ရုရှားသည် ကျည်ကုန် ယမ်းကုန် ဖြစ်လာနေပြီလော

by Hla Soewai - Dec 25 2022

"သူ့ ဗိုလ်ချုပ်တွေ ပူတင်ကို မပြောရဲတဲ့ စကားကို အခု ညပဲ ဒီနေရာကနေ အသိပေးလိုက်မယ်" ဟု ဗြိတိန် စစ်ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီး ဆာ တိုနီ ရာဒါကင် မှ ဒီဇင်ဘာ ၁၄ ရက်နေ့က အခုလို ပြောလာခဲ့သည်။

 

သူက ဆက်၍ "ဒါက ရုရှားမှာ လက်နက်ကြီး ကျည်တွေ အတော်ကို ပြတ်လတ်နေပြီ ဆိုတာပဲ" ဟု ပြောပြန်သည်။

 

သူတင်မက ပြီးခဲ့သည့် ဆယ်ရက်ခန့်က အမေရိကန် ထိတ်တန်း ထောက်လှန်းရေး အရာရှိ အဗရီ ဟိန်းကလည်း အလားတူ သုံးသပ်ထားခဲ့ပြီး ဖြစ်သည်။

 

ရုရှားတွင် လက်နက်ကြီး ကျည်များ ပြတ်လတ်နေပြီလော။

 

အနောက်တိုင်း အရာရှိများက ထိုသို့ ပြောနေသည်မှာ ကြာပြီ ဖြစ်သည်၊ စက်တင်ဘာလ အတွင်း ခဲယမ်းမီးကျောက်များ ပြန်လည် ဖြေ့တင်းနိုင်ရန်

မြောက်ကိုရီယားသို့ပင် အကူအညီ တောင်းလာခဲ့ရသည်ဟု ဆိုသည်။ နိုဝင်ဘာလ အတွင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက် အော်စတင်မှ "အတော်လေး သိသာအောင် ပြတ်လတ်နေပြီ" ဟု ပြောခဲ့သည်။

 

ဒီဇင်ဘာ ၁၂ ရက်နေ့ တွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အထက်တန်း အရာရှိကြီး တဦးမှ ရုရှားတို့ လက်ရှိ နှုန်း အတိုင်း ဆက်သုံးနေမည် ဆိုက ဒုံးကျည်များ၊ စိန်ပြောင်းများ သည် ၂၀၂၃ အစောပိုင်း လောက်ထိသာ ခံတော့မည်ဟု အစီရင်ခံစာတွင် ဖေါ်ပြလာခဲ့သည်။

 

သို့သော် အက်စတိုနီယား ‌စစ်ဖက် ထောက်လှန်းရေး အကြီးအကဲ ဗိုလ်မှုးကြီး မာဂို ဂရော့စ်ဘတ် ကမူ ရုရှားတွင် အမြှောက်ဆံ ပေါင်း ၁၀ သန်းခန့် ရှိနေဆဲ ဖြစ်ပြီး နောက်ထပ် ၃.၄ သန်း ခန့်ကို တနှစ် အတွင်း ထုတ်လုပ်နိုင်စွမ်း ရှိနေသည်ဟု ထိုမတိုင်မီ သုံးရက်ခန့် က ပြောခဲ့သည်။

 

၎င်း၏ အဆိုအရ ပြီးခဲ့သည့် ‌နွေရာသီ အတွင်း တိုက်ပွဲများ အပြင်းထန်ဆုံး ဖြစ်ပွားနေသည့် 

ဒွန်ဘတ်စ် ဒေသတခုတည်းတွင်ပင် ရုရှားတို့သည့် တနေ့လျှင် အမြှောက်ဆံ ၂၀,၀၀၀ ခန့် အသုံးပြုခဲ့ကြသည်။ ထိုနှုန်း အတိုင်း သွားနေမည်ဆိုက နောက်ထပ် အနည်းဆုံး တနှစ်အထိ ခံဦးမည်၊ ထို့ထက်တော့ ပို၍ မခံတော့ဟု ဆိုသည်။

 

အီကော်နော်မစ် နှင့် မကြာမီက ‌တွေ့ဆုံခဲ့သော ယူကရိန်း အထက်တန်း စစ်ဖက် အရာရှိကြီး ဖြစ်သူ ဗိုလ်ချုပ်ကြီး ဗာလာရီ ဇာလူနီမှ ယခုလာမည့် နွေဦးပေါက်တွင် ကိယက်ဗ် ကို သိမ်းယူရန် ရုရှားတို့ နောက်တကြိမ် ထိုးစစ်ဆင်ဖို့ ကြံစည်နေကြောင်း၊ လက်နက်ခဲယမ်းများလည်း ပြင်ဆင်နေပြီး၊ အကောင်းစားများ မဟုတ်သော်လည်း သုံးလို့ရသည့် အခြေအနေ တော့ ရှိနေသည်ဟု သတိပေးခဲ့သည်။

 

ရုရှားတို့၏ လက်နက်ခဲယမ်းများ အခြေအနေနှင့် ပတ်သက်ပြီး ထိုသို့ အမျိုးမျိုး အဖုံဖုံ ပြောဆိုနေမှုများ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ ဖြစ်နေကြခြင်းမှာ ရေတွက်ပုံ ရေတွက်နည်း မတူ ကြခြင်းကြောင့်ပင် ဖြစ်သည်။ အမေရိကန် တို့က ကျည် များကို သက်တမ်း မကုန်မီ "အပြည့်အဝ အသုံးပြုနိုင်" မှုကို မူတည်ပြီး ရေတွက်ခဲ့ကြခြင်း ဖြစ်သည်။

 

အက်စတိုနီယား၏ ရေတွက်ပုံသည် ရှိရှိသမျှ ကို ထည့်သွင်း ထားခြင်းဖြစ်သည်၊ ထိရောက်မှု ရှိမရှိ ကို မူ ဆန်းစစ်ခြင်းမျိုး မရှိပေ။

 

ရုရှားတို့ လက်နက်ခဲယမ်းများ သိုလှောင်ထားပုံသည် အတော် ဆိုးဆိုးရွားရွား အနေအထားတွင် ရှိပြီး သက်တမ်းလည်း ကြာနေပြီ ဖြစ်သည်။ 

ပင်တဂွန် ၏ အပြောအရ ဆိုက ၁၉၈၀ ကျော်က ထုတ်လုပ်ထားခဲ့သော လက်နက်ကြီး ကျည်များနှင့်ပင် ပစ်ခတ်ခဲ့ကြသည်။ အမြှောက်ထဲသို့ ကျည်ထဲ့ပြီးလျှင်ပင် ကျည် ထွက် ဖို့ ဘုရားတနေကြရသည်ဟု ဆိုသည်။

 

စစ်ပွဲကာလ ဆယ်လ အတွင်း ရုရှားတို့ လက်နက်ခဲယမ်းများ မည်မျှ ထုတ်လုပ်နိုင်ခဲ့သည်၊ မည်မျှ ဆုံးရှုံးသွားခဲ့သည် ဆိုသည်က ရှင်းလင်းစွာ သိနိုင်ဖို့ မလွယ်ကူလှပေ၊ ၎င်းတို့ အသုံးပြုခဲ့သည့် အရည်အတွက်လောက်ကိုသာ လေ့လာတွက်ချက် နိုင်ခဲ့သည်။

 

ပြီးခဲ့သည့် နွေရာသီ အတွင်း ယူကရိန်းမှ တာဝေးပစ် ဒုံးကျည်များ နှင့် ပစ်ခတ်ခံခဲ့ရ၍ ရုရှား လက်နက်သိုလှောင်ရုံ အတော်များများ ပျက်စီးသွားခဲ့ရ၍ အထိနာသွားခဲ့ပြန်သည်။ ပျက်စီးသွားသည့် ပမာဏ ကို ရုရှားတို့ မည်မျှ အတိုင်းအတာ အထိ ပြန်လည် ဖြည့်တင်းခဲ့သည်ကို အတိအကျ သိနိုင်ဖို့ မလွယ်ကူလှပေ။

 

သံမဏိ ထုတ်လုပ်မှု ပမာဏ နှင့် တွက်ချက်မည်ဆိုက ဖြစ်နိုင်သော်လည်း တိကျရေရာမှု မရှိနိုင်။ ထို့ပြင် ရုရှားသည် အမြှောက်ဆံများကို ပြည်ပမှ တင်သွင်း နိုင်နေသည်။ ဘဲလာရုစ် မှ ဆိုဗီယက် ခေတ် လက်ကျန် စုဆောင်းထားသမျှ ရုရှားသို့ အမြောက်အမြား တင်ပို့ပေးနေသည်။ သို့သော် အတော်များများသည် မည်သို့မျှ စံချိန်စံညွှန်း မှီဖွယ် မရှိ။

 

ရေတပ်ဗိုလ်ချုပ်ကြီး ရာဒါကင်မှ မြောက်ကိုရီးယား ဖက်မှ ခိုးသွင်းနေသည်ဟု စွပ်စွဲ သွားခဲ့ပြန်သည်။ သို့သော် သိသိသာသာ များပြားလှခြင်း မရှိဟု ဟိန်း က ဆိုသည်။

 

ရုရှားသည် ပြီးခဲ့သည့် ‌နွေရာသီ အတွင်း လက်နက်ကြီး ကျည်များကို အလွန်အကျွံ သုံးခဲ့ပြီး နောက်ပိုင်းတွင် သိသိသာသာ ကျဆင်းလာခဲ့သည်။ ရုရှား ခဲယမ်းမီးကျောက်များ အမှန်တကယ် ပြတ်လတ်မှု ရှိမရှိ ဆိုသည်ကို လမည့် လအနည်းငယ် အတွင်း သိနိုင်တော့မည် ဖြစ်သည်။

 

ရုရှားသည် သုံးစားမရသည့် လက်နက်ကြီး ကျည်များ သုံးလာဖွယ် ရှိနေသော်လည်း ထိုးစစ်ကြီးများ ဆင်နွှဲနိုင်သည့် အင်အား လျော့ကျသွားမည်ကတော့ အသေအချာပင် ဖြစ်သည်။

 

(၂၀၂၂ ဒီဇင်ဘာ ၂၀ ရက် နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ "Is Russia running out of ammunition" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)