သတိ - မင်းအောင်လှိုင် ရှိနေသည်

by Hla Soewai - Jan 03 2023

အာဏာသိမ်း စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ၂၀၁၈ ဒီဇင်ဘာ မှ စ၍ ရေတွက်မည် ဆိုလျှင် ၂၁ ကြိမ် မြောက် အပစ်အခတ် ရပ်စဲရေး ကို နှစ်ကုန်အထိ တိုးမြှင့်လိုက်ပြီ ဖြစ်သည်။

 

ထိုသို့ အကြိမ် နှစ်ဆယ်ကျော် အပစ်ရပ်စဲရေး တိုးမြှင့် ခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နှစ် မရေတွက်နိုင်အောင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဖြစ်သည်မှာလည်း ကမ္ဘာသိပင် ဖြစ်သည်။

 

ယခုလို အပစ်ရပ်စဲရေး ကျေညာခြင်းဖြင့် တပ်မတော် ခေါင်းဆောင်များသည် လွန်စွာမှ ငြိမ်းချမ်းရေးကို လိုလား သူ များဖြစ်ပြီး၊ မိမိတို့အား တိုက်ခိုက်လာမှသာ မတတ်သာ၍ လက်တုန့်ပြန်ရသူ များအဖြစ် လက်အောက် ငယ်သားများ အကြား အထင်ရောက်စေရန် ဖြစ်သည်။ သို့မဟုတ်ပါက နှစ်ပေါင်း ၇၀ လုံးလုံး မည်သည့်အဖွဲ့ ကိုမျှ အပြီးအပိုင် ချေမှုန်း နိုင်ခြင်း မရှိပါဘဲလျှက် မိမိတို့ အသက်များ အကြောင်းမဲ့ ဆုံးရှုံးနေသည့် အဖြစ်အား အပြစ်မြင်လာမည်ကို တွက်ဆထားသောကြောင့်လည်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် အာဏာကို တင်းကျပ်သည်ထက် တင်းကျပ်အောင် ဆုပ်ကိုင် ထားနိုင်ရေး အတွက် ဗျူဟာ သုံးရပ်ကို ၂၀၂၃ အတွက် ချမှတ်ထားပြီး ဖြစ်သည်ဟု ဝါရင် သံတမန် တဦး နှင့် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဟောင်း ခရစ်ရှနား ဆရီနီဗာဆန် မှ အိန္ဒိယ တယ်လီဂရပ်ဖ် သတင်းစာ တွင် ထောက်ပြလာခဲ့သည်။

 

အာဆီယံသည် ယခုအခါ အင်ဒိုနီရှား ဦးဆောင်မှု အောက်တွင် မြန်မာ နှင့် ပတ်သက်၍ ကာလများစွာ ကျင့်သုံး ခဲ့သော constructive engagement ခေါ် အပြု သဘော ဆောင်သည့် ထိတွေ့ဆက်ဆံမှုမျိုး ကို စွန့်လွှတ်ရန် ခြေလှမ်းပြင်လာကြလေသည်။ ထိုသို့ လုပ်နိုင်ရန်လည်း ကုလ လုံခြုံရေး ကောင်စီမှ ဆုံးဖြတ်ချက် ၂၆၆၉ ဖြင့် လက်နက်တပ်ဆင်ပေးလိုက်ပြီလည်း ဖြစ်သည်။

 

တဖန် အမေရိကန်မှ NDAA ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်၍ ပူးတွဲ ပါလာသည့် BURMA ACT သည်လည်း ဥပဒေကြောင်းအရ အသက်ဝင်လာခဲ့သည်။ ထိုအက်ဥပဒေတွင် လက်နက်ထောက်ပံ့ရေးကို အတိအကျ ရည်ညွှန်း ဖေါ်ပြထားခြင်း မရှိသော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ပြည်သူ့ကာကွယ်ရေး တပ်မ တော်မှ မိမိတို့ တော်လှန်‌ရေးအား ထောက်ခံမှု အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုလာခဲ့ကြပြီ ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့မှ အပြင်းအထန် ကန့်ကွက်ပြီး အမေရိကန် သံရုံးရှေ့တွင် နေ့စား အမာခံများ နှင့် ကန့်ကွက် ဆန္ဒပြပွဲများ စီစဉ်လာခြင်းကပင် ၎င်းတို့လည်း ထိုသို့ အဓိပ္ပါယ် ဖွင့်ဆိုလာခဲ့သည်မှာ ထင်ရှားနေပေသည်။

 

လက်ရှိတွင် အကြမ်းဖက် စစ်တပ်သည် အင်အား အလွန်အကျွံ သုံးခဲ့သော်လည်း နိုင်ငံတနိုင်ငံလုံး ဆင်နွှဲနေသော ခုခံ တွန်းလှန်စစ် ကို နှိမ်နှင်းနိုင်ခြင်း မရှိရုံမျှမက ကချင် နှင့် ကရင် လက်နက်ကိုင် အဖွဲ့များ နှင့် တိုက်ပွဲများတွင် အကျအဆုံး လွန်စွာ များပြားလာခဲ့သည်ဟု ဆိုသည်။

 

စစ်တပ်သည် မစ္စတာ ရှောင်တန်နဲလ်၊ မစ္စက်ဗစ်ကီ ဗိုမင်း ကဲ့သို့ အကျဉ်းသားများ လွှတ်ပေးခြင်း၊ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းခြင်း အစရှိသည့် လုပ်ရပ်များသည် ၎င်းတို့ သွားနေသည့် လမ်းကြောင်းကို ပြောင်းလဲဖို့ထက် ဗျူဟာ တရပ် အနေဖြင့်သာ ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ စစ်တပ်သည် သုံးလမ်းသွား three-prong strategy ဖြင့် ၎င်းတို့ အုပ်ချုပ်‌ရေး ကို တင်းကျပ်စွာ ဆုပ်ကိုင်သွားရေး အတွက် ကျင့်သုံးသွားရန် စဉ်းစားလာ နေပြီ ဟု ဆောင်းပါးရှင်က ချပြလာခဲ့သည်။

 

ပထမဆုံး အနေဖြင့် ၎င်းတို့အား ဆန့်ကျင် တိုက်ခိုက်နေသူများ အပြီးအပိုင် ချေမှုန်းသွားရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် နည်းမျိုးစုံ သုံး၍ အပစ်အခတ် ရပ်စဲရေး ဖေါ်ဆောင်သွားရန်။

 

ဒုတိယ အနေဖြင့် “ငြိမ်းချမ်း တည်ငြိမ်ရေး” ဖေါ်ဆောင်ရေး အတွက် ဆိုကာ ရွေးကောက်ပွဲ ကျင်းပသွားရန် ဖြစ်သည်။ ထို‌ရွေးကောက်ပွဲ အား လည်း နိုင်ငံတကာ မှ အယုံအကြည် ရှိလာစေရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ renegade ခေါ် ဖေါက်ပြန်ရေး သမား အချို့ နှင့် လက်တဆုပ်စာ တိုင်းရင်းသား ပါတီများ ပါလာ စေရန် သွေးဆောင်ကာ ကျင်းပသွားမည်။ သို့သော် ထိုရွေးကောက်ပွဲ အား အဖွဲ့အစည်း အသီးသီးမှ လက်မခံ ကြသည့် အပြင် ကရင် အမျိုးသား အစည်းအရုံး ကေအင်ယူ မှ ၎င်းတို့ဖာသာ တရားဝင် ဖြစ်အောင် ကြိုးပမ်းမှု ဆိုကာ ပယ်ချခဲ့သည်။

 

တတိယ အနေဖြင့် လက်ရှိ ရွေးကောက်ပွဲ စနစ် first-past-the-post ဖြစ်သည့် မဲအများဆုံး ရရှိသူ အနိုင်ရ စနစ် အစား ပီအာ ဟု အများသိထားသည့် proportional representation စနစ် ပြောင်းလဲပစ်ရန် ဖြစ်သည်။ ဤစနစ်သည် ကိုယ်စားလှယ် လောင်း တဦးစီ၏ မဲအရေအတွက် နှင့် မဆုံးဖြတ်ဘဲ ပါတီတခု မဲရာခိုင်နှုန်း မည်မျှ ရရှိသည် ဆိုသည် အပေါ် မူတည်ပြီး လွှတ်တော်တွင် ကိုယ်စားပြုခွင့် အမတ်အရေ အတွက်ကို သတ်မှတ်ပေး ခြင်းဖြစ်သည်။ ထို စနစ်ဖြင့် ၎င်းတို့နှင့် ပူးပေါင်းလာမည့် တိုင်းရင်းသား ပါတီငယ်လေးများ၊ လက်ဝေခံ ဖွဲ့စည်း ထားသော ပါတီလေးများ အား လွှတ်တော်ထဲတွင် ထည့်သွင်းပေးနိုင်မည် ဖြစ်ပြီး မည်သည့် ပါတီမျှ လွှတ်တော်တွင် လူများစု ပါတီ ဖြစ်မလာ နိုင်အောင် စီမံလာခြင်းပင် ဖြစ်သည်။

 

၎င်းတို့ စိတ်ကူးယဉ်နေကြသည့်အချက်က ထိုရွေးကောက်ပွဲ အား အတုအယောင်ဟု အစပိုင်းတွင် ကန့်ကွက်နေကြသော်လည်း “ရွေးချယ်တင်မြှောက်ခံ အစိုးရ” ဖြစ်လာသည့်အခါ မတတ်နိုင်တော့ ဆိုကာ သုံသုံမှုံမှုံ နှင့် တဖြေးဖြေး အသိအမှတ်ပြုလာကြမည်ဟူ၍ ဖြစ်သည်။

 

သို့သော် ၎င်းတို့ အပေါ် ပြည်သူတရပ်လုံးက ရွံရှာနေမှုများ က တနေ့တခြား ကြီးထွားသည်ထက် ကြီးထွားလာနေပြီး မည်သည့် အထင်ကရ ပါတီကြီး တခုတလေမျှ ရွေးကောက်ပွဲတွင် ပါဝင်ကြဖို့ မရှိသည့်အပြင် အဓိက အာဆီယံ နိုင်ငံကြီးများ ၏ အမြင် မကြည်လင်မှု ဖြစ်လာနေသော အနေအထား တွင် ၎င်းတို့ လိုလားနေသည့် အသိအမှတ်ပြု ခံရရေး သည် ဖြစ်လာနိုင်မည် မဟုတ်သည့်အပြင် လာမည့် လများ အတွင်း အကြမ်းဖက်မှုများသား တိုးပွားလာဖွယ် ရှိနေသည်ဟု ဆိုသည်။

 

ဂျပန် တိုင်းမ် သတင်းစာက အကြမ်းဖက် စစ်တပ်သည် တရုတ်၊ ရုရှား၊ အိန္ဒိယ တို့ မှ ထောက်ခံနေမှု များ နှင့် ကုလ ဆုံးဖြတ်ချက်များ အား အီရန်၊ မြောက်ကိုရီယား တို့၏ ကြံ့ကြံ့ခံ ရင်ဆိုင်နေမှု များ ကို အတုယူကာ လက်ရှိ အကြမ်းဖက်နေမှုများ အား လျော့ချဖို့ အလားအလာ မရှိဟု ရေးသားထားသည်။

 

နိုင်ငံတကာ မှ တောင်းဆိုနေသလို ရင်ကြားစေ့ရေး စားပွဲဝိုင်းသို့ ရောက်လာရန် စိတ်ကူးမရှိပဲ ထိုသို့ ဆက်လက် ၍ အကြမ်းဖက် နေသမျှ ၎င်းတို့အား နိုင်ငံတကာ မှ အသိအမှတ် ပြုရေးသည် ဝေးသည်ထက် ဝေးနေဖို့သာ ရှိပြီး catch-22 ကဲ့သို့ ဂျာအေး သူ့အမေရိုက် သလိုသာ ချာလပတ်ရမ်း သွားနေဖို့သာ ရှိပေသည်။

 

၎င်းတို့ အဖို့ ထိုသို့ ထွက်ပေါက် ပိတ်နေမှု များ အကြားတွင် မိမိတို့၏ တော်လှန်ရေး အား နှင့် ဖြစ်နိုင်သည့် နည်းလမ်း မျိုးစုံ No holds Barred ဖြင့် အောင်မြင်အောင် ဖေါ်ဆောင်သွားမည်ကိုသာ စဉ်းစား ဆုံးဖြတ် လုပ်ဆောင်သွားရတော့မည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!