ဆိုဗီယက် ပြည်ထောင်စု ကို ၁၉၈၅ ကတည်းက ဦးဆောင်လာသည့် မီခေးလ် ဂေါဘာချော့သည် စစ်အေး တိုက်ပွဲ ကြီး အဆုံးသတ်သွားခဲ့မှု တွင် အရေးပါသော အခန်းမှ ပါဝင်ခဲ့သူ ဖြစ်သည်။
ပြည်တွင်း တွင် အခြေခံ ကျကျ ပြုပြင် ပြောင်းလဲရေး လုပ်နိုင်မှသာ ဆိုဗီယက်သည် ဆက်လက်ရှင်သန် နိုင်ပြီး ကမ္ဘာဇာတ်ခုံတွင် ဦးဆောင် သွားနိုင်မည်ဟု ရှင်းလင်း ပြတ်သားစွာ ယုံကြည်လက်ခံထားသူ လည်း ဖြစ်သည်။
သို့သော် စီးပွားရေး ကို ပြန်လည် မတည်ဆောက်မီ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များ အရင်လုပ်ဖို့ လိုသည် ဆိုသော ချည်းကပ်မှု မျိုး နှင့် စတင်ခဲ့၍ ပြည်တွင်း နှင့် အရှေ့ ဥရောပ တွင် ဖြစ်ပျက်နေမှု များ အပေါ် လုံးဝ ထိန်းချုပ် နိုင်မှု မရှိပဲ ဖြစ်သွားခဲ့ရသည်။
ပြည်ထောင်စု အတွင်းရှိ သမ္မတ နိုင်ငံ အဖြစ် သွတ်သွင်း ခံထားရသည့် လူမျိုး အသီးသီး နှင့် လက်ဝေခံ အရှေ့ဥရောပ နိုင်ငံများမှ လွတ်လပ်ရေး ရရန် တောင်းဆိုလာမှုများ အား ကြံ့ကြံ့ခံ နိုင်သည့် အနေအထား မရှိတော့ပေ။ စစ်ရေးအရလည်း ထိန်းချုပ်နိုင်စွမ်း မရှိ ဖြစ်လာသည်။ အဆုံးတွင်တော့ စီးပွားရေး အရလည်း အဖတ်မဆယ်နိုင်သည့်အပြင် နိုင်ငံရေး တွင်လည်း ပြောင်းလဲလာသည့် အနေအထား နှင့် လျှော်ညီအောင် ထိန်းချုပ်နိုင်စွမ်း မရှိ ဖြစ်လာခဲ့သည်။
သို့သော် သူ့ခြည်းကြောင့်ဟုတော့ ပြောလိုမရ၊ ဤနေရာတွင် ထရူးမင်းက စပြီး အမေရိကန် သမ္မတ အဆက်ဆက် နှင့် ဥရောပ မဟာမိတ်များ၏ စစ်အေး တိုက်ပွဲကြီး ဆင်နွှဲခဲ့သည့် နှစ် ပေါင်း လေးဆယ် အတွင်း ဥရောပ နှင့် အာရှ ပေါ် မဆုပ်မနစ် ထားရှိ ကျင့်သုံးလာခဲ့သည့် မူဝါဒ များ ကြောင့်လည်း ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
ဘာလင် တံတိုင်းကြီးအား ဂျာမန် ဆန္ဒပြသူများက ဖြိုဖျက် ပစ်လိုက်ကြသည့် ၁၉၈၉ နိုဝင်ဘာတွင် အမေရိကန် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဂျော့ခ်ျ ဒဗလူ ဘွတ်ရှ် အား စစ်အေး တိုက်ပွဲ၏ နိဂုံးပိုင်း အား ကိုင်တွယ်ခဲ့ပုံကိုလည်း ချီးကြူးထိုက်ပေသည်။
ဘွတ်ရှ်အား ဖြစ်ပေါ်လာနေမှုများအား အခွင့်ကောင်းယူ၍ တိုးပြီး မလှုပ်ရှားခဲ့ဟု ဆိုကာ ပြစ်တင် ဝေဖန်ခြင်း ခံခဲ့ရသည်။ သို့သော် ဘွတ်ရှ်သည် နန်းကျလုဆဲဆဲ ဖြစ်နေသော ကွန်မြူနစ် ခေါင်းဆောင်များ ပို၍ အရှက်ကွဲအောင် ဖြစ်သွားမည့် လုပ်ရပ်များကို သတိကြီးစွာ ထား၍ ရှောင်ရှားခဲ့သူ ဖြစ်သည်။ ၎င်းတို့ မခံချင် ဖြစ်လာပြီး လုပ်မိလုပ်ရာ အတင်းလုပ်လာကြမည့် အရေး နှင့် သိုမဟုတ်ကလည်း ထိုသို့ လုပ်ချင်သူများ အာဏာရလာမည့် အရေးတို့ကို စိုးရိမ် ခဲ့၍လည်း ဖြစ်သည်။
ဤသို့ဖြင့် စစ်အေးတိုက်ပွဲကြီးသည် ငြိမ်းချမ်းစွာ အဆုံးသတ် သွားခဲ့သည်။ ယင်းနှင့် အတူ ဆိုဗီယက် ပြည်ထောင်စုကြီးလည်း ပြိုကွဲသွားပြီး ဂျာမဏီ လည်း ပြန်လည် ပေါင်းစည်း ကာ နေတိုး အဖွဲ့ကြီး သို့ ဝင်ရောက်နိုင်ခဲ့မှု သည် လွန်စွာ ထူးခြားသည့် ဖြစ် ရပ် အဖြစ် မှတ်တမ်းတင်ရမည်သာ ဖြစ်သည်။
သမိုင်း ဖြစ်ရပ် အများစုသည် ခေတ်ကြီး တခေတ်ကို ပြောင်းလဲ သွား စေခဲ့ မှု များ ၏ ပွတ်တိုက်မှု များ ကြောင့် ပေါ်ပေါက်လာခဲ့ရခြင်း ပင် ဖြစ်သည်။ ယခု ဖြစ်ရပ်သည် ထိုအရေးကို ရှောင်ရှား နိုင်ခဲ့သည်။ လူပုဂ္ဂိုလ်တဦး ချင်းစီ၏ သက်ရောက်နိုင်ခဲ့မှုသည် သာ သမိုင်းကို ထင်ဟပ်စေခဲ့သည်။
စစ်အေး တိုက်ပွဲ အပြီး ကာလ (၁၉၈၉ - လက်ရှိ)
*************
ထိုကာလ ကို သမိုင်း၏ တစိတ်တပိုင်း အဖြစ် တင်ပြခြင်းသည် ထူးဆန်း ကောင်း ထူးဆန်းနေသည်ဟု တွေးထင်စရာ ရှိနေသည်၊ အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းခြင်းရာ များထဲတွင် မိမိတို့ လက်ရှိ ရပ်တည်နေမှု၊ လောလောဆယ်တွင် မည်သည့် လားရာကို ဦးတည်နေသည် ဆိုသညိ တို့ ပါဝင်နေသော ကြောင့် ပင် ဖြစ်သည်။
မိမိတို့သည် သမိုင်းဖြစ်ရပ်များထဲတွင် ရှင်သန် နေထိုင်ကြရသူ များ ဖြစ်သည် ဆိုသော အချက်ကိုလည်း မေ့လျော့ထား၍ မဖြစ်ပြန်ပေ။ လက်ရှိ သမိုင်းကို သဘောထား မှန်ကန်စွာ နှင့် မှတ်တမ်းတင်နိုင်ဖို့ အရေးတွင် တွေ့လာရသည့် အခက်အခဲကား မိမိတို့ တွင် ဖြစ်ပြီးမှ သိလာရခြင်း ဆိုသည့် အခွင့်အရေးနှင့် ဖြတ်သန်းနေရသည် အချိန် အပိုင်းအခြား အတွင်း မျက်စိတဆုံး ကြည့်၍ ယထာဘူတ ကျကျ သုံးသပ်နိုင်ခွင့် ကို လက်လွှတ်လိုက်ရခြင်းပင် ဖြစ်သည်။
ဆယ်လေး ရာစု နှင့် ဆယ်ခြောက်ရာစု နှစ်များ အတွင်း ရှေးဟောင်းဂရိ စာပေ နှင့် ယဉ်ကျေးမှု များ ပြန်လည် ထွန်းကားလာသည့် ခေတ်ကို ဉာဏ် အလင်းပွင့် ခေတ်ဟု နှောင်းလူများက မှတ်တမ်းတင်ခဲ့ကြသော်လည်း ထိုခေတ်ကာလကို ဖြတ်သန်းခဲ့ရသူ များ အဖို့က ၎င်းတို့သည် ဉာဏ် အလင်းပွင့် ခေတ်ကြီးတွင် နေထိုင်နေကြရသူများဟု မှတ်ယူခဲ့ကြမည် မဟုတ်ပေ။ ၎င်းတို့ဘဝ ကို ၎င်းတို့ ရုန်းကန် ရင်းသာ ဖြတ်သန်းခဲ့ကြသူများ မဟုတ်ပါလော။
လက်ရှိကာလ အား စစ်အေး တိုက်ပွဲ အလွန်ကာလ ဟု ခေါ်သည်၊ အချိန်အပိုင်း အခြားကိုမူ လက်ရှိကာလ နှင့် အချိန် အတိအကျ မသတ်မှတ် နိုင်သေးသော အနာဂတ် တခု အကြား သတ်မှတ်သည်။ သို့သော် ထိုကာလ သည် မည်သည့် အချိန်က စတင်ခဲ့သည် ဆိုသည်ကား ခန့်မှန်းခြေသာ ပြောနိုင်ပြီး အတိအကျ ပြောဖို့ ခက်ခဲပေသည်။ စစ်အေး တိုက်ပွဲ အဆုံးဟု သတ်မှတ်သော အချိန်သည် ဓမ္မဓိဋ္ဌာန် မကျလှပဲ မိမိ၏ စိတ်ထဲ ထင်မြင်မှု ကိုသာ အခြေခံလာခဲ့ခြင်း ပင် ဖြစ်သည်။
ထိုအထဲတွင် ၁၉၈၉ နိုဝင်ဘာ ၉ ရက်နေ့ကိုကား စစ်အေး တိုက်ပွဲ အဆုံးသတ်သည့် နေ့ဟူ၍ သတ်မှတ်ရန် အလားအလာ အကောင်းဆုံး နေ့ အဖြစ် ယူဆထားသည်။ ထိုနေ့သည် အရှေ့ဂျာမဏီ နိုင်ငံသားများက ၎င်းတို့အား အနောက်ဘာလင် နှင့် ပိုင်းခြားထားသည့် အုတ်တံတိုင်းကြီးကို အောင်မြင်စွာ ဖြိုဖျက်ချနိုင်ခဲ့သော အချိန်လည်း ဖြစ်သည်။
ထိုနေ့မှစ၍ အရှေ့ဂျာမဏီ နိုင်ငံသားများသည် ပစ်ခတ် ခံရမည်ကို စိုးရိမ် ထိတ်လန့်နေစရာ မလိုတော့ပဲ အနောက်ဂျာမဏီ သို့ လွတ်လွတ်လပ်လပ် သွားခွင့်ရလာခဲ့သည်။ ယခင် ဆယ်စု နှစ်များအတွင်း ထိုသို့ သွားနိုင်ရန် ကြိုးပမ်းခဲ့ကြသူများ သေဆုံးခဲ့ကြရသည်။ ယခု ထိုသို့ စိုးရိမ်စရာ မလိုတော့ခြင်းသည် အရှေ့ဂျာမဏီ ရှိ ကွန်မြူနစ် အစိုးရ နှင့် ၎င်းတို့အား စေစားနေသည့် ဆိုဗီယက် ယူနီယံတို့မှ လက်လျော့ အရှုံးပေးလိုက်ကြပြီ ဆိုသည့် အချက်က ထင်ရှား ပေါ်လွင်သွားခဲ့ရသည်။
ဆိုဗီယက် ပြိုလဲသွားမှု နှင့် အတူ ၎င်း၏ ပြည်ပ အင်ပိုင်ယာ ကြီး အတွင်း ပါဝင်နေကြသော အယ်ဘေးနီယား၊ ဘူလ်ဂေးရီယား၊ ချက်ကိုစလိုဗက်ကီယား၊ အရှေ့ ဂျာမဏီ၊ ပိုလန်၊ ရိုမေးနီယား တို့သည် အစစ်အမှန် လွတ်လပ်သော နိုင်ငံ များ ဖြစ်လာခဲ့ကြသည်။
ရာစု နှစ်၏ လေးပုံသုံးပုံခန့် ဆိုဗီယက် ပြည်ထောင်စု ကြီး အဖြစ် ရပ်တည်လာခဲ့သော ပြည်တွင်း အင်ပိုင်ယာ ကြီးသည်လည်း ရုရှား အဖြစ်သာ ကျန်ခဲ့တော့ပြီး ယခင် ပူးပေါင်း ဖွဲ့စည်းထားသည့် ဆယ့်လေး နိုင်ငံ ဖြစ်သည့် ကာဇတ်စတန် နှင့် အခြား အာရှ အလယ်ပိုင်း လေးနိုင်ငံ၊ အက်စတိုနီယား၊ ဂျော်ဂျီယာ၊ လတ်ဗီယား၊ လစ်သူယေးနီယား၊ ယူကရိန်း နှင့် အခြားနိုင်ငံများသည် တသီးတခြားနှင့် လွတ်လပ်သော နိုင်ငံများ ဖြစ်လာကြသည်။
ယင်းသည် ငြိမ်းချမ်းစွာ ဖြစ်ပေါ် ပြောင်းလဲသွားခဲ့ခြင်းပင် ဖြစ်သည်။ နောက်ပိုင်းတွင် ရုရှားသည် ယူကရိန်း နှင့် ဂျော်ဂျီယာ နိုင်ငံများအပေါ် အင်အား အသုံးပြုလာခဲ့သည်။ ထို့ပြင် ၎င်းတို့ နှင့် မလှမ်းမကမ်း နိုင်ငံများ ၏ ဆုဲးဖြတ်ချက်များ တွင်လည်း ဩဇာ သက်ရောက်မှု ရှိနေဆဲဆိုသည်ကိုလည်း အချက် ပြလာခဲ့သည်။
ဤနေရာတွင် မှတ်သားသင့်သည့် အချက်ကား အရှေ့ ဂျာမဏီ နိုင်ငံသားများသည် အနောက်ဂျာမဏီ နှင့် ပေါင်းစည်းပြီး ဂျာမဏီဟူ၍ တစည်းတလုံး တည်း ပေါင်းစည်းနိုင်ခဲ့ခြင်းမှာလည်း ထိုနှစ်နိုင်ငံသည် တူညီသော သွင်ပြင် လက္ခဏာများ ရှိထားပြီး ဖြစ်နေသော ကြောင့် ပင်။ အမျိုးသားရေး ဝါဒသည် လူများကို တပေါင်းတစည်းထဲ ဖြစ်လာအောင် စုစည်းပေးနိုင်သလို အကွဲကွဲ အပြားပြား ဖြစ်သွားအောင်လည်း ဖန်တီး နိုင်ပေသည်။
စစ်အေး တိုက်ပွဲ ကြီး ပြီးဆုံးသွားမှု အတူ ဆိုဗီယက် ပြည်ထောင်စု နှင့် ဝါဆော စာချုပ် အဖွဲ့ကြီး ဗုံးဗုံးလဲသွားခဲ့ပြီးနောက်တွင် နေတိုး အဖွဲ့ကြီး သည် ဦးနှောက် စားစရာ ပြဿနာများ နှင့် ရင်ဆိုင်လာခဲ့ရသည်။
၎င်းတို့၏ အဓိက အန္တရာယ်ကြီး မရှိတော့၍ အဖွဲ့ကြီး ကို ဖျက်သိမ်းပစ်လိုက် နိုင်သော်လည်း ဆက်၍ ထိန်းသိမ်းထားသည့် အပြင် အဖွဲ့ဝင်သစ်များကို ပါ လက်ခံလာခဲ့သည်။ ၁၉၈၉ တွင် အဖွဲ့ဝင် ၁၆ နိုင်ငံ ရှိရာမှ နောက် နှစ်သုံးဆယ် အတွင်း ၂၉ နိုင်ငံ အထိ ရှိလာခဲ့သည်။
ထိုသို့ တိုးချံ့ ဖွဲ့စည်းရသည့် အကြောင်းက ရုရှား၏ ခြိမ်းခြောက်မှု ထွက်ပေါ်လာနိုင်ဖွယ် ရှိနေခြင်းနှင့် အနာဂတ် တွင် ဘာဖြစ်လာနိုင်သည်ကို မရေရာ မသေချာမှုများ အတွက် အရံအတား လုပ်ထားခြင်းပင် ဖြစ်သည်။ ထို့အပြင် အဖွဲ့ဝင် နိုင်ငံများတွင် ဒီမိုကရေစီ ထွန်းကားရေး နှင့် ပရော်ဖက်ရှင်နယ် စစ်တပ် အဖြစ် ရှိနေစေရေး အတွက်ပါ ကူညီ ထိန်းမတ် ပေးခဲ့သည်။
ထိုသို့ လုပ်လာခြင်းကြောင့် ဆိုးကျိုး များလည်း ရှိလာခဲ့သည်။ နေတိုးသည် တစည်းတလုံးတည်း ရင်ဆိုင် နိုင်စွမ်း ကျဆင်းလာခြင်း၊ ရုရှားကို ဖယ်ထုတ်လိုစိတ်များလာခြင်း တို့အပြင် အဖွဲ့ဝင် နိုင်ငံများ အတွက် တာဝန်ဝတ္တရား အသစ်များ ဖန်တီးလာမှု အား အများစုကမူ ယခင်က ရှိပြီးသား ပြဋ္ဌာန်းချက်များ ထက်ပိုပြီး လိုက်နာလိုစိတိ နည်းပါးလာကြခြင်းများပင် ဖြစ်သည်။