၂၀၂၂ အတွက် စကားလုံးသည်က

by Hla Soewai - Dec 16 2022

ကမ္ဘာကြီးသည် နှစ်စဉ် နှစ်တိုင်းလိုလို ပြဿနာတခုမဟုတ် ကြုံခဲ့ရသော်လည်း ခေါင်းစဉ် တပ်ဖို့က မခက်လှပေ။ ဥပမာအားဖြင့် ၂၀၀၈ ခုနှစ်အတွက် ကမ္ဘာဘဏ္ဍာရေး အကျပ်အတည်းနှစ်၊ ၂၀၁၆ အတွက် ဘရက်စစ်-ထရန့် ၏ ပေါ်ပြူလစ် နှစ်၊ ၂၀၂၀ အတွက် ကိုဗစ် အစရှိသည်ဖြင့် ဖြစ်ပေသည်။

 

၂၀၂၂ အတွက် ဆိုက တကမ္ဘာလုံးကို ကြိမ်မီးအုံးသလို ဖြစ်ခဲ့ရသည့် ယူကရိန်းစစ်ပွဲ နှစ်ဟု ဆိုရမည် ဖြစ်သည်။

 

ရုရှားတို့ ယူကရိန်းအား ကျုးကျော်ခဲ့မှုကြောင့် သတင်းများအား စောင့်ကြည့် ဖတ်ရှု့နေကြသူများ အဖို့ ကာကိဗ်၊ ဇာပေါရီရှား အစရှိသည့် အမည်များ အသံထွက်တတ်အောင် လေ့ကျင့်ခဲ့ကြရသည်။ ဘယ်နေရာ တွင် ရှိမှန်း မဖြစ်မနေ သိအောင် လုပ်လာခဲ့ကြရသည်။ 

 

ယခင်က စစ်ဖက်သုတေသီများ လောက်သာ အကျွမ်းဝင်ခဲ့သည့် MANPADS, NASAMS, HIMARS အစရှိသည့် စကားလုံးများကိုလည်း နားရည်ဝလာခဲ့ကြသည်။ ဒရုန်းများအားလည်း ကာမီကာဇေဟု ခေါ်မလား၊ ဆူးဆိုက် ဒရုန်းများဟု ခေါ်မလား၊ မည်သို့ ခေါ်က ယဉ်ကျေးမှု အရရော၊ စစ်ဖက် နှင့်ရော သင့်တော်မည်နည်း အစရှိသဖြင့် ငြင်းခုံ ဆွေးနွေးရကောင်းမှန်း သိလာခဲ့ကြသည်။

 

စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး အကျပ်အတည်းများအတွက်လည်း shrinkflation ဆိုသည့် စကားလုံး အသစ်အဆန်း ပေါ်လာခဲ့ပြန်သည်၊ ထိုစကားလုံးအား ကုမ္ပဏီများမှ ဈေးနှုန်းများ မြှင့်တင်လာခဲ့ရမှုကို ဖုံးကွယ်နိုင်ရန် ကုန်ပစ္စည်းများ၏ အရွယ်အစား နှင့် အရည်အသွေးကို လျော့ချလာခဲ့မှုကို ရည်ညွှန်းရာတွင် သုံးစွဲလာခဲ့ကြသည်။ ဤနည်းဖြင့် ဈေးကို မြှင့်တင်ခြင်းမရှိပဲ ရောင်းချနိုင်ခဲ့ကြသည်။

 

တရုတ်၏ စီးပွားရေး နှေးကွေးလာမှု ကို တုန့်ပြန်ရန် decoupling ဆိုသည့် စကား ထွက်ပေါ်လာခဲ့ပြန်သည်၊ တရုတ်မှ အနောက်အုပ်စု၏ လုပ်ငန်းများ တဖြေးဖြေး ရုတ်သိမ်းရန် အတွက် ဖြစ်သည်၊ ယင်းနှင့်အတူ friendshoring ဆိုသည့် ကုန်ကြမ်းထောက်ပံ့ရေး supply chain အား မိတ်ဆွေ မဟာမိတ် နိုင်ငံများဆီ ရွှေ့ပြောင်းရေး ဆိုသည့် စကားလုံးလည်း ထွက်ပေါ်လာခဲ့ပြန်သည်။

 

တရုတ်ပြည်နှင့် စပ်လျှင်း၍ zero covid စကားလုံးသည် ယခုနှစ်တွင် ခေတ်အစားဆုံး ဖြစ်လာခဲ့သည်။

 

ကမ္ဘာရာသီဥတု ‌၂၀၂၂ တွင် အလွန်အကျွံ ပြောင်းလဲခဲ့မှု အတွက် eco-anxiety ဆိုသည့် စကားကို သုံးစွဲခဲ့ကြသည်။ ယင်းနှင့် အတူ ကိုင်ရို တွင် ကျင်းပခဲ့သော COP27 ခေါ် ကမ္ဘာရာသီဥတု ညီလာခံကြီးတွင် loss and damage စကားရပ် အပေါ် အကြိတ်အနယ် ဆွေး‌နွေးခဲ့ကြသည်။ ယင်းသည် စက်မှု နိုင်ငံကြီးများကြောင့် ကမ္ဘာရာသီဥတု သည် ယခုလို အခြေအနေ ဆိုက်ရောက်ခဲ့ရသည့်အတွက် ဆင်းရဲသော နိုင်ငံများကို အကူအညီပေးနိုင်ရန် ထိုနိုင်ငံများ အနေဖြင့် ရံပုံငွေ တရပ် ထူထောင်ပေးရေး ကို ရည်ညွှန်းပြောဆိုခဲ့ကြခြင်းပင် ဖြစ်သည်။

 

၂၀၂၁ တွင် ဖေ့စ်ဘုတ်သည် Meta ဟု အမည်ပြောင်းလာခဲ့သည်။ ယင်းနှင့်အတူ ၂၀၂၂ တွင် Metaverse ဆိုသည့် အွန်လိုင်းပေါ်မှ တဦးနှင့် အတူ အပြင်ကနှင့် မခြား ထိ‌ တွေ့ ပြောဆိုနိုင်ရန် Virtual Reality (VR) ကို သုံးနိုင်ရန် ငွေကြေး ဘီလီယံနှင့် ချီ၍ သုံးစွဲလာခဲ့သည်။ သို့သော် ဖေ့စ်ဘုတ် ဝန်ထမ်းများကြားတွင်ပင် ရေပန်းစားခဲ့ခြင်း မရှိဖြစ်သွားခဲ့ရသည်။

 

အောက်စဖို့ အဘိဓါန် ကြီးမှ goblin mode ဆိုသည့်စကားလုံးတလုံးကို တရားဝင် ထပ်မံ ထည့်သွင်းလာခဲ့သည်၊ ယင်း၏ အဓိပ္ပါယ်သည် လူများသည် ကိုဗစ်ကာလအတွင်း ပျင်းရိလာမှု၊ ပင်ပန်းနွမ်းနယ်လာမှုများ နှင့် အတူ တကိုယ်ကောင်းဆန်သည့် အမူအကျင့်များ ပြလာမှု ဟု ဖွင့်ဆိုခဲ့သည်။

 

အိမ်နှင့် ရုံးတွင် တလှည့်စီ လုပ်ကိုင်လာခဲ့မှုများကို hybrid work ဟူသော စကားလုံးကိုလည်း တီထွင်လာခဲ့ကြသည်။ 

 

လက်ရှိ‌တွင် အဆိုပါ စကားလုံးသည် အကျီးတန်မှုများ နှင့် ပြည့်နှက်နေသည်။ hybrid work ကြောင့် မြို့ပြများ အနေအထား၊ လူတို့၏ အသက်‌မွေးမှု အလုပ်များ၊ မိသားစု ဘဝများ နှင့် ကိုယ်ပိုင် အားလပ်ချိန်များကို အသစ်တဖန် ပုံဖေါ် လာနေခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွက် အဓိပ္ပါယ် များစွာ ဆောင်ကျဉ်းလာခဲ့သည့် စကားလုံးဟုသာ ဆိုရမည် ဖြစ်သည်။

 

(၂၀၂၂ ဒီဇင်ဘာ ၁၄ ရက် နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ "And the word of 2022 is ..." ကို ကောက်နှုတ်တင်ပြသည်။)