဒ အလျောက် သို့မဟုတ် လက်နက်ကိုင် ပဋိပက္ခများ၊ ဖိနှိပ် အုပ်ချုပ်ခံနေရခြင်း တို့မှ လွတ်ရာကျွတ်ရာ ရွှေ့ပြောင်းလာခြင်းမျိုး တို့ ဖြစ်သည်။
ထိုသို့ ရွှေ့ပြောင်းလာသူများကို 'migrant' ဟု ခေါ်ဆို ကြသော်လည်း နိုင်ငံတကာ ဥပဒေများတွင် ထိုကဲ့သို့ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားခြင်း မျိုး မရှိသည့် အပြင် အများ လက်ခံထားသည့် တိကျသော အဓိပ္ပါယ် ဖွင့်ဆိုထားခြင်းမျိုးလည်း မရှိသေးပေ။
သို့သော် ကုလသမဂ္ဂ ကမူ " လူပုဂ္ဂိုလ် တဦးတယောက်သည် ၎င်း၏ အမြဲတမ်း နေနေကျ နေရာတ နေရာ မှ နိုင်ငံ အတွင်း သို့မဟုတ် ပြင်ပသို့ အကြောင်းအမျိူးမျိုးကြောင့် ယာယီ သို့မဟုတ် အမြဲတမ်း ရွှေ့ပြောင်းသွားခြင်း" ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။
သို့သော် ရွှေ့ပြောင်းသူ migrant ဆိုသည်အား ၎င်းတို့ နိုင်ငံ မဟုတ်သည့် အရပ်တွင် ၎င်းတို့၏ ဆုံးဖြတ်ချက် သက်သက်ဖြင့် ယာယီ သို့မဟုတ် အမြဲတမ်း နေထိုင်သူများဟု အားလုံးက သတ်မှတ်ထားကြသည်။
ထိုသို့ သတ်မှတ်ချက်သည် အဓိပ္ပါယ်အားဖြင့် ကျဉ်းမြောင်းနေသော်လည်း ပို၍ လက်ခံနိုင်ဖွယ် ရှိသည်။ မိမိတို့ နေထိုင်ရာ ဒေသမှ မရွှေ့မဖြစ်၍ ရွှေ့ပြောင်းလာရသူများ အား ပြည်တွင်း တွင် ဆိုက internally displaced persons (IDPs) များ ဖြစ်ပြီး နယ်ခြားကို ဖြတ်ကျော်ဝင်ရောက်လာမည်ဆိုက ဒုက္ခသည် သို့မဟုတ် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံလာသူများဟု ခွဲခြား သတ်မှတ် လာနိုင်ခြင်းကြောင့် ဖြစ်သည်။
လက်ရှိ စာရင်းဇယားများအရ ကမ္ဘာတဝှမ်းတွင် ရွှေ့ပြောင်း လာသူဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်သူ သန်းပေါင်း ၂၅၀ ခန့် ရှိနေသည်။ ထိုအထဲတွင် အများစုသည် စီးပွားရေး အရ တိုးတက်မှု ရှာလို၍ ရွှေ့ပြောင်းလာကြသူများ ဖြစ်သည်။ ၎င်းတို့သည် အမေရိကန် ပြည်ထောင်စုကဲ့သို့ လူတဦးချင်း ဝင်ငွေ မြင့်မားသော နိုင်ငံမျိုးတွင် အခြေချ လာကြသည်။ အမေရိကန် တွင် ထိုသို့ ဝင်ရောက်လာသူ သန်းပေါင်း ၅၀ ခန့် ရှိနေပြီ ဖြစ်သည်။ ထိုသို့ မိမိတို့ သဘောဆန္ဒ အလျောက် ရွှေ့ပြောင်းလာသည် ဆိုသည့် အချက်ကပင် နိုင်ငံတကာ၏ စီးပွားရေး အတိုင်းအတာကို အကြမ်းဖျင်း ဖော်ပြနေသည်။
၂၀၁၉ တွင် ကမ္ဘာပေါ်ရှိ လူ တရာ လျှင် တယောက်နှုန်းသည် နေ၍ မဖြစ်တော့သည် အခြေအနေများ ၊ အတင်းအကျပ် မောင်းထုတ်ခံရခြင်းများ ကြောင့် ပြောင်းရွှေ့လာရသူများ သည် ၇၁ သန်း အထိ ရှိလာခဲ့သည်။ ထိုအထဲတွင် ၄၁ သန်းသည် နိုင်ငံ အတွင်းမှာပင် ရွှေ့ပြောင်းခဲ့ကြရသူများ ဖြစ်သည်။ ၂၆ သန်းသည် နိုင်ငံကို စွန့်ခွာလာကြရသည့် ဒုက္ခသည်များ ဖြစ်ပြီး ၃.၅ သန်းသည် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့ကြသည်။
ရွှေ့ပြောင်း လာသူများသည် ၎င်းတို့ ဝင်ရောက်လာသည့် နိုင်ငံ၏ လူဝင်မှု ဥပဒေ အညီ ဆုံးဖြတ်လာသည်များကို လိုက်နာရဖို့ ရှိနေသည်။ နိုင်ငံ တနိုင်ငံစီ တွင်လည်း မည်သူကို လက်ခံမည်၊ မည်သူကို လက်မခံ ဆိုသည်ကို ဆုံးဖြတ်နိုင်သည့် အခွင့်အရေး များ ရှိထားသည်။
ကနေဒါ၊ ဩစတေးလျှ၊ နယူးဇီလန် ကဲ့သို့ နိုင်ငံ အချို့သည် ရွှေ့ပြောင်း လာလိုသူများအား ၎င်းတို့၏ ပညာ အရည်အချင်း၊ လုပ်ငန်း ကျွမ်းကျင်မှူ၊ ချမ်းသာ ကြွယ်ဝမှု အတိုင်းအတာ ပေါ် မူတည်ပြီး ရွေးချယ်ကြသည်။ အမေရိကန်ကတော့ ထိုအလေ့အထ ကို အတိုင်းနှင့် အတာ နှင့်သာ ကျင့်သုံးတတ်သည်။
ထိုကြောင့်လည်း ထိုနိုင်ငံများ၏ စီးပွားရေးသည်။ ပြောင်းရွှေ့လာသူများ၏ အထောက်အကူ ဖြင့် များစွာ တိုးတက်လာခဲ့ရခြင်းလည်း ဖြစ်သည်။ ယင်းနှင့် အတူ ၎င်းတို့ လာခဲ့ရာ နိုင်ငံများသို့ လည်း ငွေများ ပြန်လွှဲပေးလာခြင်းကြောင့် စီးပွားရေး မြင့်မားလာခဲ့သည်။
ကမ္ဘာပေါ်တွင် အမေရိကန်သည် ရွှေ့ပြောင်း ဝင်ရောက်လာသူ အများဆုံး ရှိသော နိုင်ငံ ဖြစ်သည်။ နှစ်စဉ် လို လူ တသန်း နီးပါးခန့်သည် အမြဲတမ်း နေထိုင်ခွင့် permanent resident အဆင့်အတန်း ရရှိခဲ့သည်။ အများအားဖြင့် မိသားစု ပြန်လည် ပေါင်းစည်း နိုင်ရေး အတွက် ပေးခဲ့ခြင်း ဖြစ်သည်။
လူတဦးသည် အမေရိကန် ပြည်ထောင်စု သို့ တရားဝင် ရွှေ့ပြောင်းခွင့် ရလာခဲ့က ၎င်း၏ မိသားစု ဝင်များကို လာရောက် နေထိုင်ရန် တာဝန်ခံ၍ ခေါ်ယူခွင့်ရှိသည်။ သို့သော် နိုင်ငံ တနိုင်ငံစီမှ ရွှေ့ပြောင်းဝင်လာမည့် လူများအား စုစုပေါင်း အရေအတွက်၏ ၇ ရာနှုန်းခန့်သာ လက်ခံခဲ့သည်။ ဤသည်ကလည်း ၎င်းတို့ထံ အတောမသတ် "စေလွှတ်နေသော" တရုတ်၊ အိန္ဒိယ၊ မက္ကဆီကို၊ ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံများအား ကန့်သတ်ထားလို၍ ဖြစ်သည်။
အချို့ က ၎င်းတို့၏ ကျွမ်းကျင်မှု၊ ပညာ အရည်အချင်း နှင့် ကြွယ်ဝချမ်းသာမှု အ ပေါ် မူတည်ပြီး ရွှေပြောင်းဝင်လာကြသည်။ ၎င်းတို့အားလုံးသည် အချိန်ကြာလာသည်နှင့် အမျှ နိုင်ငံသားများ ဖြစ်လာကြသည်။ ၂၀၁၇ စာရင်းအရ ရွှေ့ပြောင်း ဝင်ရောက်လာသူ များထဲမှ တသန်း ခန့်သည် အမေရိကန် နိုင်ငံသားများ ဖြစ်လာကြသည်။
ထိုသို့ ရွှေ့ပြောင်းဝင်ရောက်လာမှုများကြောင့် နိုင်ငံ တနိုင်ငံ ၏ လူ့အဖွဲ့အစည်း အတွက် အလုပ်လုပ်ကိုင် နိုင်သည့် အရွယ်ရှိ အမျိုးသား အမျိုးသမီး များ တိုးပွားလာခြင်း ကြောင့် အထောက်အကူ ရလာခဲ့သည်။ ထိုလူ့အဖွဲအစည်း တွင် အလုပ်လုပ်ရန် ငယ်ရွယ်လွန်းသူများ၊ အသက်အရွယ် ကြီးရင့်လာသူများ နှင့် အလုပ်လုပ်ကိုင် နိုင်သူ များ၏ အချိုးအစားအား ညီမျှအောင် ဆက်၍ ထိန်းထားနိုင်ခဲ့သည်။
ယခုအခါ အာရှ ရှိ နိုင်ငံ အများအပြားသည် အသက်အရွယ် ကြီးသူ အရည်အတွက် လျှင်မြန်စွာ များပြားလာနေသည့် စိန်ခေါ်မှု ကြီး နှင့် ရင်ဆိုင်လာနေရပြီ ဖြစ်သည်။ ဤသည်ကလည်း ထိုနိုင်ငံများ၏ လူဝင် မှု ဥပဒေ ကို တစိတ်တပိုင်း ကန့်သတ်ထားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
အမေရိကန်၏ နည်းပညာဆိုင်ရာ လုပ်ငန်းများတွင် ရွှေ့ပြောင်း ဝင်ရောက်လာသူများထံမှ တီထွင် ဖန်တီးနိုင်မှု နှင့် ကျွမ်းကျင်မှု များကို ကောင်းစွာ အသုံးချ နိုင်ခဲ့၍ တိုးတက်လာခြင်းသည် ထင်ရှားသော သာဓက ပင် ဖြစ်သည်။ ၂၀၁၉ Fortune 500 တွင် ပါရှိလာသည့် ကုမ္ပဏီ များ၏ ၄၅ ရာနှုန်းသည် အခြား နိုင်ငံမှ ဝင်ရောက်လာသူများ သို့မဟုတ် ၎င်းတို့၏ သားသမီးများက တည်ထောင်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရသည်။
ထိုသို့ဆို၍ အခြားနိုင်ငံ မှ ရွှေ့ပြောင်း ဝင်ရောက်လာသမျှ သည် အဆိုးများ မရှိနိုင်ဟု ဆိုလိုခြင်း မဟုတ်။ ပညာအရည်အချင်း နှင့် ကျွမ်းကျင်မှု မည်မည်ရရ မရှိသူများသည် ၎င်းတို့ကဲ့သို့ အဆင့်မျိူး ရှိသူများ နှင့် ယှဉ်ပြိုင်ပြီး ဝင်ရောက် လုပ်ကိုင် နိုင်သည်။ ၎င်းတို့ကြောင့် အိမ်ရှင် နိုင်ငံ များ၏ ပညာရေး၊ ကျန်းမာရေး နှင့် အခြား ဝန်ဆောင်မှု လုပ်ငန်း ဆိုင်ရာ များတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သည်။
ဥရောပ နိုင်ငံ များတွင် အချို့က ရွှေ့ပြောင်းဝင်ရောက်လာသူ များကြောင့် ၎င်းတို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံ များ ကို ထိခိုက်လာနိုင်သည် ဟူသော စိုးရိမ်မကင်း မှူ များ ရှိလာပြီး ထိုသို့ ဝင်လာမည့် အရေး ကို ဆန့်ကျင်လာကြသည်။