လူသား ကွန်ယက်(1)

by Hla Soewai - Sep 30 2024

ကျွနပ်တို့ မနုသ လူ့အနွယ်ဝင် များသည် အသိလိမ္မာတရား နှင့် ဆင်ခြင်တုံတရား ရှိသူများ ဖြစ်၍ လက်တင်ဘာသာ ဖြင့် Homo (man) Sapiens (wise) ထုတ်နှုတ်ပြီး wise man Homo Sapiens ဟု ခေါ်ဝေါ်ခဲ့ကြသည်။ သို့သော်လည်း ထို နာမည် နှင့် လိုက်အောင် မည်မျှ အထိ ထိုက်တန်စွာ ပြုမူ ကျင့်ကြံနိုင်ခဲ့ပေသနည်း ဆိုသည်ကတော့ ဆွေးနွေး ငြင်းခုံစရာ ဖြစ်လာရသည်။

 

လွန်လေပြီးသော နှစ်ပေါင်း တသိန်းခန့် အတွင်း ကြီးမားလှသော စွမ်းပကားများကို အဆင့်ဆင့် ပိုင်ဆိုင်လာခဲ့ကြသည်။ ကျွနုပ်တို့ ရှာဖွေတွေ့ရှိခဲ့မှု များ၊ တီထွင် ဖန်တီးမှု များ နှင့် အောင်မြင်ကျော်လွှား နိုင်ခဲ့မှု များကို မှတ်တမ်းတင်ရမည် ဆိုက ပြောမဆုံး‌ ပေါင် တောသုံးထောင်ဟုပင် ဆိုရမည် ဖြစ်သည်။

 

သို့သော် စွမ်းပကားသည် အသိလိမ္မာ တရား မဟုတ်။ ထိုသို့ နှစ်ပေါင်း တသိန်းကျော် ကာလအတွင်းရှာဖွေတွေ့ရှိခဲ့မှု များ၊ တီထွင် ဖန်တီးမှု များ နှင့် အောင်မြင်ကျော်လွှား နိုင်ခဲ့မှုများ ရှိခဲ့ပြီး ဖြစ်သော်လည်း ယခုအခါ လူအနွယ်ဝင်များသည် ၎င်းတို့ဖာသာ ၎င်းတို့ အမြဲလို ရင်ဆိုင်ရတော့မည့် အကျပ်အတည်းကြီး ဆီ ရောက်အောင် တွန်းပို့လာခဲ့ပြီ ဖြစ်သည်။

 

ယခုအခါ ကျွနုပ်တို့ရှိ စွမ်းပကားကို တလွဲ အသုံးချလာမှု ကြောင့် သဘာဝ ပတ်ဝန်းကျင် သဟဇာတ ဖြစ်မှု သည် ပြိုလဲလုနီးပါး အခြေဆိုက်လာခဲ့ရသည်။ ထိုအခြေ ဆိုက်လာခဲ့သည့် တိုင် ကျွနုပ်တို့သည် ဉာဏ်ရည်တု AI ဟု ခေါ်သော နည်းပညာ အသစ် အဆန်းများ ဖန်တီးရင်း အလုပ်များနေကြဆဲ ဖြစ်သည်။ ထိုနည်းပညာသည် ကျွနုပ်တို့ ထိန်းချုပ် မှု အောက်မှ လွတ်ရာလွတ်ကြောင်း ဖန်တီးပြီး ကျွနုပ်တို့အား မျိုးတုံးသွားစေသည် အထိ လုပ်နိုင်သည့် အလားအလာ ရှိနေသည်။

 

ထိုသို့ အကျပ်အတည်း ကြီးများ နှင့် ရင်ဆိုင်ကြရတော့မည် အရေးကို ကျွနုပ် တို့ လူသားများသည် စုစုစည်းစည်း နှင့် ရင်ဆိုင် တွန်းလှန် ရမည့် အစား နိုင်ငံတကာ တွင် တင်းမာမှုများက မြင့်သည်ထက် မြင့်တက်လာနေ၍ တကမ္ဘာလုံး အတိုင်းအတာ ဖြင့် ပူးပေါင်း ဆောင်ရွက် နိုင်ရေးသည် ခက်ခဲလာခဲ့ရသည်။ နိုင်ငံများသည် ကမ္ဘာဖျက် လက်နက်များကို စုဆောင်းသိုမှီးလာကြသည်။ ကမ္ဘာစစ်ကြီး နောက်တကြိမ် ဖြစ်ပွားလာမည်လား ဆိုသည့် အမေးကို မဖြစ်နိုင်ဟု ပြော၍ မရတော့ပေ။

 

ကျွနုပ်တို့သည် အသိဉာဏ် နှင့် ပြည့်စုံသူများ ဆိုလျင် အဘယ်ကြောင့် ကိုယ့်ကို ကိုယ် ပျက်စီးစေမည့် အရေးကို ဖန်တီးနေကြရသနည်း။

 

နက်ရှိုင်းသည့် ပညာရပ်ပိုင်းတွင် DNA မော်လီကျုး များမှသည့် ဝေးကွာလှသည့် နဂါးငွေ့တန်းများ ပါမကျန် သတင်း အချက်အလက် များကို လက်ကုန်နှိုက်ခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း အဆိုပါ အချက်အလက်များသည် ဘဝ ဆိုသည်က အဘယ်နည်း၊ ကျွနုပ်တို့သည် မည်သူတွေလဲ၊ ကျွနုပ်တို့ ဘာကို မျှော်မှန်းတောင့်တ သင့်သလဲ၊ ကောင်းမွန် ပြည့်စုံသော ဘဝ မျိုး ဆိုသည်က အဘယ်နည်း၊ ထိုဘဝမျိုး တွင် အဘယ်ပုံ အဘယ်နည်း နေထိုင်သွားသင့်သနည်း အစရှိသည့် မေးခွန်းများ၏ အဖြေကိုတော့ ထုတ်‌ ပေး နိုင်စွမ်း မရှိခဲ့ကြ။

 

ကျွနုပ်တို့ တွင် သတင်းအချက်အလက်များ ကြောက်ခမန်းလိလိ တောင်ပုံရာပုံ ရှိနေသော်ငြားလည်း ရှေးခေတ် ဘိုးဘွား ဘီဘင်ကြီးများလိုပင် စိတ်ကူးယဉ် နယ်ပယ် နှင့် ထင်‌ယောင်ထင်မှား လှည့်ဖျား ခံရသည့် အဖြစ်သနစ်များ ထဲက ရုန်းမထွက် နိုင် ရှိနေဆဲပင် ဖြစ်သည်။

 

နာ‌‌ဇီဝါဒ နှင့် စတာလင်ဝါဒ များသည် ခေတ်သစ် လူ့အစည်းအရုံး တွင် အခါအား‌ လျှော်စွာ လူများ အုံနှင့် ကျင်းနှင့် အတူတကွ ရူးသွပ်ခဲ့ကြဖူးသည် ဆိုသည်ကို ပြဆိုနိုင်သည့် အနီးစပ်ဆုံး နမူနာ များပင် ဖြစ်သည်။

 

ယနေ့ခေတ် လူသားများသည် ကျောက်ခေတ်ကထက် သတင်းအချက် အလက်များ နှင့် စွမ်းပကား များ ပို၍ ပိုင်ဆိုင်ထားကြသည်ကို မည်သူမျှ စောဒက တက်ကြမည် မဟုတ်ပေ။ သို့သော် စကြာဝဠ ကြီးအတွင်း ကျွနုပ်တို့၏ အခန်းကဏ္ဍ နှင့် ကျွနုပ်တို့၏ အကြောင်းကို ပိုမို ကောင်းမွန်စွာ နားလည်လာခဲ့ ကြသည် ဆိုသည်ကိုကား တပ်အပ်သေချာ ပြောနိုင်စွမ်း မရှိ ဖြစ်နေဆဲပင်။

 

ကျွနုပ်တို့သည် အချက်အလက်များ နှင့် စွမ်းပကားများ တဆင့်ပြီး တဆင့် တိုးတက် သိုမှီး နိုင်စွမ်း ရှိကြသော်လည်း အသိ လိမ္မာတရား ပိုင်းတွင် ထိုမျှ လောက် အောင်မြင်နိုင်ခဲ့ခြင်း မရှိသည်က အဘယ်ကြောင့်နည်း။

 

သမိုင်းစဉ် တလျောက် အစဉ်အလာ ယုံကြည်ချက်များကို ဆန်းစစ် ကြည့်မည်ဆိုက ကျွနုပ်တို့တွင် ရှိ ကြောက်မက်ဖွယ်ရာ အားနည်းချက်များ ကြောင့် မည်သို့မည်ပုံ ကိုင်တွယ်ရမည် ဆိုသည်ကို မသိသော စွမ်းပကားများကို ရယူရန် သွေးဆောင်ခြင်း ခံ ခဲ့ကြဖူးသည်ကို ‌တွေ့ကြရမည် ဖြစ်သည်။

 

ဂရိ ဒဏ္ဍာရီ များ တွင် ဖာသွန် ဆိုသည့် လူငယ်လေးသည် ‌သူသည် ဟီလီရိုစ် နေနတ်မင်းကြီး၏ သားတော် ဖြစ်သည် ဆိုသည်ကို သိရှိသွားခဲ့သည်။ ထိုအခါတွင်တော့ သူသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသည် ဆိုသည်ကို လူအများ ရှေ့သက်သေထူနိုင်ရန် ဖခင် နေနတ်မင်းကြီး၏ မြင်းရထားကို မောင်းနှင်ခွင့် ပြုဖို့ အတင်းအကျပ် တောင်းဆိုလာခဲ့သည်။

 

ဟီလီရိုစ်မှ မည်သည့် လူသားမှ နတ်မြင်း ပျံ များ ကကြိုး ဆင်ထားသော နေနတ်ရထားကို ထိန်းကျောင်းမောင်းနှင် နိုင်စွမ်း မရှိဟု ဆိုကာ သတိပေး တားမြစ်လာသည်။ သို့သော် ဖာသွန်က မရမက ပူဆာသဖြင့် ဟီလီရိုစ်လည်း နောက်ဆုံးတွင် လက်လျော့လိုက်ရသည်။

 

ဖာသွန်သည် နေနတ်ရထားကို ကောင်းကင်ပြင်တွင် ဝံ့ဝံ့ကြွားကြွား မောင်းနှင်လာခဲ့ပြီး မကြာမီမှာပင် မထိန်းနိုင် ဖြစ်လာသည်။ နေလုံးကြီးသည် လည်း လမ်းကြောင်းမှ တိမ်းစောင်းသွားခဲ့၍ စိုက်ခင်းများ အားလုံးကို မြေလှန် မီးရှို့လိုက်သလို ဖြစ်သွားခဲ့ရသည်။ လူ အ‌ မြောက်အမြား လည်း သေဆုံးကုန်ပြီး နောက်ဆုံးတွင် ကမ္ဘာမြေကြီး မီးလောင် ဖျက်စီး ခံရလုနီးနီး အခြေစိုက်လာခဲ့သည်။

 

နောက်ဆုံးတွင် နတ်ဘုရားတို့၏ အကြီးအကဲ ဖြစ်သူ ဇီရု (ဇုစ်) နတ်မင်းကြီးသည် မနေသာတော့ပဲ ဖာသွန်အား ဝရဇိန် လက်နက် နှင့် ပစ်ခွင်းခဲ့ရသည်။

 

မောက်မာလှသော ဖာသွန်သည်လည်း ကောင်းကင်ယံ မှ ကြယ်တပွင့် ကြွေကျသလို မြေခကာ မီး လောင် ကျွမ်း ခံခဲ့ရသည်။ ထို့နောက် နတ်ဘုရားများက ကောင်းကင်ပြင်ကို ပြန်၍ ထိန်းချုပ်ကာ ကမ္ဘာကြီး မီးလောင် ပြာကျမည့် အရေးမှ ကယ်တင်နိုင်ခဲ့ကြသည်။

 

ဆက်လက်တင်ပြသွားပါမည်။

 

စာရေးသူ ပါမောက္ခ ယူဗယ် နိုအာ ဟာရာရီ သည် အသက်အားဖြင့် ၄၈ နှစ်သာ ရှိသေးသော်လည်း ကမ္ဘာ တဝှမ်း ဘီလ်ဂိတ်၊ အိုဘာမား တို့ မကျန် ၎င်းရေးသား ပြုစုသော ကျမ်းများကို တလေးတစားနှင့် လေ့လာဖတ်ရှု ကြရသော သမိုင်းပညာရှင် နှင့် ဒဿန ဗေဒ ကျမ်းပြု ပညာရှင် အဖြစ် ထွက်ပေါ်လာခဲ့သည်။

 

ယခု ၎င်း၏ နောက်ဆုံး လက်ရာ ဖြစ်သော NEXUS တွင် လူအနွယ်ဝင်များသည် သဘာဝ အရိုင်း၏ ဖန်တီးခံ အဖြစ်မှ စတင်ရုန်းကန် တွန်းလှန်လာကြသည့် ကျောက်ခေတ် မှသည် လက်ရှိ ဉာဏ်ရည်တု ခေတ်ကြီး အထိ သတင်း အချက်အလက် များ စုစည်းပေါင်းစပ်ကာ အသိလိမ္မာ တရား ကို ဆန့်ထုတ် လာနိုင်ရာ မှ ကမ္ဘာကြီးကို အကျိုးပြုခဲ့ပုံ မှ အကျိုးမဲ့သည်အထိ ဖြစ်လာပုံကို တင်ပြထားခြင်း ဖြစ်သည်။

 

၎င်းသည် Sapien: Brief History of Humankind (2014), Homo Deus: Brief History of Tomorrow (2016), 21 lessons for the 21st Century (2018) စာအုပ်များ ရေးသား ပြုစုခဲ့ပြီး ဖြစ်သည်။ အုပ်ရေပေါင်း ၄၅ သန်း အထိ ရောင်းချခဲ့ပြီး ဘာသာပေါင်း ၆၅ ခုအထိ ပြန်ဆို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

 

ဟာရာရီသည် အသက် ၂၈ နှစ် တွင် အောက်စဖို့ တက္ကသိုလ်ကြီးမှ Ph.D ဘွဲ့ကို ရရှိခဲ့ပြီး ဂျေရုဆလင်ရှိ ဟီဘရူး တက္ကသိုလ် သမိုင်းဌာန တွင် ကထိက အဖြစ် လုပ်ကိုင်လျက် ရှိသည်။ ကင်းဘရစ်ခ်ျ တက္ကသိုလ် တွင် လည်း သုတေသန ပညာရှင် အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။