စစ်တပ်အား တာဝန်ခံစေရန် တစုတစည်းတည်း ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည် ဆိုသည့် BURMA ACT

by Hla Soewai - Dec 14 2022

ပြီးခဲ့သည့် ကြာသပတေးနေ့က အမေရိကန် အောက်လွှတ်တော်တွင် ထောက်ခံမဲ ၃၅၀၊ ကန့်ကွက်မဲ ၈၀ နှင့် ပါတီကြီး နှစ်ရပ်ပေါင်း မှ အတည်ပြုပေးလိုက်သော NDAA ဆိုသည့် ၂၀၂၃ ခုနှစ် အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေတွင် BURMA ACT (Burma Unified through Rigorous Military Accountability) ဥပဒေ ပါ ပါဝင်လာခဲ့သည်။

 

အမေရိကန်ရှိ ဥပဒေအား ခေါ်ရ လွယ်အောင် Acronym ခေါ် အင်္ဂလိပ်စာလုံး အတိုကောက်များ ဖြင့် အမည်ပေး ရသည့် အဖွဲ့မှ စစ်တပ်အား တာဝန်ခံစေရန် တစုတစည်းတည်း ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည် ဟု အဓိပ္ပါယ်ရသည့် အတိုကောက် BURMA ဟု ထွက်ပေါ်လာစေရန် စကားလုံး ရွေးချယ်ပေးမှုက အံ့မခန်းပင် ဖြစ်သည်။

 

နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ် တွင် နိုင်ငံ၏ အမျိုးသား လုံခြုံရေး နှင့် အဓိက မသက်ဆိုင်သော်လည်း လိုအပ်သည်များကို တပါတည်း ထည့်သွင်းတတ်လေ့ရှိရာ မြန်မာနိုင်ငံအတွက် အောက်လွှတ်တော် အမတ်များ ဖြစ်သည့် စတိဗ် ချက်ဘော့၊ မိုက် လီဗင် နှင့် ဂရီဂိုရီ မိခ် တို့က ပူးတွဲ တင်သွင်းခဲ့ကြ၍ ပါရှိလာခဲ့သည်။

 

အမေရိကန် အတွက် အရှေ့တောင် အာရှ နိုင်ငံများ နှင့် ဆက်ဆံရေး တွင် အဓိကကျသည်ဟု ယူဆခဲ့ကြ၍ ဖြစ်သည်။ တကယ်တမ်းတွင် NDAA အား အောက်လွှတ်တော်မှ ၂၀၂၂ ဧပြီ ၂၆ ရက် နေ့တွင် အတည်ပြု ပြဋ္ဌာန်းပေးခဲ့သော်လည်း ဆီးနိတ် ရှိ ရီပတ်ဘလီကင်များက ၎င်းတို့ ပါစေချင်သည်များ မပါသောကြောင့် အတည်ပြုနိုင်ခဲ့ခြင်း မရှိသဖြင့် အမေရိကန် သက်တမ်းလည် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာသည်အထိ အချိန်ဆွဲနေ၍ ကြံ့ကြာနေခဲ့ရခြင်း ဖြစ်သည်။ ရီပတ်ဘလီကင် များက BURMA ACT ကို ကန့်ကွက်ခဲ့ကြ၍ တော့ မဟုတ်ပေ။ အဓိက အားဖြင့် အမေရိကန် တပ်ဖွဲ့ဝင်များအား ကိုဗစ် ကာကွယ်ဆေး မဖြစ်မနေ ထိုးရမည် ဆိုသည်ကို ပယ်ဖျက်ပေးရန် ရီပတ်ဘလီကင်များက တွန်းတွန်း တိုက်တိုက် လုပ်လာ၍ ဖြစ်သည်။

 

နောက်ဆုံးတွင် ပါတီကြီး နှစ်ရပ်ပေါင်း၍ အပြန်အလှန် အပေးအယူ ဖြင့် အဆိုပါ အချက်ကို ပယ်ဖျက်ပေးခဲ့၍ ဆီးနိတ်တွင် အခက်အခဲ မရှိ ဖြတ်သန်းနိုင်မည် ဖြစ်သော်လည်း သမ္မတ ဂျိုးဘိုင်ဒင်က ထိုကိစ္စ အပေါ် လုံးဝ အစာမကြေ ဖြစ်နေ၍ မရေမရာ ထပ်ဖြစ်လာနေသည်ဟု အိမ်ဖြူတော်မှ သတင်းများ ထွက်ပေါ်နေသည်။

 

ဒေါ်လာ ၈၅၈ ဘီလီယံ တန်ဖိုးရှိ ကာကွယ်ရေး အသုံးစရိတ်ကို အတည်ပြုလက်မှတ်‌ရေးထိုးပေးနိုင်ခြင်း မရှိက အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အတွက် ဘာမှ လုပ်ခွင့်မရ ဖြစ်သွားနိုင်ပေသည်။ ထို့အတွက် သက်ဆိုင် သူများ အနေဖြင့် ဖိအားပေးခံနေကြရသည်။

 

BURMA ACT တွင် အရေးကြီးဆုံး အဖြစ် ပါဝင်လာသည်မှာ စစ်တပ်အတွက် လက်နက်များ ဝယ်ယူရန် အဓိက ငွေကြေးများ ရရှိနေသည့် မြန်မာရေနံ နှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့ ဒဏ်ခတ်ရန် ဖြစ်သည်။ ထို့အပြင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နှင့် ပတ်ဝန်းကျင် ဒေသများရှိ တိုင်းရင်းသား လူနည်းစုများ နှင့် အရပ်ဖက် အဖွဲ့ အစည်းများအား အကူအညီများပေးရန်၊ မြန်မာ ရှိ ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများအား တနှစ်လျှင် ဒေါ်လာ သန်း ၅၀ ဖြင့် ၂၀၂၇ နှစ် အထိ ပေးသွားရန်၊ ထို့အပြင် မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ပတ်ဝန်းကျင် ဒေသများတွင် လူသားချင်း စာနာထောက်ထားသည့် အကူအညီ နှင့် နိုင်ငံတွင်း ပြန်လည် သင့်မြတ်ရေးကို ရှေ့ရှုနိုင်ရေး အတွက် ဒေါ်လာ ၂၂၀.၅ သန်းအား ၂၀၂၃ ခုနှစ် အတွင်း ထောက်ပံ့သွားရန် တို့ ပါရှိသည်။ နိုင်ငံရေး အကျဉ်းသား များ အား အကူအညီပေးရေး နှင့် စစ်တပ်၏ လက်ရှိ လူသားများ အပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများ အား စုံစမ်းစစ်ဆေးနေသော အဖွဲ့များအား ရံပုံငွေ ထောက်ပံ့ပေးသွားရန်လည်း ပါဝင်သည်။

 

အရပ်ဖက် လူ့အဖွဲ့အစည်း များ နှင့် မီဒီယာများ အား အကူအညီများ ပေးရာတွင် ဖမ်းဆီးခံရမည့် အန္တရာယ် ရှိနေသူများ အတွက် လုံခြုံမှု ရှိသည့် နေရာထိုင်ခင်းများ ဖန်တီးပေးရန်၊ စိတ်ချရသော ဆက်သွယ်ရေး လမ်းကြောင်းများ တည်ဆောက်ပေးရန်၊ အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေကြသည့် လူပုဂ္ဂိုလ်တဦး ချင်းစီ အတွက် အကူအညီများပေးသွားရန်၊ အင်တာနက် လွတ်လပ်ခွင့် နှင့် လွတ်လပ်သော မီဒီယာ များ ရှင်သန်နိုင်ရေး အတွက် လိုအပ်သော နည်းပညာ နှင့် ငွေကြေး အကူအညီများ ထောက်ပံ့ရန်၊ ဒီမိုက‌ရေစီ အရေး လှုပ်ရှား နေသူများကို အကူအညီနှင့် သင်တန်းများ ပို့ချပေးရန် အစရှိသည် ဖြင့် ပါဝင်နေသည်။

 

ထို့အတွက် ခေါင်းစဉ်ကြီး ငါးခု၊ အခန်းငယ်ပေါင်း ၁၆ ခန်း ပါဝင်သည့် BURMA ACT တွင် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တို့အား အမည်နှင့် တကွ ဖေါ်ပြလာ၍ မြန်မာတို့၏ တော်လှန်ရေး အား တိုက်ရိုက် အကူအညီပေးသွားနိုင်သည့် ဂယ်ပေါက်များ စွာ ရှိလာနိုင်သည်က အသေအချာပင် ဖြစ်သည်။

 

စစ်ကောင်စီသည် ၎င်းတို့ ၏ နောက်လိုက်များ အကြား အကြောက်တရား နှင့် သို့လော သို့လော ဖြစ်လာမည့် အရေးကို ဖုံးလွှမ်းရန် သတင်း မပေါက်ကြားစေရ ဟူသော ကတိဖြင့် နိုင်ငံတော် အတိုင်ပင်ခံ နှင့် NLD turncoats များ အား တွေ့ခိုင်းခဲ့သည်ကို ကတိဖျက်ကာ ပေါက်ကြားအောင် လုပ်ခဲ့ ခြင်းဖြင့် အဆိုပါ သတင်းအား ဖုံးလွှမ်းရန် ကြံစည်ခဲ့ကြခြင်း ဖြစ်ပုံရပေသည်။

 

ယနေ့ ထပ်မံရရှိသော အိန္ဒိယ နိုင်ငံထုတ် The Hindu သတင်းစာကြီးမှ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီ တွေ့ဆုံခန်းတွင် မိမိနှင့် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး တို့ စက်တင်ဘာလ အတွင်း ကုလသမဂ္ဂတွင် တွေ့ဆုံခဲ့စဉ်က မြန်မာ နှင့် နီးနီးစပ်စပ် မလုပ်ခြင်း ဖြင့် အာဆီယံ ၏ ကြိုးပမ်းနေမှုများကို လေးစားသမှုဖြင့် ထိရောက်အောင် ပံ့ပိုးပေးသင့်သည်ဟု သတိပေးခဲ့ကြောင်း ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။ ထိုသို့ မဟုတ်ဘဲ ကိုယ်ကျိုးစီးပွား အတွက် လုပ်နေမည်ဆိုလျှင် မြန်မာ အရေးကို ကူညီဖြေရှင်းပေးရာ မရောက်ဟုလည်း သူမက ပြောခဲ့သည်ဟု ပါရှိခဲ့သည်။

 

ဒီမိုကရေစီ အား ကာကွယ်ပေးရမည့် အစား အိန္ဒိယ၏ အရှက်ကင်းမဲ့စွာ အကြမ်းဖက် စစ်ခေါင်းဆောင်များ နှင့် ပလူးပလဲ လုပ်နေသည်များကို အာဆီယံ က မနှစ်မြို့ကြောင်း သူမ၏ စကားတွင် အထင်အရှား တွေ့လာရသည်။

 

အလားတူပင် South China Morning Post သတင်းစာကြီးမှ ဗီယက်နမ် သည် ၎င်းတို့၏ ၂၀၁၆ နိုင်ငံရေး အစီရင်ခံစာ၌ နိုင်ငံတကာ မိသားစုတွင် တာဝန်သိသည့် အဖွဲ့ဝင် ဖြစ်ရန် ကြိုးပမ်းသွားမည်ဟု ဆိုသော်လည်း မြန်မာ အရေး နှင့် ပတ်သက်၍ “စောင့်ကြည့်သွားမည်” ဟု ပြောခဲ့သည်မှ လွဲ၍ မည်သို့မျှ အရေးယူ ဆောင်ရွက် ခဲ့မှု မရှိ၍ မိမိ၏ ဂုဏ်သိက္ခာ ကို မငဲ့ကွက်ဘဲ အာဏာရှင် အချင်းချင်း အပြန်အလှန် ရပ်တည်သွားမည် သဘော မျိုး လုပ်နေသည်ဟု ဝေဖန်ရေးသားလာခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!