NDAA အပေါ် သူတို့အမြင်

by Hla Soewai - Dec 19 2022

အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ သည် နှစ်ပေါင်း ၆၁ နှစ် တိုင် နှစ်စဉ်လိုလို အချိန်မီ ပြဌာန်း နိုင်ခဲ့သဖြင့် ယခုတကြိမ်လည်း နှစ်မကူးမီ သမ္မတ ဂျိုးဘိုင်ဒင်မှ သေချာပေါက် လက်မှတ် ရေးထိုးတော့မည် ဖြစ်သည်။

 

ထိုဥပဒေတွင် ယခုနှစ် ထူးခြားချက် အဖြစ် မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားမှုများကို အကူအညီပေးနိုင်ရန် BURMA ACT ကို ထည့်သွင်းလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေအား အောက်လွှတ်တော်မှ ယခုနှစ် ဧပြီလ တွင် အတည်ပြု ပေးခဲ့သော်လည်း ဆီးနိတ်တွင် ဆွေးနွေး အတည်ပြုသည့် အဆင့်အထိ ရောက်မလာခဲ့၍ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဂရီဂိုရီ မိခ် (ပုံတွင်ရှု) မှ NDAA တွင် ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။

 

ရှေ့နေတဦးလည်း ဖြစ်သော မစ္စတာ မိခ် သည် ၁၉၉၈ မှ စ၍ နယူးယောက် အမှတ် (၅) မဲဆန္ဒနယ်မြေ ကိုယ်စားပြု အောက်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထမ်းဆောင်ခဲ့သည်မှာ သက်တမ်း အားဖြင့် ဆယ်ကြိမ် ရှိလာခဲ့ပြီ ဖြစ်သည်။ 

 

BURMA ACT ဖြင့် အမေရိကန် အစိုးရသည် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည်၊ ယင်းနှင့်အတူ အာဏာသိမ်း စစ်ကောင်စီ နှင့် ၎င်းတို့အား ထောက်ခံနေသူများ အား ပိတ်ဆို့ အရေးယူနိုင်မည့် အစီအစဉ်များ ရေးဆွဲ ချမှတ်နိုင်တော့မည် ဖြစ်သည်ဟု RFA မှ အဲလက်စ် ဝီလီမင်းက သုံးသပ်ရေးသားခဲ့သည်။

 

ထိုမျှသာမကသေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုပါ လက်နက်မှ လွဲ၍ အခြား အကူအညီမျိုးစုံ ပံ့ပိုးကူညီပေးနိုင်တော့မည် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ယာယီ သမ္မတကြီး ဒူးဝါး လရှီးလ မှ အဆိုပါ ဥပဒေ ပြဋ္ဌာန်းပေးခဲ့မှုကို ချီးကြုးကြောင်း ကျေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်း ဥပဒေသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှုများအတွက် ရုန်းကန် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများ၊ မိမိတို့၏ ညီနောင် မဟာမိတ် အဖွဲ့အစည်းများအား ထောက်ခံသွားမည့် အမေရိကန် ပြည်ထောင်စု၏ ပေါ်လစီကို ရှင်းလင်း ပြတ်သားစွာ ဖေါ်ပြထားသည့် အရေးပါသော ဥပဒေ ဖြစ်သည်ဟု ကျေညာချက်တွင် ပါရှိခဲ့သည်။

 

အမေရိကန် ငြိမ်းချမ်း‌ရေး အင်စတီကျု မှ မြန်မာ ရေးရာ တာဝန်ခံ နီကိုးလ် ကောခရန် မှ ဥပဒေ ၏ အထိရောက်ဆုံးသော အချက်သည် အမေရိကန် အာဏာပိုင်များ အနေဖြင့် NUG, NUCC, CRPH တို့ နှင့် တိုက်ရိုက် ဆက်ဆံနိုင်ဖို့ လမ်းပွင့်သွားခဲ့ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။ ယင်းသည် လက်ရှိ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး၏ တစိတ်တပိုင်း ဖြစ်လာခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဆန်ရှင်း ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့သည်လည်း ပြီးပြည့်စုံသည့် ပေါ်လစီ တရပ် ချမှတ် နိုင်တော့မည် လည်း ဖြစ်သည်။

 

အမေရိကန် အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာ မှ ကွန်ဂရက်သည် ထိုင်းတို့၏ ဖိအား ပေးနေမှု ကြောင့် အရေးပါသည့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းများ အပေါ် ပိတ်ဆို့ အရေးယူရန် အစိုးရ၏ တုံဏှိဘာဝေ လုပ်နေမှု မဖြစ်မနေ လုပ်ရတော့မည့် အဆင့်ရောက်အောင် တွန်းပို့လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

NUG, PDF, နှင့် EAO များ အား ကူညီပံ့ပိုးမှုများ ပို၍ ပြုလုပ်သွားနိုင်ရန် လမ်းဖွင့်ပေးထားပြီး ဖြစ်သော်လည်း အမေရိကန် အစိုးရမှ မည်သို့မည်ပုံ အကောင်အထည် ဖေါ်သွားမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဟု ဆိုသည်။ လက်ရှိ အနေအထားတွင် ပြဿနာ ရေရှည်လာလေ အာဏာသိမ်း အဖွဲ့ အတွက် အကျိုးရှိလေ ဖြစ်လာနိုင်သည်ဟုလည်း ထောက်ပြသွားခဲ့သည်။

 

မိမိအမြင် ပြောရမည်ဆိုက လက်နက်မဟုတ်သော အကူအညီများ ထဲတွင် တပ်များ စုစည်းပုံ၊ ရွှေ့ပြောင်းပုံများကို တော်လှန်ရေး အဖွဲ့များအား ထောက်လှမ်းရေး ဂြိုလ်တု သတင်းများ ပေးပို့ခြင်း၊ စစ်ဖက်ဆိုင်ရာ အကြံပေးမှု များ ပါဝင်လာနိုင်ခြင်း တို့ကြောင့် လွန်စွာမှ ထိရောက်မှု ရှိနေပေသည်။ ထိုသို့ ပြုလုပ်နိုင်ကြောင်း အခန်း (၃)၊ အပိုဒ် ၃၀၁ တွင် သွယ်ဝိုက် ဖေါ်ပြထားသည်ကို တွေ့ရသည်။

 

မင်းအောင်လှိုင်မှ တုန်လှုပ်ခြောက်ချားစွာဖြင့် ရုရှားများ အား မရမက အပူကပ် ခေါ်သွင်းလာခြင်း တို့ကြောင့် အမေရိကန်ဖက်ကလည်း မဖြစ်မနေ ပါဝင်လာရခဲ့၍ ဘယ်သူမပြု မိမိမှုသာ ဟု ပြောရမည်သာ ဖြစ်သည်။

 

BURMA ACT ၏ အခန်း (၂) အပိုဒ် ၂၀၅ တွင် ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး အား အဆိုများ တင်သွင်းပြီး အကြမ်းဖက် စစ်တပ်ကို အကာအကွယ် ပေးနေသည့် ရုရှား နှင့် တရုတ်တို့ ဂုဏ်သိက္ခာ ကျဆင်းသည်ထက် ကျဆင်းလာစေရန် နှင့် ကုလမှ ပို၍ အရေးယူ ဆောင်ရွက်လာစေရန် လူသိရှင်ကြား အသံဖြင့် မဲခွဲစေရန် သမ္မတ အနေဖြင့် ညွှန်ကြားရမည် ဟုလည်း ပါရှိသည်။

 

မြန်မာ အရေး နိုင်ငံတကာ ကျွမ်းကျင်သူများ နှင့် ဖွဲ့စည်းထားသည့် အကြံပေး ကောင်စီ မှ ကြာသပတေး‌နေ့က စာတမ်း တစောင် ထုတ်ပြန်ခဲ့ရာတွင် မြန်မာ စစ်တပ် ၏ တာဝန်ခံမှု ကင်းမဲ့နေခြင်းအား အဆုံးသတ်နိုင်မည့် အဖွဲ့အစည်းသည် နိုင်ငံတကာ ရာဇဝတ်မှု များ ဆိုင်ရာ တရားရုံး အိုင်စီစီပင် ဖြစ်သည်ဟု ပါရှိခဲ့သည်။

 

၂၀၀၂ ခုနှစ်မှ စ၍ မြန်မာ စစ်တပ် မှ ရိုဟင်ဂျာ များ အပါအဝင် နိုင်ငံသား များ အပေါ် ကျုးလွန်ခဲ့သည့် ပြစ်မှု အားလုံးကို အိုင်စီစီ အနေဖြင့် စုံစမ်း အရေးယူ ပိုင်ခွင့် ရှိသည့် ဥပဒေ အကြောင်းအရာ အချက်အလက် များကို အပြည့်အစုံ ဖေါ်ပြထားခဲ့သည်။

 

နိုင်ငံတကာ မိသားစု အနေဖြင့် ထိုသို့ ရာဇဝတ်မှုများ ကျုးလွန်နေသူ အားလုံးကို အိုင်စီစီ သို့ မဖြစ်မနေ ပို့ဆောင်နိုင်ရေး အတွက် လုပ်စရာ ရှိတာ မှန်သမျှကို ပြုလုပ်ရမည်ဟု အဖွဲ့ဝင် ဖြစ်သည့် မစ္စက် ယန်ဟီလီးမှ ထောက်ပြခဲ့သည်။ မင်းအောင်လှိုင် နှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ်များသည် ထိုသို့ မလုပ်မချင်း မြန်မာပြည်သူများ အပေါ် ရက်စက်ကြမ်းကြုပ်မှု များ ဆက်၍ ကျုးလွန်နေကြမည်သာ ဖြစ်သည်ဟု သတိပေးခဲ့ပြန်သည်။

 

အိုင်စီစီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် မြန်မာပြည်သူများ အတွက် တရားမျှတမှု ဖေါ်ဆောင်နိုင်ရန် နောက်ထပ်တနှစ် အချိန်မဖြုန်းသင့်ဟု လည်း ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ ရောမ ပြဋ္ဌာန်းချက်ကို လက်ခံကြောင်း ကျေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်၍ အိုင်စီစီ အား ထိုသို့ အရေးယူနိုင်ရန် လမ်းဖွင့်ပေးထားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ အမေရိကန်မှ ထိုအရေးကို အားပေးထောက်ခံသွားမည်ဟု ဥပဒေ၏ အခန်း (၄)၊ အပိုဒ် ၄၀၁ နှင့် ၄၀၂ တွင် ဖေါ်ပြထားပြန်သည်။

 

ကုလသမဂ္ဂ မှ လည်း အကြမ်းဖက် စစ်တပ်၏ ကိုယ်စားပြုခွင့် တင်ပြလာသည်ကို ဆုံးဖြတ်ချက် ပေးရန် ငြင်းဆိုခဲ့ပြန်သည်။

 

မကြာသေးမီ ရက်ပိုင်း အတွင်းက လန်ဒန် အခြေစိုက် မြန်မာ အရေး တာဝန်ခံမှု ထွက်ပေါ်ရေး ပရိုဂျက်၏ ဒါရိုက်တာ ဖြစ်သူ ဘီဘီစီ သတင်းထောက်ဟောင်းကြီး ခရစ် ဂန်းနက်စ မှ “ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အရှေ့တောင်အာရှတွင် ပိုပေါ့ ၏ ခမာနီ အုပ်ချုပ်ရေး ကာလအတွင်း ပေါ်ပေါက်ခဲ့သော အကြမ်းဖက် လုပ်ရပ်များ နောက်တွင် တခါဖူးမျှ မကြုံဖူးသည့် အတိုင်းအတာဖြင့် မြန်မာ ပြည်သူများ အပေါ် အကြမ်းဖက်မှု ကျုးလွန်နေခဲ့သူ ဖြစ်သည်” ဟုလည်း နှိုင်းယှဉ် ပြောဆိုသွားခဲ့သည်ကို ဝါရှင်တန် ပို့စ် သတင်းစာတွင် ပါရှိလာခဲ့သည်။

 

ယခုအခါ မင်းအောင်လှိုင် နှင့် စစ်ဗိုလ်ချုပ်များအား အမေရိကန် မှ ဦးဆောင်ပြီး အဖွဲ့အစည်း အသီးသီးမှ ပြုတ်တူ ကြီး ဖြင့် ဝိုင်း၍ ညှပ်လာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!