လျှောက်ခဲ့သည့်လမ်း၊ လျှောက်ဦးမည့်လမ်း

by Hla Soewai - Dec 27 2022

အာဏာသိမ်းပြီးချိန်မှစ၍ တခါတရံ ခရီးထွက်၊ သင်တန်း တက်ရသည် များက လွဲ၍ ကျွန်တော် ပို့စ်များကို အမြဲ ရေးတင် ဖြစ်ခဲ့သည်ချည်းပင်။

 

ကျွန်တော် ပို့စ်များ အောက်တွင် ကျန်းမာပါစေကြောင်း မေတ္တာပို့သ ပေးသူ အားလုံးကို တဦးချင်း အကြောင်းမပြန်နိုင်၍ အားလုံးကို ကျေးဇူတင်ကြောင်း၊ ကျွန်တော် အတွက်လည်း အားဖြစ်ရကြောင်း ဒီနေရာ မှ ပြောပါရစေ။

 

အချို့ကလည်း ကျွန်တော် ပို့စ်များ ကြောင့် အား ဖြစ်ရသည်ဟု ပြောလာသည့် အခါတွင်တော့ ကျွန်တော် အဖို့ ခေါင်းကြီးရသည်။ အားဖြစ်စေမည့် မိုတီ များ ရှာကြံ ရေးရမလို ဖြစ်နေသည်။ ထိုသို့ ရေးမည်ဆိုက အမှန်သည် ပျောက်ကွယ်သွားတတ်သည်ကို အထူး သတိထားရသည်။

 

ကျွန်တော်၏ တာဝန်သည် offer facts and interpretation of facts if necessary ဟု ခံယူထားသည်။ Interpretation ဆိုသည့် အဓိပ္ပါယ် ဖွင့်ဆိုဖို့ လိုအပ်လာလျှင်လည်း square with the fact အချက်အလက် နှင့် ကိုက်ညီအောင် ကျွန်တော် တတ်နိုင်သမျှ အပြုသဘော နှင့်သာ လုပ်ခဲ့သည်။

 

နွေဦးတော်လှန်ရေးသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေး များ ပြန်လည် ပေါ်ထွန်းလာရန် တိုက်ပွဲ ဝင်နေခြင်းမဟုတ်၊ ပြည်သူများသည် စစ်ဖိနပ်အောက် တွင် အသက်ကိုပင် မဝတဝ ရှု နေရမည့် အရေး၊ ကျားသနားမှ နွားချမ်းသာ နေကြရမည့် အရေးများကြောင့် အသက်၊ ဘဝ များစွာ နှင့် ရင်းကာ ခုခံတွန်းလှန်နေကြခြင်း ဖြစ်သည်ဟု ကျွန်တော် ရှုမြင်ထားသည်။ စိတ်ထဲ မွန်းကျပ်လာလေ တော်လှန်ရေးကြီး အောင်မြင်ဖို့ ပို၍ အားစိုက်ရလေလေသာ ဖြစ်သင့်သည်။ 

 

မွန်းကျပ်လာ၍ ထွက်ပေါက်ရှာသည် ဆိုလည်း ထိုအန္တရာယ်ကြီးက ပျောက်သွားမည် မဟုတ်၊ new normal နှင့် နေသွားကျသွားပြီ ဆိုကာ loose ends များကို အပိုင်ချည်‌ နှောင်လာကြမည် ဖြစ်၍ ပို၍ပင် ဆိုးလာလေလေ ဖြစ်မည်။ ရန်ကုန်တွင် ကြံဖွတ်က ၎င်းတို့ အဖွဲ့ဝင်များအား အုပ်ချုပ်ရေးပိုင်းတွင် ထည့်သွင်းလာခြင်းသည် ၎င်းတို့ဖက်တွင် ယုံကြည်မှု ရှိလာနေသည်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

အချို့သော အကြောင်းအရာ များကို သတိ‌ ပေးသည် ဆိုကာ စဆရက လုပ်၍ မပြောမိ၊ မဆိုမိ

အောင် ကျွန်တော် အလွန် သတိထားရသည်။ ထိုသို့ နဲနဲ လေး အထင်ခံရလျှင်ပင် ကျွန်တော် လွန်စွာ ရှက်မိပေမည်။

 

လက်ရှိ တိုက်ပွဲဝင်နေကြသော အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင်များ၊ CRPH နှင့် PDF တော်လှန်ရေး အဖွဲ့များ၊ (အစစ်အမှန်) ထောက်ပို့များသည် ကျွန်တော် ဘယ်လိုမှ မလုပ်နိုင်သော၊ လိုက်၍ လည်း မှီမည် မဟုတ်သည့် စွန့်လွှတ် အနစ်နာခံမှုများ ဖြင့် တော်လှန်ရေးကို ဆင်နွှဲနေသူများ ဖြစ်နေ‌ သောကြောင့်ပင်။

 

အမှား ကို ထောက်မပြတော့ဖူးလား ဟု မေးစရာ ရှိသည်၊ ထိုနေရာတွင် တော်လှန်ရေး လမ်းကြောင်းမှ ပြောင်ပြောင်ကြီး ‌သွေဖီနေသည့် လုပ်ရပ်မျိုး မှ အပ ကျန်သည်များက အပရိက များသာ ဖြစ်သည်၊ လိုအပ်မည်ဆိုက ပြော၍ ရသည့် လမ်းကြောင်းကသာ သွားမည် ဖြစ်သည်။ ဤနေရာတွင် ထစ်ကနဲဆို ငါ့ဂွင်ထဲ ဝင်လာပြီ လူ အထင်ကြီးအောင် ပြောလိုက်ဦးမည် ‌ဆိုသော လူများထဲတွင် မပါမိအောင် သတိ ထားနေရသည်။

 

ပြောရာတွင်လည်း အကောင်း နှင့် အဆိုးကို ချင့်ချိန်ရသည်၊ ကျွန်တော် ပြောလိုက်၍ မည်သို့မျှလည်း အကျိုး ထူးလာဖို့မရှိ၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မည် ဆိုက မပြောတော့။ ကျွန်တော် မပြောလည်း ဘာမှ ဖြစ်မသွား။ ကျွန်တော်လည်း ပရောဟိတ် ဆရာ မဟုတ်။

 

သိသင့်သိထိုက်သည်များကိုတော့ ကျွန်တော် ပြောသည်၊ စိတ်ဓါတ် တက်ကြွစရာချည်း ရှာကြံ ရေးရမည် ဆိုက ကျွန်တော်အဖို့ တာဝန်မဲ့ရာ ကျပေမည်။ ဥပမာ ဘိုင်ဒင်သည် NDAA ကို အမြန်လက်မှတ်ထိုးလိုက်ခြင်းသည် မြန်မာ စစ်တပ်ကို ဆော်ချင်လွန်း၍ ဖြစ်သည် ဆိုသော ‌အပေါစား အရေးအသားမျိုး ကို ဆိုလိုရင်း ဖြစ်သည်၊ ဘိုင်ဒင် နှာချီလျှင်ပင် နွေဦး တော်လှန်ရေး အတွက် အားတက်စရာ ဖြစ်အောင် ဆက်စပ် ရေးသားကြပြန်သည်။

 

အဖွဲ့အစည်းတခု ဖြစ်လာပြီ ဆိုကတည်းက ညီညွတ်မှု တည်ဆောက်ဖို့၊ အားလုံး သဘောတူညီမှု ရဖို့၊ လမ်းကြောင်းကို မယိမ်းမယိုင် သွားနိုင်ဖို့ ဆိုသည်က တကယ်တော့ မလွယ်ကူလှပေ။ နှစ်ဖက် အပြန်အလှန် လေးစားမှု ရှိနေသမျှ ကာလပတ်လုံး ဒီမိုကရေစီသည် သဘောကွဲလွဲမှုများ နှင့် ရှင်သန်နိုင်ပေမည်၊ လေးစားမှု ရှိဖို့ ဆိုသည့်နေရာ တွင် နားလည်မှု လိုအပ်လာသည်။

 

လစ်ဘရယ်ဝါဒ သည် ဒေါ်နယ်ထရန့် ခေတ်တွင် ယုတ်လျော့လာခဲ့ရာမှ ပူတင်မှ ယူကရိန်းကို ကျူးကျော်လာခဲ့မှု ကြောင့် ပြန်လည် ခေါင်းထောင်လာနေပြီ ဖြစ်သည်၊ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း လစ်ဘရယ် ဝါဒ အခြေခံသည့် ကမ္ဘာစနစ်သစ် တရပ် ပေါ်ထွက်လာ၍ ငြိမ်းချမ်းစွာ နေထိုင်နိုင်ခဲ့သည့် အဖြစ်ကို သတိရ တန်ဖိုးထားရကောင်းမှန်း သိလာကြသည်။

 

ထိုအနေအထား ဖြစ်ပေါ်လာချိန်တွင် မင်းအောင်လှိုင်၏ လုပ်ရပ်သည် wrong place, wrong time တွင် ရောက်သွားခဲ့ရသည်။ ၎င်းအားလည်း ကမ္ဘာငြိမ်းချမ်းရေး အတွက် existential threat ဟု သတ်မှတ်ထားခဲ့ကြပြီး ဖြစ်သည်။ မင်းအောင်လှိုင် နှင့် အဖွဲ့သည် ယခုထိ အစိုးရ အသွင် ဟန်ဆောင်နိုင်စွမ်း မရှိတော့ပဲ အကြမ်းဖက်လုပ်ရပ်များ၊ အလိမ်အညာများ၊ နှစ်ရှည် ထောင်ဒဏ်များ ဖြင့် အကြောက်တရားများ ဖန်တီးကာ အချိန်ကို ဆွဲဆန့် ထားနိုင်ဖို့သာ အာရုံစိုက်နေကြရပြီ ဖြစ်သည်။

 

ကျွန်တော် ရေးခဲ့သမျှ မြန်မာ့ အရေး ပို့စ်များကို ယောနသံ ဝက်ဆိုက်ရှိ အောက်ပါ လင့်ခ်တွင် စာမျက်နှာ တခုချင်း အလိုက် ပြန်လည် ဖတ်ရှုနိုင်ပါသည်။

 

http://www.yawnathan.com/mm/news/Category/local-news

 

အလားတူ ကမ္ဘာရေးရာ ပို့စ်များကို 

 

http://www.yawnathan.com/mm/news/Category/world-news လည်း ‌တပေါင်းတစည်း တည်း ဖတ်ရှုနိုင်ပါသည်။

 

ဗဟုသုတ ဖြစ်ဖွယ် ရေးသားခဲ့သည့် "ခေတ် အဆက်ဆက် တော်လှန်ရေး ကောက်ကြောင်းများ" စာစု တို့အားလည်း အောက်ပါလင့်ခ် တွင် အစအဆုံး ပြန်လည် ဖတ်ရှုနိုင်ပါသည်။

 

http://www.yawnathan.com/mm/news/Category/articles

 

ကျွန်တော်ကို အားပေးသည့် မိတ်ဆွေများ၊ ထိုသို့ ရေးနိုင်အောင် မငြည်းမညူ ကူညီ ပံ့ပိုးပေးနေသည့် ဇနီးသည်အားလည်း အထူး ကျေးဇူး တင်ပါသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

Illustration credit - The Economist