နိုင်ငံတကာ ရေးရာ မိတ်ဆက်(101)

by Hla Soewai - Jan 31 2025

"မင်းမဲ့ လူ့အစည်းအရုံး" ဟု အမည်ပေးထားခြင်းသည် စာအုပ်ပါ အကြောင်းအရာများ၏ အနှစ်သာရ ကို ပေါ်လွင်စေသည်။ သမိုင်းတလျောက် အချိန်ကာလ မရွေး မင်းမဲ့ဝါဒ ကို ဖေါ်ဆောင်လိုသော အင်အားစု များက ရှိနေတတ်စမြဲပင် ဖြစ်သည်။

 

"လူ့အစည်းအရုံး" အစား "ပရမ်းပတာ" ဆိုသည်နှင့် "စနစ်" နေရာတွင် "စနစ်တကျ မရှိခြင်း" ဆိုသည့် စကားရပ်များ အစားထိုး လာခဲ့သည်။ မည်သို့သော စကားရပ်များ ဖြစ်စေ အဓိပ္ပါယ်ကား ရှင်းလင်းစွာ ထွက်ပေါ်လာပြီး ဖြစ်သည်။ သမိုင်းတလျောက် တွင် ထိုသို့သော စကားရပ်များ၏ သွင်ပြင် လက္ခဏာ သည် ထွက်ပေါ်လာ‌ သော အင်အားစု များကို ထိန်းညှိပေးရမည် ဆိုသည့် အဓိပ္ပါယ်ကို ဆောင်လာခဲ့သည်။

 

ဥပမာ အားဖြင့် စီးပွားရေး လုပ်ငန်းတခု၏ ဝင်ငွေ ထွက်ငွေ စာရင်းဇယား နှင့် တူညီသည်။ ဝင်ငွေ နှင့် အသုံးစရိတ်၊ ပိုင်ဆိုင်ထားမှု နှင့် ပေးဆပ်ရန် ရှိသည်များ ကဲ့သို့ပင် ကမ္ဘာကြီးကို အပိုင်းပိုင်း ဖြစ်အောင် လုပ်လိုသူများ နှင့် စနစ်တကျ ဖြစ်အောင် ထိန်းသိမ်းလိုသူများ ၏ အင်အားစုများ စုပေါင်းစပ်ပေါင်း ပွန်းတိုက်လာခြင်း များ ဖြစ်သည်။

 

သမိုင်း ဝင်လာခဲ့သည့် ခေတ်ကြီး လေးခေတ် တွင် ကမ္ဘာကြီးသည် အစီတစဉ် တကျ ရွေ့လျားခဲ့သည်ကို ‌လေ့လာကြည့်မည် ဆိုက သိရှိနိုင်မည် ဖြစ်သည်။ ခေတ်သစ် ပိုင်း ရောက်လာသည့် အခါ အချုပ်အခြာ အာဏာပိုင်စိုးမှု ဆိုသည် ပေါ်ထွက်လာပြီး ကုန်သွယ်မှု နှင့် အတူ ကမ္ဘာစနစ်ကြီးသည်လည်း တိုးတက် ဖြစ်ထွန်းလာခဲ့သည်။

 

သို့သော် အမျိုးသားရေး ဝါဒ ခေါင်းထောင်လာမှု၊ အင်အား ကို မျှခြေ ဖြစ်အောင် ထိန်းညှိထားမှုများအား ယို့ယွင်း တိုက်စားလာမှု တို့ လွှမ်းမိုးလာခဲ့ပြီး ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာခဲ့ရသည်။ အလားတူပင် ဒုတိယ ကမ္ဘာစစ်ကြီးသည်လည်း သံခင်းတမန်ခင်း လမ်းကြောင်းများ ပျက်ပြား လာမှု၊ အမျိုးသားရေး ဝါဒသည် ယခင်ကထက် ရန်စွယ်ငေါငေါ နှင့် ပြန်လည် ထွက်ပေါ်လာမှု၊ ကိုယ်ကျိုးစီးပွား ကာကွယ်လိုမှု များနှင့် အင်အားချိန်ခွင်လျှာ ထိန်းညှိနိုင်ခြင်း မရှိမှု များကြောင့် ဖြစ်ပွားလာခဲ့ရပြန်သည်။

 

သို့သော် စစ်အေး တိုက်ပွဲသည် ထိုအကြောင်းခြင်းရာ များ နှင့် ကွာခြား‌နေပြီး တချိန်လုံး အေးစက်နေသည့် အဆင့်ထက် ပိုမလာခဲ့၊ ဤသည်မှာလည်း သံတမန်ရေး၊ လက်နက် ထိန်းချုပ်ရေး၊ နျူကလီယား လက်နက် မပျံပွား ရေး၊ နေတိုး မဟာမိတ် အဖွဲ့ အစရှိသည်တို့ဖြင့် သူ နိုင် ကိုယ်နိုင် အပြိုင်ကြဲနေသော ဝါဒကြီး နှစ်ခု အကြား၊ ၎င်းတို့ ကြားခံထား ဆင်နွှဲနေသော စစ်ပွဲများ၊ နျူကလီယား လက်နက် ပြိုင်ပွဲများ၊ ဂျာမဏီ နှစ်ပိုင်း ကွဲနေခြင်း အစရှိသည် တို့ကို ပြန်၍ ထိန်းကျောင်းပေးနိုင်ခဲ့သည်။

 

ရှေ့တွင် ဖေါ်ပြထားခဲ့သလို စစ်အေး တိုက်ပွဲကြီး အပြီး အသွင် လက္ခဏာများကို ကား ဆက်၍ စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။ ဘူးလ် ရေးသားထားသည့် မင်းမဲ့ သွင်ပြင်များကို ရှာ‌ တွေ့ နိုင်၍ ခက်ခဲလှသည်တော့ မဟုတ်။

 

ဒေသ အလိုက်လည်း အလားတူ ပုံစံချ၍ သုံးသပ် နိုင်သည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းတွင် အထင်အရှား တွေ့လာနေရသည်။ ထို ဒေသတွင် မင်းမဲ့စရိုက်များ အလွန်အကျွံ တွေ့လာရပြီး လက်ရှိ သွားနေသည့်ကမ္ဘာစနစ်ကြီးကို ထိမ်းသိမ်း လိုသူများ ဖက်ကလည်း အင် တိုက် အားတိုက် မရှိလှဟု ဆိုရမည် ဖြစ်သည်။

 

အာရှ တွင်အခြေအနေများ သည် တဖက်စွန်း မရောက်ဘဲ မျှခြေတွင် ရှိနေသည်။ ထို့အတွက်ကြောင့်လည်း ပြီးခဲ့သည့် ဆယ်စု နှစ်များ အတွင်း အောင်မြင်မှု များ ရလာခဲ့ခြင်း ဖြစ်သည်။

 

ဥရောပ တွင် တော့ စိုးရိမ်စရာ ဖြစ်လာနေသည်၊ ထိုဒေသတွင် ဘူးလ် ပြောသည့် လူ့အစည်းအရုံးကြီး၏ ဝိသေသ သဘောတရား များ ပွန်းပဲ့ လာနေသလို မင်းမဲ့ စရိုက် လက္ခဏာ ပေါ်ထွက်လာနိုင်သည့် အရင်းအမြစ်များ ခေါင်းထောင်ထ လာနေခြင်း ကြောင့် ပင် ဖြစ်သည်။

 

လက်တင် အမေရိကား နှင့် အာဖရိက တွင်တော့ နိုင်ငံ များ အကြား သာ စနစ်တကျ ရှိနေပြီး အချိန်အတော်များများ ဖရိုဖရဲ ဖြစ်မှု များ ရှိလာနေပြီး တခါတရံ တွင် ပို၍ ဆိုးဝါးလာသည်ကို တွေ့ခဲ့ရသည်။

 

တကမ္ဘာလုံး အတိုင်းအတာ နှင့် ဆိုက ကမ္ဘာ စနစ်ကြီး အစီအစဉ် တကျ ရှိမှု နှင့် မရှိမှုသည် ဒွန်တွဲ နေသော်လည်း ထိုနှစ်ခု အကြား ကွာဟ မှု သည် ကြီးထွားလာ‌ နေသည်။ ထိုသို့ ဖြစ်လာရခြင်းမှာလည်း အစိုးရများ နှင့် အဖွဲ့အစည်း များသည် ထိုသို့ ထိမ်းသိမ်းရန် တာဝန် ကို ထမ်းဆောင်ရန် လိုလိုလားလား မရှိကြတော့ သော ကြောင့် ဖြစ်သည်။

 

ဤသည်ကို ဂလိုဘယ် လိုက်ဇေးရှင်း နှင့် သက်ဆိုင်နေသည့် ရာသီဥတု ဖေါက်ပြန် ပြောင်းလဲမှူ ကို ထိမ်းသိမ်းရေး နှင့် ဆိုက်ဘာ အာကာသ ဆိုင်ရာများ တွင် အထင်အရှား တွေ့လာရသည်။

 

ထိုသို့ စနစ်တကျ ရှိမှု၊ မရှိမှု ကို စာရင်းချကြည့်မည် ဆိုက ထည့်သွင်းရမည့် အကြောင်းအရာများ သိသိသာသာ ပြောင်းလဲလာနေသည်ကို သတိပြုမိမည် ဖြစ်သည်၊ ထိုဖြစ်စဉ် တရပ်ရပ် မည်သို့ပင် ဖြစ်နေစေ ကာမူ နားလည် နိုင်ရန် ဆက်လက် တင်ပြ ဆွေးနွေးသွားမည် ဖြစ်သည်။ ထိုအနေအထားများ နှင့် လားရာ ‌အား ဒေသတွင်း အဆင့်၊ ကမ္ဘာအဆင့် ဖြစ်ပျက် နေသည်များ ကို နားလည် နိုင်သည့် အဆင့်အထိ ရောက်‌ အောင် အဓိက ထား၍ ‌ဖေါ်ပြသွားမည် ဖြစ်သည်။