“ရွှေဘ နောက်ပိုင်း ကြမ်းမည်” ကာလ ထဲ စတင် ချည်းနင်း ဝင်ရောက်လာပြီ

by Hla Soewai - Dec 19 2022

ကုလ အထွေထွေ ညီလာခံ၏ ကိုယ်စားလှယ် ခန့်အပ်ရေး ကော်မတီမှ တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးပြီး စစ်အာဏာသိမ်း အဖွဲ့မှ သံအမတ်အသစ် အမည်စာရင်း တင်သွင်းလာမှု အပေါ် မဲ ပင် ခွဲစရာ မလိုပဲ ဆုံးဖြတ်ချက် ပေးရန် နောက်တကြိမ် ထပ်မံ ရွှေ့ဆိုင်းလိုက်သည့် ဆုံးဖြတ်ချက်အား အထွေထွေ ညီလာခံမှ သောကြာနေ့တွင် တရားဝင် ကျေညာလိုက်ခြင်းဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရဖက်မှ ရပ်တည်လာခဲ့သူ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည် ဆက်လက် ၍ တည်မြဲသွားခဲ့ပြီ ဖြစ်သည်။

 

ထိုဆုံးဖြတ်ချက် အပေါ် လန်ဒန် အခြေစိုက် မြန်မာ အရေး တာဝန်ခံမှု ထွက်ပေါ်ရေး ပရိုဂျက်၏ ဒါရိုက်တာ ဖြစ်သူ ဘီဘီစီ သတင်းထောက်ဟောင်းကြီး ခရစ် ဂန်းနက်စ် (ပုံတွင် ရှု) မှ ကြိုဆိုလိုက်ပြီး “တရားမဝင် စစ်အာဏာသိမ်း ခေါင်းဆောင်များမှ နိုင်ငံတကာ၏ အသိအမှတ် ပြုခံရရေး ကြိုးပမ်းလာနေချိန်တွင် ယခုလို ရွှေ့ဆိုင်းခံလိုက်ရခြင်းသည် သံတမန်ရေးအရ ရော၊ သင်္ကေတ သဘောအရပါ လွန်စွာ လေးနက် မှု ရှိသည်” ဟု ဆိုသည်။

 

“ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အရှေ့တောင်အာရှတွင် ပိုပေါ့ ၏ ခမာနီ အုပ်ချုပ်ရေး ကာလအတွင်း ပေါ်ပေါက်ခဲ့သော အကြမ်းဖက် လုပ်ရပ်များ နောက်တွင် တခါဖူးမျှ မကြုံဖူးသည့် အတိုင်းအတာဖြင့် မြန်မာ ပြည်သူများ အပေါ် အကြမ်းဖက်မှု ကျုးလွန်နေခဲ့သူ ဖြစ်သည်” ဟုလည်း နှိုင်းယှဉ် ပြောဆိုသွားခဲ့သည်။

 

အဆိုပါ ပရိုဂျက်၏ တာဝန်ရှိသူ တဦး လည်း ဖြစ်သည့် ဒါမီယန် လီလီမှလည်း ကုလ အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရအား ကုလ လက်အောက်ခံ အဖွဲ့အစည်း အသီးသီး တွင် ကိုယ်စားပြုခွင့် ပေးရန် နှင့် ဦးကျော်မိုးထွန်းအားလည်း ကုလ အခွင့်အရေးများ နှင့် ခံစားခွင့်များ အပြည့်အဝပေးပါရန် တိုက်တွန်းခဲ့ပြန်သည်။

 

လက်ရှိတွင် ဦးကျော်မိုးထွန်းသည် အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိ အထွေထွေ ညီလာခံတွင် မြန်မာ ကိုယ်စားပြု တက်ရောက်ခွင့် ရှိနေသော်လည်း ကုလ လူ့အခွင့်အရေး ကောင်စီ၏ မြန်မာနေရာသည် လစ်လပ်နေဆဲပင် ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ယင်းသည် မြန်မာပြည်သူ ၅၅ သန်းမှ ၂၀၂၀ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို ရွေးချယ်တင်မြှောက်ခဲ့သော အစိုးရတရပ်၏ ကိုယ်စားပြုနိုင်ခွင့်ကို ငြင်းပယ်ရာ ရောက်နေသည်၊ အစရှိသဖြင့် ၎င်းတို့ ၏ ပြောဆိုခဲ့မှုများကို ဝါရှင်တန် ပို့စ် သတင်းစာကြီးတွင် အကျယ်တဝင့် ဖေါ်ပြထားသည်။

 

အလားတူပင် မြန်မာစစ်ကောင်စီ ကဲ့သို့ပင် နာမည်ဆိုးဖြင့် ကျော်ကြားနေသော တာလီဘန် အဖွဲ့ကိုယ်စားလှယ် စေလွှတ်ခွင့်ကိုလည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်။

 

ဦးကျော်မိုးထွန်း နှင့် RFA အင်တာဗျုးတွင် မိမိ၏ လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ တိုင်းပြည် နှင့် လူမျိုး အတွက် ကောင်းရာကောင်းကျိုး ကို ဆက်လက်သယ်ပိုးသွားမည် ဖြစ်ပြီး နိုင်ငံတကာအားလည်း မြန်မာပြည်သူတို့ ရင်ဆိုင်နေရသော အခက်အခဲ၊ ပြဿနာများကို ပိုမို သိရှိသဘောပေါက်လာအောင် ရှင်းပြသွားမည် ဟု ဆိုသည်။

 

လက်ရှိတွင် မြန်မာပြည်သူ ၂၆၀၀ နီးပါးသည် စစ်ကောင်စီ၏ ဥပဒေမဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပြီး တနိုင်ငံလုံးရှိ ပြည်သူများလည်း ကိုယ်ရော စိတ်ပါ ဒုက္ခသုက္ခများ ကြုံတွေ့နေရပြီဖြစ်သည်၊ ကုလ စာရင်းဇယားများအရ ၁၄ သန်း ခန့်ရှိ ပြည်သူများသည် အစားအသောက် ရှားပါး ပြတ်လတ်မှု နှင့် ရင်ဆိုင်နေရကြောင်း၊ ထို့အတွက်ကြောင့်လည်း ပြည်တွင်း ပြည်ပ နှင့် NUG အပါအဝင် အဖွဲ့အစည်း ပေါင်းစုံမှ ထုတ်ဖေါ်ပြောဆိုနေရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ထို့အတွက် လက်ရှိတွင် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်သွင်းရန် ဆုံးဖြတ်ချက် မူကြမ်း အား ဗြိတိန်မှ ဩဂုတ်လ ကတည်းက ဦးဆောင်ရေးဆွဲခဲ့ပြီး ယင်း အပေါ် ကောင်စီ ဝင် နိုင်ငံများ အကြား ဆွေးနွေးမှုများ ပြုလုပ်နေပြီး အတည်ပြုရန် နီးစပ်လာနေပြီ ဖြစ်၍ တိုးတက်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆုံးဖြတ်ချက် ချမှတ်ပြီးပါက မြန်မာ ပြည်သူများ အပေါ် စစ်တပ်မှ ရက်စက် ကြမ်းကြုပ်စွာ ပြုကျင့်နေမှုများ ကို ကမ္ဘာအား မီးမောင်းထိုးပြလိုက်ခြင်းသာ ဖြစ်၍ ထိရောက်ပြတ်သားသည့် အရေးယူမှုများ ဖြစ်ပေါ်လာအောင် လမ်းခင်းပေးနိုင်စွမ်း ရှိသည်ဟု လည်း ပါရှိခဲ့သည်။

 

ရန်ကုန်ရှိ ကုလ အဖွဲ့အစည်းများ နှင့် အင်ဂျီအို များ သည် အကူအညီများကို အမှန်တကယ် လိုအပ်နေသူ များ ထံ ရောက်ရှိလိုသည်ဆိုက ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း အားလုံး နှင့် ဆက်သွယ်နိုင်မှသာ ဖြစ်မည်ဟုလည်း ထောက်ပြသွားခဲ့သည်။

 

လက်ရှိတွင် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ မှ ပြည်သူတို့၏ တော်လှန်ရေးကို ပုံပေါ်လာအောင် ဆောင်ရွက်ရာတွင် ပို၍ ပို၍ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို မည်သူမျှ မငြင်းနိုင်အောင် ထင်ရှားလာနေပြီ ဖြစ်၍ ကုလ တခုတည်း အပေါ် မျှော်ကြည့်နေ၍ မရကြောင်း၊ ကုလ သည် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ပါဝင်နေ၍ နိုင်ငံတခုစီ၏ ဆုံးဖြတ် လုပ်ဆောင်မှုများကို ထည့်သွင်းစဉ်းစားရ၍ ကြန့်ကြာမှုများ ရှိနေ၍ ဖြစ်သည်ဟု ဆိုသည်။

 

အချို့နိုင်ငံများက NUG အား လူသိရှင်ကြား အသိအမှတ်ပြုခြင်း မရှိသော်လည်း အတူ လက်တွဲ လုပ်ဆောင်လာနေပြီ ဖြစ်၍ ကျန် နိုင်ငံများကိုလည်း ထိုအတိုင်း လုပ်ပေးခြင်း ဖြင့် မြန်မာ ပြည်သူများ အား အကူအညီပေးကြပါရန် တောင်းဆိုသည်ဟု ဆိုသည်၊ NUG သည် တည်ထောင်ပြီး လ ပေါင်း နှစ်ဆယ်အတွင်း တိုးတက်မှု အများအပြား ထွက်ပေါ်လာအောင် ဖေါ်ဆောင်နိုင်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။

 

မင်းအောင်လှိုင်သည် ၎င်း၏ အာဏာ တည်မြဲရေး အတွက် မည်သည်ကိုမျှပင် ဂရုမစိုက်နိုင်အားတော့ပဲ မဲမဲ မြင်ရာ တိုက်လေယာဉ်များ စေလွှတ်ကာ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြင့် စိတ်ရောကိုယ်ပါ ဖိစီးလာနေချိန်တွင် ယ ခုအပတ်အတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းအား လက်ရှိတာဝန်များ ဆက်လက် ထမ်းဆောင်ရန် ဆုံးဖြတ်ချက် နှင့် အတူ အမေရိကန် လွှတ်တော်နှစ်ရပ်လုံးမှ BURMA ACT ပါဝင်သည် ကာကွယ်ရေး အသုံးစရိတ်ကို အတည်ပြု ပေးလိုက်ပြီ ဖြစ်သည်။

 

နှစ် နှစ်လုံးလုံး သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောသလို ကိုယ်ရော စိတ်ပါ ကြိမ်မီးအုံးသလို ထိခိုက် ခံစား‌နေခဲ့ရပြီး နောက် မျှော်လင့်ချက် ရောင်ခြည်များ သမ်းလာနေပြီ ဖြစ်သည့် “ရွှေဘ နောက်ပိုင်း ကြမ်းမည်” ကာလ ထဲ စတင် ချည်းနင်း ဝင်ရောက်လာနေခြင်းဟု မဆိုက အခြားမည်သို့မျှ ပြောနိုင်ပေဦးမည်နည်း။

 

This is the moment of “Shew Ba’s comeback in full force”.

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!