ဓမ္မလေးညှို့ရှင်မှ ပစ်လွှတ်လိုက်သော မြားသုံးစင်း

by Hla Soewai - Dec 23 2022

မြန်မာ တော်လှန်ရေး အတွက် ၂၀၂၃ တွင် အလင်းရောင် တန်း လေး အဖြစ် ဓမ္မ လေးညို့ရှင်က ပစ်တင် လိုက်သော မြားသုံးစင်းသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ရသည်။

 

ယင်းသည် အင်ဒိုနီရှား မှ အာဆီယံ ဥက္ကဌ ဖြစ်လာခြင်း၊ အမေရိကန် လွှတ်တော်မှ BURMA ACT ထွက်ပေါ် လာခြင်း နှင့် နောက်ဆုံး ကုလ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

 

မြားသုံးစင်းသည် တခု နှင့် တခု ဆက်စပ်လျှက် ရှိနေပေသည်။ အင်ဒိုနီရှား သည် G-20 အဖွဲ့ဝင် ဖြစ်ရုံမျှမက ဥက္ကဌ နေရာ မှပင် ထိပ်သီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ခြင်း နှင့် အတူ ကမ္ဘာစင်မြင့်တွင် ခေါင်းဆောင် နိုင်ငံ အဖြစ် အသိအမှတ် ပြုလာခဲ့ကြသည်။ ထို့အတွက် မြန်မာပြည် အရေးအား သတိကြီးစွာနှင့် ပြတ်ပြတ်သားသား ကိုင်တွယ်သွားမည့် အလားအလာ များ ရှိနေသည်။

 

ထိုအရေးကို ယိုးဒယား မှ အမြန်ဆုံး ကာကွယ် နိုင်မှ ဖြစ်မည် ဆိုကာ မိမိတို့ သဘောထားကို လွတ်လွတ် လပ်လပ် တင်ပြနိုင်သည် ဆိုသည့် open-ended အလွတ်သဘော ဆွေးနွေးပွဲကို ဘန်ကောက်တွင် လူစုပြီး တန်ပြန် နိုင်ရန် စီစဉ်လာခဲ့သည်။ ယိုးဒယားသည် လက်ရှိ မြန်မာ အရေး မှ အကျိုးများစွာ ဖြစ်ထွန်းနေသည့် နိုင်ငံလည်း ဖြစ်နေသည်။ ယခုအခါ ဝဏ္ဏမောင်လွင်သည် ဘန်ကောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအစည်းအဝေး သို့ လာအို၊ ဗီယက်နမ် နှင့် ကမ္ဘောဒီယား တို့သာ တက်ရောက်မည် ဖြစ်ပြီး အာဆီယံ ၏ အဓိက အဖွဲ့ဝင် နိုင်ငံများ တနိုင်ငံမှ ကိုယ်စားလှယ် စေလွှတ်ခဲ့ခြင်း မရှိပေ။

 

အမေရိကန် ကွန်ဂရက် မှ ပြဋ္ဌာန်းပေးလိုက်သော NDAA ပါ BURMA ACT သည် စစ်ဖက်နှင့် မဆိုင်သော အကူ အညီများ သာ ပေးရန် ဆိုသော်လည်း စစ်ဖက် နှင့် စစ်ဖက် မဟုတ်သည် ဆိုသည့် အကြား ပိုင်းခြားထားသော မျဉ်းသည် လွန်စွာ ပါးလွှာနေကြောင်း အမေရိကန် တို့ ပတ်သက်ခဲ့သည့် ပဋိပက္ခ နှင့် ယဉ်ပါးခဲ့သူတိုင်း ကောင်းစွာ သိကြသည်။

 

အခြေအနေသည် တဖြေးဖြေး နှင့် အင်အားကြီး နိုင်ငံများ ၏ တဆင့်ခံ စစ်မြေပြင်သို့ ပြောင်းလဲရန် ချဥ်းကပ် လာနေသည်ဟု ဘန်ကောက်ပို့စ်တွင် ရေးသား လာခဲ့သည်။

 

အမေရိကန်၏ BURMA ACT ကြောင့် ရုရှားတို့က ၎င်းတို့အား ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လုံးဝလက်လွှတ်၍ မရတော့မှန်း သိထားပြီး ဖြစ်သည်။ ကုလ ဆုံးဖြတ်ချက်ကို အဘယ် အတွက်ကြောင့် မိမိတို့ ဂုဏ်သိက္ခာ နှင့် ရင်းပြီး ကန့်ကွက်ဖို့ လိုပေမည်နည်းဟု သုံးသပ်ခဲ့ကြသည်။ ထို့အပြင် ရုရှား တို့သည် အရှေ့တောင် အာရှ နိုင်ငံများ၊ အထူးသဖြင့် အင်ဒိုနီရှား ၏ အငြိုအငြင် ခံရမည်ကို စိုးရွံ့နေသည်။

 

ဗြိတိန် ၏ မူလ အဆိုတွင် ပါဝင်သော လက်နက် ရောင်းချ၊ လွှဲပြောင်းမှု ပိတ်ပင်ရန် ဆိုသည့် အချက်နှင့် နိုင်ငံတော် အတိုင်ပင်ခံ၊ သမ္မတကြီးတို့အား ပြန်လွှတ်ပေးရမည် ဆိုသည်ကို အလဲအလှယ်လုပ်ကာ ဖြုတ်ချခဲ့ပြီး ဖြစ်သည်။ ထို့အတွက်လည်း တရုတ် နှင့် ရုရှားက ကြားနေပေးလိုက်ခြင်း ဖြစ်ကာ ၎င်း နိုင်ငံများ အနေနှင့် ဆိုလျှင် လုံခြုံရေး ကောင်စီ သဘာပတိ၏ ကျေညာချက်မျိုး လောက်နှင့်သာ ပြီးသွားစေချင်ကြသည်။

 

အိန္ဒိယ မှ ကြားနေလာခြင်းသည် လွန်စွာ စိတ်ဝင်စားဖို့ ကောင်းနေရသည်။ အိန္ဒိယသည် တရုတ် ဆန့်ကျင်ရေး တွင်သာ အမေရိကန် နှင့် တက်ကြွစွာ ပူးပေါင်းခဲ့သော်လည်း သူတို့၏ အဓိက ရန်သူတော်ကြီး ဖြစ်သော ပါကစ္စတန် နှင့် ပတ်သက်၍ မူ အမေရိကန်ကို လုံးဝ ယုံကြည် စိတ်ချထား၍ မရမှန်း သိနေ၍ ရုရှား နှင့် အတူ ရပ်တည်ပေးလာခြင်း ဖြစ်သည်။ နောက်တကြောင်းမှာ မြန်မာ စစ်ခေါင်းဆောင် များကို ကန္တကောစ လုပ်ပါက တရုတ်ဖက် ရောက်သွားမည့် အရေးကို စိုးရွံ့နေ၍လည်း ဖြစ်သည်။

 

ဤကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း အတွက် လူ့အခွင့်အရေး အဖွဲ့များက ကြိုဆိုခဲ့ကြသည်။ သို့သော် ဒီမျှ နှင့် ရပ်မနေဘဲ ဆက်၍ တွန်းတွန်းတိုက်တိုက် လုပ်သွားရန် တောင်းဆိုခဲ့ကြပေသည်။

 

လက်ရှိ ကုလ ဆုံးဖြတ်ချက်သည် ရုရှား နှင့် တရုတ်တို့၏ ဗီတိုရန်မှ ကာကွယ်ရန် အခြေအနေအရ စကားလုံး အသုံးအနှုန်းများကို အပေးအယူ လုပ်ခဲ့ရသော်လည်း မြန်မာ နှင့် ပတ်သက်၍ ထိုသို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့မှု၏ အရေးပါမှု ကိုမူ လျော့တွက်၍ မရပေ။ အရေး မပါဟုဆိုလျှင် ထိုနိုင်ငံများက ကျားကုတ်ကျားခဲ နှင့် နဂို ကတည်းက ကန့်ကွက်စရာ မလိုပေ။ ၎င်းတို့ အစဉ်တစိုက် ကန့်ကွက်ခဲ့ကြ၍သာ ယခုမှ ထိုသို့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ရိုဟင်ဂျာ တို့အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု မျိုးတွင်ပင် ထိုသို့ ဆုံးဖြတ်ချက် ထွက်ပေါ် မလာခဲ့ပေ။

 

ဆုံးဖြတ်ချက်အား မလိုက်နာပါက ဆက်လက်၍ လက်နက် ရောင်းချမှု ပိတ်ပင်ခြင်း၊ စီးပွားရေး ပိတ်ဆို့ ဒဏ် ခတ်ခြင်းများဖြင့် တဆင့်တက်လာဖို့ ရှိနေသည်။ အမေရိကန်သည် ထိုသို့သော လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ် ချက်များကို ကောင်းစွာ အသုံးချ၍ အီရတ် နှင့် လစ်ဗျားတွင် အာဏာရှင်များကို ဖြုတ်ချ နိုင်ခဲ့ကြသည်။ ဤအရေးကို ကြိုမြင်လာသော တရုတ် သံအမတ်ကြီးမှ လစ်ဗျားတွင်လည်း ထိုကဲ့သို့ ဖြစ်သွားသည့် သာဓက များကို ထောက်ပြ၍ သတိကြီးစွာ ထားရန် လုံခြုံရေး ကောင်စီတွင် သတိပေးလာခဲ့ခြင်း ဖြစ်သည်။

 

ယခုအခါ အဆိုပါ ဆုံးဖြတ်ချက်ပေါ် မူတည်၍ ကုလသမဂ္ဂတွင် အခြေအတင် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် လမ်းပွင့်သွားပြီ ဖြစ်သည်။ အမေရိကန် နှင့် အနောက်အုပ်စုများ အတွက် သံတမန်ရေးအရ အောင်ပွဲရသွားခဲ့ခြင်း ဖြစ်သည်။ မြန်မာ ပြည်သူ များ အတွက်လည်း မိမိတို့ ရင်ဆိုင်နေရသည့် ပြဿနာကြီး သည် ကမ္ဘာ ငြိမ်းချမ်းရေး အတွက် မဖြစ်မနေ ဖြေရှင်းရမည် ဆိုသည်ကို ကမ္ဘာ အမြင့်ဆုံး အဖွဲ့အစည်းကြီးမှ တရားဝင် အသိအမှတ် ပြုခံလိုက်ရခြင်းလည်း ဖြစ်ပေသည်။

 

အကြမ်းဖက် စစ်တပ်သည် ကုလ ဆုံးဖြတ်ချက် အား လိုက်နာ ကြလိမ့်မည် မဟုတ်သော်လည်း ယခင်ကကဲ့သို့ ပရမ်းပတာ သတ်ဖြတ် အနိုင်ကျင့်ခြင်းမျိုး ကို တတ်နိုင်သမျှ လျော့ချသွားမည်ကတော့ ကျိန်းသေသည်။ ထိုသို့ ဆက်လုပ်နေမည်ဆိုက ဒီထက် ပြင်းထန်သော ဆုံးဖြတ်ချက်များ ထွက်ပေါ်လာအောင် အနောက် အုပ်စုမှ နည်းမျိုးစုံဖြင့် ကြိုးပမ်းလာလျှင် အခုကဲ့သို့ တရုတ် နှင့် ရုရှား တို့ နောက်လန်သွားမည် ဆိုက ဒုက္ခများဖို့သာ ရှိပေတော့သည်။ လုံးဝ စိတ်ချထား၍ မရတော့မှန်း သင်ခန်းစာ ရသွားခဲ့ကြပြီ ဖြစ်သည်။

 

ထို့အတွက် ဓမ္မ လေးညှို့ ရှင်မှ ပစ်လွှတ်ပေးလိုက်သော မြား သုံးစင်း ဟု ဆိုလိုရင်း ဖြစ်ပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

(ပုံတွင် သမိုင်းတွင်မည့် မြန်မာ အရေး ကုလ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ချမှတ်သည့် နေ့ အစည်းအဝေး မြင်ကွင်း ကို ရိုက်တာ သတင်းက ဖေါ်ပြထားသည်ကို တွေ့နိုင်သည်)