လူပျိုပေါက် အသက် ၁၇ နှစ်သာ ရှိသေးသည့် အက်ဆန် အာရန်တေး ဒို နာစီမင်တို သည် ၁၉၅၈ ခုနှစ် ဆွီဒင် ကမ္ဘာ ဖလားပွဲ တွင် ပီလီ ဟူသော အမည် ဖြင့် ထင်ရှားကျော်ကြားသည့် ကစားသမား ဘဝ သို့ နေ့ချင်း ညချင်း ရောက်ရှိသွားခဲ့သည်။ သူ၏ ကစားပုံ ကစားကွက်၊ ပြိုင်ဖက် ကင်းလှသည့် ဘော်လုံး ထိန်းသိမ်းမှု အတတ်ပညာ ဖြင့် ဘရာဇီး အတွက် ပထမဆုံးအကြိမ် ကမ္ဘာဖလား ကြီးကို အရယူ ပေးနိုင်ခဲ့သည်။ နောက်ပိုင်း ၁၉၆၂ နှင့် ၁၉၇၀ နှစ်များ တွင်လည်း ဆွတ်ခူးပေးနိုင်ခဲ့သည်။ ၁၉၆၆ ပွဲတွင်မူ တဖက်အသင်းများ ဖြစ်သည့် ပေါ်တူဂီနှင့် ဘူဂေးရီယား အသင်းများ၏ ကြမ်းကြမ်းတမ်းတမ်း ပိတ်ဆို့ ကစားလာမှု ကို ဒိုင်လူကြီး ဖြစ်သူက လုံလောက်စွာ ကာကွယ် မပေးနိုင်ခဲ့သဖြင့် စောစီးစွာ ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရသည်။
အာဂျင်တီနား ကစားသမား သုံးဦးဖြစ်ခဲ့သည့် အယ်ဖရက်ဒို ဒီ စတီဖန်နို၊ ဒီဂို အာမန်ဒို မာရာဒိုနာ နှင့် လီယွန်နယ် မက်ဆီ တို့အား ကမ္ဘာ အကောင်းဆုံး ဘော်လုံး ကစားသမား အဖြစ် ပြောဆိုခဲ့ကြသော်လည်း ဘော်လုံးပညာ နှင့် ပတ်သက်၍ အမှန်ကန်ဆုံး သုံးသပ်နိုင်ခဲ့သူများ နှင့် ယခင် ကစားသမားဟောင်းများက ပီလီသည်သာ Goat (Greatest of all times) အဖြစ် တညီတညွတ်တည်း ယုံကြည်ထားခဲ့ကြသည်။
ကာလကြာမြင့်စွာ ခံစားခဲ့ရသော ကင်ဆာ ရောဂါ အား အသက် ၈၂ နှစ်ရှိပြီ ဖြစ်သော ပီလီသည် ဆောက်ပေါလို ဆေးရုံကြီးတွင် လက်မြှောက်အရှုံးပေးပြီး ဒီဇင်ဘာ ၂၉ ရက်တွင် လူလောက ကို စွန့်ခွာသွားခဲ့ပြီ ဖြစ်သည်။
သူ၏ သက်တမ်း တလျှောက် ပွဲပေါင်း ၁,၃၆၃ ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း ၁,၂၇၉ ဂိုး သွင်းယူနိုင်ခဲ့၍ မည်သူမျှ စံချိန် ချိုး နိုင်မည် မဟုတ်သော ကမ္ဘာစံချိန် ကို တင်နိုင်ခဲ့သူလည်း ဖြစ်သည်။
ပီလီသည် ကွင်းထဲရောက်လျှင် သူ လုပ်ချင်တာမှန်သမျှ ဖြစ်အောင် အလှပဆုံး ဖန်တီး နိုင်စွမ်း ရှိသူ ဖြစ်သည်ဟု ၁၉၇၀ တွင် ဘရာဇီး အသင်းကို ရှုံးနိမ့်သွားခဲ့သော အင်္ဂလန် ဘော်လုံး အသင်း ကက်ပတိန် ဘော်ဘီ မိုးက ထုတ်ဖေါ်ပြောဆိုခဲ့ဖူးသည်။
ပီလီသည် မီနာ ဂျရိုက်စ် ပြည်နယ် အနောက်တောင် ပိုင်း ရှိ မြို့ငယ်လေးတွင် ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူ၏ ဖခင်သည် အလားအလာ ရှိသော ထူးချွန်သည့် ဘော်လုံး သမား ဖြစ်ခဲ့သော်လည်း ထိုစဉ်က မစို့တပို့ အခကြေးငွေ ဖြင့် ကစားခဲ့ရသူ ဖြစ်ပြီး ဒဏ်ရာ အနာတရ ဖြစ်လာ၍ ဘော်လုံး လောက မှ စောစီးစွာ အနားယူခဲ့ရသည်။ သူ၏ ဘဝကိုလည်း သားဖြစ်သူ အား လေ့ကျင့်ပေးခြင်းဖြင့် မြုပ်နှံခဲ့သည်။ လေ့ကျင့်ရာတွင်ပင် ခြေအိပ်အဟောင်းများ၊ အဝတ်စုတ်များ အား ဘော်လုံးသဖွယ် ဖြစ်အောင် လုံး၍၎င်း၊ ကျွဲကောသီး များ ကို သုံးခဲ့ရသည်။
အသက် ၁၅ နှစ် အရွယ်တွင် ပီလီ ဖြစ်လာမည့် အက်ဆန် အား ဆန်တို့စ် ကလပ်အသင်းမှ မျက်စိကျပြီး ခေါ်ယူသွားခဲ့သည်။ ပီလီကြောင့်ပင် ထိုကလပ်အသင်းသည် ဥရောပ ကလပ်အသင်းများ နှင့် ယှဉ်ပြိုင်ရသည့် အင်တာကွန်တီနင်တယ် ဖလား ကို ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာတွင် အကောင်းဆုံး အသင်း ဖြစ်လာခဲ့သည်။
ဘရာဇီး ပြဇာတ်ရေးဆရာ နှင့် သတင်းစာဆရာ တဦး ဖြစ်သူ နယ်ဆန် ရော်ဒရီးဂွက်စ် သည် ဆန်တို့စ် အသင်းတွင် ပီလီ ကစားပုံ ကစားကွက် ကို မျက်စေ့ကျသွားပြီး ၎င်းအား ထိုစဉ်က အရှုံးနှင့် ရင်ဆိုင်နေရပြီး စိတ်ဓါတ်ရေးရာ ချွတ်ခြုံကျနေသည့် ဘရာဇီး အမျိုးသား အသင်းတွင် ထည့်သွင်းကစားရန် မရမက ကြိုးစားလာ၍ ပီလီသည် ၁၉၅၈ တွင် ပြုလုပ်သည့် ဆွီဒင် ကမ္ဘာဖလားပွဲသို့ လိုက်ပါခွင့် ရသွားခဲ့သည်။
ပီလီသည် အရပ်အားဖြင့် ငါးပေ ရှစ်လက္မ သာ ရှိ၍ အရပ်အမြင့်ကြီးဟု ပြော၍ မရသော်လည်း သူ၏ အထူးချွန်ဆုံး ကျွမ်းကျင်မှုသည် ကွင်းထဲတွင် နေရာယူတတ်ခြင်း၊ ကစားပွဲ ၏ အနေအထားကို မှန်ကန်စွာ အကဲဖြတ်နိုင်စွမ်း ရှိခြင်းနှင့် ဘော်လုံး နှင့် ခြေထောက်ကို သံလိုက်နှင့် ကပ်ထားသလို ထိန်းသိမ်း နိုင်ခြင်းတို့ပင် ဖြစ်သည်။ ထိုအတွက် အမြဲလို အချိန်ကိုက် နေရာယူ မှန်စွာ ကစားနိုင်ခဲ့သူ ဖြစ်လာသည်။ ပြိုင်ဖက် ကစားသမားများ၏ လှုပ်ရှားလာမှုကို ကြိုတင် မှန်းဆနိုင်ပြီး ဘယ်ချောက်ညာယိမ်း ဖြင့် ဘော်လုံးကို လိမ်ခေါက်ယုံမက ပြေးနေရာ မှ ရုတ်ခြည်း ရပ်ပစ်နိုင်ပြီး ရပ်နေရာမှလည်း တဟုန်ထိုး ပြေးနိုင်သူလည်း ဖြစ်သည်။ ဘယ်ခြေရော ညာခြေပါ ကျွမ်းကျင်စွာ အသုံးပြု နိုင်သူလည်း ဖြစ်ပြန်သည်။
၁၉၇၀ ကမ္ဘာဖလားပွဲတွင် အီတလီနှင့် ယှဉ်ပြိုင်ခဲ့ရာ ပီလီ ကို ထိန်းဖို့ တာဝန်ပေးခံရသူသည် နောက်တန်းလူ တာစီဆီရို ဘာခ်နစ်ချ် ဖြစ်သည်၊ သူသည် ပွဲမစမီကပင် ပီလီသည်လည်း အများတကာလို သွေးနှင့်ကိုယ် သားနှင့်ကိုယ် ဖြစ်၍ ဘာများ စိုးရိမ်စရာ လိုမည်နည်း ဟူသော စိတ်ဖြင့် ကစားကွင်းထဲ ဝင်လာခဲ့သော်လည်း သူ၏ တွေးခေါ်မှုသည် မှားယွင်းကြောင်း နောက်ပိုင်းတွင် ဝန်ခံ ပြောဆိုခဲ့ရသည်။ ထိုပွဲတွင် ပီလီသည် သူထက် ခေါင်းဦးအောင် တိုက်ကာ ပထမဆုံး ဂိုးကို သွင်းယူ နိုင်ခဲ့သည်။
ဥရောပကလပ်အသင်းများက ပီလီ ကို ခေါ်ယူရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ဆန်တို့စ်ကလပ် အသင်း နှင့် ဘရာဇီး အစိုးရ က ပယ်ချခဲ့သည်။ ပီလီခေတ်တွင် ဘော်လုံးလောကသည် ယခုအခါ လို ကမ္ဘာ စီးပွားရေး လုပ်ငန်းကြီး ဖြစ်မလာသေးပဲ ဘရာဇီး နိုင်ငံသားများပင် ဆွီဒင် ဖလားပွဲကို ပွဲပြီး တလ အကြာမှ ဖလင်ပြား မှ တဆင့် ကြည့်ခွင့်ရခဲ့သည်။
ယခုခေတ်တွင်ဆိုက ပီလီသည် ဘီလီယံနာ တဦး ဖြစ်နေမည်မှာ မြေကြီးလက်ခတ် မလွဲပေ၊ အသက် ၃၄ နှစ်တွင် ဘော်လုံး လောကမှ အနားယူပြီးနောက် အမေရိကန် တွင် ဘော်လုံး ခေတ်စားလာရန် ကမ်းပိန်း ကို စတင်ခဲ့ပြီး သူကိုယ်တိုင်လည်း နယူးယောက် ကောစမို အသင်းတွင် ပါဝင်ခဲ့သည်၊ ပီလီသည် ကမ္ဘာဘော်လုံး သံတမန်တဦး ဖြစ်လာခဲ့သည်။
၁၉၆၄-၈၅ အတွင်း ဘရာဇီးတွင် စစ်အာဏာရှင်များ ကြီးစိုးနေချိန် ဖြစ်၍ ပီလီသည် မပတ်သက်အောင် ကင်းကင်း နေခဲ့သည်။ နောက်ပိုင်း ဒီမိုကရေစီ ထွန်းကားလာချိန် ၁၉၉၄ တွင် ထိုစဉ်က သမ္မတ ဖြစ်သူ ဖာနန်ဒို ဟင်နရီကေး ကာဒိုဆို မှ အားကစား ဝန်ကြီး အဖြစ် တာဝန်ပေးလာသည်ကို လက်ခံ ဆောင်ရွက်ခဲ့သည်။ ဘရာဇီး ဘော်လုံး လောကကို သန့်စင်ပစ်ရန် ဥပဒေကြမ်း ရေးဆွဲ တင်သွင်းခဲ့သော်လည်း လော်ဘီ သမားများ နှင့် ကွန်ဂရက်၏ ကိုယ်ကျိုး ရှာ အမတ် အများစု ကြောင့် အောင်မြင်ခဲ့ခြင်း မရှိပေ။
ပီလီသည် ဘော်လုံးလောက တွင် ဘုရားငယ်တဆူ အလား ဖြစ်ခဲ့သော်လည်း သူ၏ ဘဝကတော့ ဖရိုဖရဲ ဖြစ်နေသည်၊ အိမ်ထောင် သုံးဆက် ကျခဲ့ပြီး သားသမီး ခုနှစ်ယောက် ထွန်းကားခဲ့သည်။
ပီလီ၏ ဘိုးဘွား ဘီဘင်များသည် ကျွန်များ ဖြစ်သော်လည်း ပီလီသည် ထိုစဉ်က မိုဟာမက် အလီ နှင့် အတူ ကမ္ဘာ အထင်ရှားဆုံး လူမည်း အားကစားသမား တဦး အဖြစ် ရပ်တည်ခဲ့သူ လည်း ဖြစ်သည်။
(၂၀၂၂ ဒီဇင်ဘာ ၂၉ ရက် နေ့ အီကော်နော်မစ် မဂ္ဂဇင်းပါ “Pele, king of the beautiful game” ဆောင်းပါးကို ကောက်နှုပ်တင်ပြသည်)