၂၀၂၂ အတွင်း ကြွေလွင့်ခဲ့ရသည့် ကြယ်ပွင့် ဆယ်ငါးပွင့်

by Hla Soewai - Dec 19 2022

ဒုတိယမြောက် အယ်လီဇဘက် 

စက်တင်ဘာ ၈ ရက်၊ အသက် ၉၆ နှစ်

 

၂၀၂၂ နှစ် အတွင်း တကမ္ဘာလုံး အုံးအုံးကြွက်ကြွက် ဖြစ်သွားခဲ့ရသည်က ဒုတိယမြောက် အယ်လိဇဘက် ဘုရင်မကြီး စက်တင်ဘာလ အတွင်း ကွယ်လွန် သွားခဲ့မှုပင် ဖြစ်သည်။ ထီးနန်းကို နှစ်ပေါင်း ၇၀ နီးပါး စိုးစံ‌ နေသည့် ဘုရင်မကြီး ကွယ်လွန်လျှင် ကွယ်လွန်ခြင်း သတင်းကို သမိုင်းနောက်ခံ အချက်အလက်များ နှင့် နာရီမဆိုင်း တင်ဆက် နိုင်ရန် ကမ္ဘာ အထင်ကရ သတင်းစာကြီးများ၊ မဂ္ဂဇင်းများက ရှေးပဝေသဏီ ကတည်းကပင် စာစီပြီး အသင့်ပြင်ဆင်ထားခဲ့‌ကြပြီးလည်း ဖြစ်သည်။

 

တကယ်တမ်း ကွယ်လွန်သွားသည့် အခါတွင်တော့ ပြင်ဆင်ထားခဲ့သမျှသည် ပြည့်စုံလုံလောက်ခြင်း မရှိသည်ကို သဘောပေါက် လာကြသည်။

 

ဗြိတိသျှ လူမျိုးတို့သည် ၎င်းတို့၏ စိတ်ခံစားမှုကို မျက်နှာတွင် မပေါ်ရအောင် ထိန်းချုပ်နိုင်သည့် နေရာတွင် တဖက်ကမ်း ခတ်သူများ အဖြစ် ထင်ရှားခဲ့သော်လည်း ဘုရင်မကြီး အတွက် တနိုင်ငံလုံး ဝမ်းနည်းပူဆွေးကြသည်ကို အတိုင်းသား မြင်တွေ့ခဲ့ကြရသည်။

 

အာဘေး ရှင်ဇို

ဇူလိုင် ၈ ရက်၊ အသက် ၆၇ နှစ်

 

ဂျပန်၏ ထူးခြားထင်ရှားသော ခေါင်းဆောင်တဦး ဖြစ်သည်၊ မြှားပစ် ဝါသနာ ပါသူ လည်း ဖြစ်သဖြင့် အီလည်လည် ဖြစ်နေသော တိုင်းပြည် စီးပွားရေးကို ဦးမော့လာစေရန် မြှားသုံးစင်းကို ပစ်လွှတ်လာခဲ့သည်၊ ထိုမြှားသုံးစင်း သည်ကား ငွေကြေး ပံပိုးမှု တိုးချဲ့ဆောင်ရွက်ရေး၊ ဘဏ္ဍာရေး ပိုင်းတွင် သွေးကြွလာစေရန် လှုံ့ဆော်ပေးခြင်းနှင့် စီးပွားရေး တည်ဆောက်ပုံ ပြောင်းပစ်ရန် အစရှိသည့် ပြောင်းလဲမှု သုံးရပ်ကို ဦးတည် ဖေါ်ဆောင်ပေးခဲ့ခြင်းတို့ပင် ဖြစ်သည်။ မထင်မှတ်ပဲ သွားရင်းလာရင်း နှင့် လမ်းပေါ်တွင် လုပ်ကြံခံရ၍ ‌ကွယ်လွန်သွားခဲ့ရခြင်းဖြင့် သိုသေခြင်းတရားကို လူတိုင်း မလွန်ဆန်နိုင် သည့် တရားသဘောကို သူ၏ နိုင်ငံသားများအား ပြသပေးသွားခဲ့သည်။

 

မီခေးလ် ဂေါဘာချော့

ဩဂုတ် ၃၀၊ အသက် ၉၁ နှစ်

 

ဂေါဘာချော့သည် သူ့အား ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားအောင် ဖန်တီးခဲ့သူ တဦးထက် ကဗျာ နှင့် ပြဇာတ်ကို ချစ်မြတ်နိုးသူ၊ ရောဂါကျွမ်းလုလု ဖြစ်နေသော ဇနီးသည်အား စောင့်ရှောက်ရန် နိုင်ငံရေး လောကကို စွန့်ခွာလာခဲ့သည့် သူလိုငါလို သာမန် လူတဦး အဖြစ်သာ အမှတ်ရစေချင်ခဲ့သူ ဖြစ်သည်။

 

ပါရှာ လီး

မတ်လ ၆ ရက်၊ အသက် ၃၃ နှစ်

 

ယူကရိန်း ရုပ်သံ ချန်နယ် Dorm ၏ ထင်ရှားကျော်ကြားသည့် ဇာတ်လမ်း စီစဉ် တင်ဆက်သူ တဦး ဖြစ်ပြီး ရုရှားတို့ ယူကရိန်းကို ကျူးကျော်လာခဲ့သည့် နေ့တွင်ပင် အလုပ်ကို စွန့်ပြီး ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့ထဲသို့ ဝင်ရောက်သွားခဲ့သူ ဖြစ်သည်။ Irpin မြို့တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရသည့် အရပ်သားများကို ကူညီ‌ရွှေ့ပြောင်းပေးရင်း သူ၏ ကိုယ်ပေါ်က ကျည်ကာ အင်္ကျီကို ကလေးငယ်တဦးအား ပေးဝတ်စေခဲ့သဖြင့် သေနတ်ကျည် ထိမှန်ကျဆုံးသွားခဲ့ရသည်။

 

ရိုမန် ရပ်တူရှနီ

ဇွန်လ ၉ ရက်၊ အသက် ၂၄ နှစ်

 

ယူကရိန်း၏ ထင်ရှားကျော်ကြားသော မြို့ပြ အခွင့်အရေး နှင့် ပတ်ဝန်းကျင် ထိမ်းသိမ်းရေး တက်ကြွ လှုပ်ရှားသူ တဦး ဖြစ်သည်။ သူသည်လည်း Izyrum မြို့ တိုက်ပွဲတွင် ကျဆုံးသွားခဲ့ရသည်။

 

ယူရီ ကာပေတင်ကို

စက်တင်ဘာလ၊ သေဆုံးရက် အတိအကျမသိ

အသက် ၄၆ နှစ်

 

သူသည် အထက်က လူငယ် နှစ်ဦးလို ရုရှားတို့အား လက်နက်စွဲကိုင် ခုခံခဲ့သူ မဟုတ်သော်လည်း ခီဆန် မြို့တွင် သူ၏ သံစုံတီးဝိုင်း ဖြင့် ရုရှား၏ မြို့သိမ်းတပ်များကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ ရုရှားတို့၏ ဂီတဖျော်ဖြေပွဲတွင် ပါဝင်ရန် ငြင်းဆန်ခဲ့မှူဖြင့် သတ်ဖြတ်ခံခဲ့ရသူ ဖြစ်သည်။

 

ပီတာ ဘရုချ

ဇူလိုင် ၂ ရက်၊ အသက် ၉၇ နှစ်

 

ပြဇာတ် ဒါရိုက်တာ တဦးဖြစ်ပြီး စင်ပေါ်တွင် သရုပ်ဆောင်သူများ၏ စွမ်းရည်ကို ညှစ်ထုတ်ပြနိုင်ခဲ့သဖြင့် ပြိုလဲလုနီးနီး ဖြစ်နေသော ပြဇာတ်လောကသည် ဗြိတိန်တွင်သာမက ပြင်ပတွင်ပါ ပြန်၍ တခေတ်ဆန်းအောင် ဖန်တီးနိုင်ခဲ့သူ ဖြစ်သည်။

 

ဟီလာရီ မင်တဲလ်

စက်တင်ဘာ ၂၂၊ အသက် ၇၀ နှစ်

 

အဌမမြောက် ဟင်နရီ ဘုရင်၏ နန်းရင်ဝန် 

သောမတ်စ် ကရွန်းဝဲ အကြောင်း ဝတ္ထုရှည်ကြီး သုံးအုပ်တွဲအား "ဝံပုလွေ ခန်းဆောင်" အမည်ဖြင့် ရေးသား ထုတ်ဝေခဲ့သဖြင့် ဗြိတိန်ရှိ စာအုပ်ထုတ်ဝေရေး အသင်းကြီး၏ စာပေဆုကို ရရှိခဲ့သည့် ထင်ရှားသောအမျိူးသမီး စာရေးဆရာမကြီး ဖြစ်သည်။

 

ဂျွန် ဂျက် ဆမ်ပေး

ဩဂုတ် ၁၁ ရက်၊ အသက် ၈၉ နှစ်

 

ပြင်သစ် စာနယ်ဇင်းများ နှင့် အမေရိကန်ရှိ The New Yorker စာ‌စောင်၏ ပင်တိုင် ကာတွန်း ပညာရှင် တဦး ဖြစ်သည်။

 

ရှိန်းဝန်း

မတ်လ ၄ ရက်၊ အသက် ၅၂ နှစ်

 

ဩစတေးလျှ တနိုင်ငံလုံး၏ ချစ်မြတ်နိုးခြင်းကို ခံခဲရသည့် နာမည်ကျော် ကရစ်ကက် ကစားသမား တဦး ဖြစ်သည်။

 

အဲဘတ် ဝုဖေါက်စ်

ဩဂုတ် ၅ ရက်၊ အသက် ၇၅ နှစ်

 

လူမည်း အမျိုးသား ဖြစ်ပြီး လူဝစ်စီယားနားအကျဉ်းထောင်ထဲတွင် တရက်လျှင် တနာရီသာ အပြင်ထွက်ခွင့်ရပြီး ကိုးပေ၊ ခြောက်ပေ အကျဉ်းခန်းတွင် ၄၄ နှစ် ခန့် တကိုယ်တည်း နေခဲ့ရသူ ဖြစ်သည်၊ အမေရိကန် အကျဉ်းထောင် သမိုင်းတွင် နှစ်အကြာဆုံး အကျဉ်းချခံခဲ့ရသူ ဖြစ်သည်။ မည်သို့မျှ သက်သေ မည်မည်ရရ မပြနိုင်ခဲ့သည့် လူသတ်မှူ စွဲချက် ဖြင့် အကျဉ်းချခံခဲ့ရသူ ဖြစ်သည်။ ၂၀၁၅ တွင် ပြန်လွှတ်ပေးခြင်း ခံခဲ့ရသည်။ အကျဉ်းထောင်ထဲတွင် ရှိစဉ် ဥပဒေ နှင့် ကမ္ဘာရေးရာ များကို လေ့လာပြီး အကျဉ်းသားများကို ဥပဒေကြောင်းများတွင် အကူအညီပေးခဲ့ပြီး သံတိုင်နောက်မှနေ၍ စာရေး စာဖတ်တတ်အောင်ပင် သင်ကြားပို့ချပေးခဲ့သည်။

 

လော်ရက်တာ လင်း

အောက်တိုဘာ ၄ ရက်၊ အသက် ၉၀ နှစ်

 

ကျောက်မီးသွေး တွင်း တူးသမား တဦး၏ သမီး အဖြစ် ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရပြီး အမေရိကန်၏ နာမည် အကြီးဆုံး ကျေးလက် အမျိုးသမီး အဆိုတော် အဖြစ် တက်လှမ်းလာနိုင်ခဲ့သူ ဖြစ်သည်။

 

ဒေါက်တာ ဂျိမ်း လပ်ဖ်လော့

ဇူလိုင် ၂၆ ရက်၊ အသက် ၁၀၃ နှစ်

 

အသက် ရှစ်ဆယ်ကျော် အရွယ်မှာပင် အင်္ဂလန်၏ အနောက်တောင်ဖက် ကမ်းရိုးတန်း တလျှောက် မိုင် ၆၃၀ ထိ ရောက်အောင် လမ်းလျှောက်ခဲ့သူ ဖြစ်သည်။ သူ၏ Gaia hypothesis ဖြင့် ထင်ရှားလာခဲ့သည့် သိပ္ပံပညာ ရှင်တဦး ဖြစ်သည်။ သူ၏ စာတမ်းတွင် ကမ္ဘာပေါ်ရှိ သက်ရှိ အရာအားလုံးသည် အပြန်အလှန် ပေါင်းစပ် ဆက်သွယ်မှု ရှိနေသောကြောင့် ထိုအရာများ အနီးတဝိုက်တွင် ရုပ်ပိုင်းဆိုင်ရာ စနစ် တခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီး၏ အပူချိန် နှင့် ဓါတ်သဘောများ ပေါင်းစည်းနိုင်မှု ကို ထိန်းသိမ်းပေးခြင်းဖြင့် အခြေအနေများ အတော်အသင့် တည်ငြိမ်မှု ရှိပြီး ရေရှည် တည်တံ့အောင် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည် ဆိုသော အဆိုကို တင်ပြနိုင်ခဲ့သည်။

 

ရှိုင်ရမ် ဆာရန် နဂီ

နိုဝင်ဘာ ၅ ရက်၊ အသက် ၁၀၅ နှစ်

 

အိန္ဒိယ၏ လွတ်လပ်ရေးရပြီး နောက် ၁၉၅၁ တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပထမဆုံး မဲပေးခဲ့ပြီး ၂၀၂၂ တွင် သူ၏ နောက်ဆုံးမဲကို ထည့်ခဲ့သူ ဖြစ်သည်။ နှင်းမုန်တိုင်းများ ကျနေသည့် ကြားမှပင် မဲထည့်ရန် တကြိမ်တခါမျှ ပျက်ကွက်ခဲ့သူ မဟုတ်ပေ။ ဟိမဝန္ဒာ တောင်ခြေရှိ ကာပါ ရွာသား တဦး ဖြစ်သည်။

 

ထိုအကြောင်းကို ဝင်စတန် ချာချီက အောက်ပါ အတိုင်း မှတ်ချက်ချခဲ့ဖူးသည်။

 

"ဒီမိုကရေစီကို အမျိုးမျိုး ထောပနာပြုနေမှုများထဲတွင် အသေးငယ်ဆုံး ပြယုဒ် တခုအဖြစ် ခန္ဓာကိုယ် ပုပုညက်ညက် လူတဦး မဲရုံခပ်သေးသေး ထဲ ဝင်သွားပြီး သူ့တွင် ပါလာသည့် ခဲတံ တိုးလေးဖြင့် စာရွက် လေး တခုပေါ်တွင် ကြက်ခြေခတ် ခြစ်သွားခဲ့ခြင်းသည် ဒီမိုကရေစီအား အာပေါက်မတတ် အရေးပေး ပြောဆို နေမှုများအားလုံးကို သေးသိမ်သွားစေခဲ့သည်"

 

ဖရန့်ဇ် မို

မတ်လ ၂၈ ရက်၊ အသက် ၉၄ နှစ်

 

စတိန်းဝေး စန္ဒယား များ အတွက် အသံညှိပေးရသည့် အလုပ်ကို ၂၄ နှစ် လုံးလုံး ဒိုင်ခံ လုပ်ပေးသွားခဲ့သူ ဖြစ်သည်။ တူလေးတချောင်း ဖြင့် ခလုတ်တခုစီမှ ထွက်လာသော အသံများကို ကိုယ်ကိုကိုင်းကာ နားထောင်ရင်း တကုတ်ကုတ် နှင့် အသံညှိပေးခဲ့သည်။ ကြီးကျယ် ခမ်းနားလှသော မင်းပွဲစိုးပွဲများ၊ နိုင်ငံတော် အခမ်းအနားများ၏ နောက်ကွယ်တွင် မထင်မရှား ဖြင့် အရေးပါ‌သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူလည်း ဖြစ်သည်။

 

(၂၀၂၂ ဒီဇင်ဘာ ၁၇ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းကြီး၏ ""Fifteen notable lives lost in 2022" ဆောင်းပါးအား ပြန်လည် တင်ပြသည်။)