နဖူးပေါ် လက်တင်သင့်ပြီ

by Hla Soewai - Dec 14 2022

မင်းအောင်လှိုင်၏ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့မှုသည် သူ ဖြစ်စေချင်သည်နှင့် ပြောင်းပြန်ရလဒ်များ ထွက်ပေါ်လာခဲ့လေပြီ ဖြစ်သည်။

 

နိုင်ငံအနှံ့လည်း ၎င်း၏လက်ဝေခံ တပ်များက နှိပ်စက်လုယူ သတ်ဖြတ်မှု ပြုခြင်းများ နှင့် နပမ်းလုံးနေရချိန်တွင် ရာဇဝတ် မှုများ ထူပြောလာနေသည် ဆိုသည်အား အိမ်နီးချင်း စင်္ကာပူ နိုင်ငံထုတ် စထရိတ်တိုင်းမ် သတင်းစာ ကြီး မှ နေ့ခင်းကြောင်တောင် ရန်ကုန် မြို့လယ်ရှိ ဘတ်စ်ကား တစီး ပေါ်တွင် လူအုပ်စု နှင့် တက်၍ လုယက်မှု ဖြစ်ပွားလာခဲ့မှုအား အသေးစိတ် ဖေါ်ပြလာခဲ့သည်ကပင် ၎င်းတို့ အတွက် ရှက်ဖွယ်လိလိ ဖြစ်လာရသည်။

 

အဆိုပါ သတင်းစာကြီးမှ နိုဝင်ဘာလ အတွင်း နေ့လည်ခင်းတွင် မအေး ဆိုသူ အမျိုးသမီးသည် မင်္ဂလာ ဈေးမှ ဝယ်ခြမ်းပြီး လူများ ပြည့်ကျပ်နေသော ဘတ်စ်ကားပေါ် တက်စီးပြီး အိမ်ပြန်လာခဲ့သည်ဟု ဆိုသည်။ လမ်းတွင် လူငယ် အရွယ် ဆယ်ဦးခန့် ကားပေါ် တိုးဝှေ့တက်လာပြီး ကားပေါ်ရောက်သည်နှင့် ဓါးများကို ထုတ်ကာ ခရီး သည်များ ဆီမှ ငွေများ လုယက်သွားသည်။ လူတဦး မှ ဝင်ရောက် ကာကွယ်ရန် ကြိုးစားခဲ့သဖြင့် လုယက်သူ များက ဝိုင်းရိုက်သွားခဲ့ကြောင်း ပါရှိသည်။

 

ထိုသတင်း သည် သာမန် အဆင့်မျှသာ ဖြစ်သော်လည်း စစ်အာဏာသိမ်း အဖွဲ့ လက်အောက်တွင် နိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု ပျက်ပြားနေပြီး ပြည်သူများသည် ၎င်းတို့ ရန်အပြင် ဂိုဏ်းဖွဲ့ လုယက်ဆိုးသွမ်းနေသူများ၏ ဒဏ်ကြောင့် ကျီးလန့်စာစား ဖြစ်နေကြရသည်ကို အထင်အရှား ဖေါ်ပြလိုက်ခြင်းပင် ဖြစ်သည်။ ညဖက်များ တွင်လည်း ခွေးဟောင်သံကြားသည် နှင့် နားတစွင့်စွင့် နေကြရသည့် အခြေအနေမျိုး ကြုံတွေ့နေကြရသည်။ လူမှုရေး ပြဿနာများ ကိုယ်စီကိုယ်ငှ ကြုံတွေ့နေကြရသည်။ ထိုအထဲတွင် အသက်အိုးအိမ် စည်းစိမ် ပျက်စီး ဆုံးရှုံးသွားခဲ့ရသူ များအဖို့မှာ ဆိုဖွယ်ရာ မရှိတော့။

 

အစိုးရဟု အမည်ခံကာ အုပ်ချုပ်နေသော စစ်တပ်သည် ပြည်သူများ အား ကာကွယ်ပေးဖို့ ဝေးစွ ၎င်းတို့ သည်ပင် ပြည်သူများ အတွက် အကြီးမားဆုံး သော အန္တရာယ် ကြီး Clear and Present Danger ဖြစ်လာနေသည်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးလာရန် လုပ်နိုင်ဖို့ ဝေးစွ ၎င်းတို့ ဆက်လက် သက်ဆိုး ရှည်နိုင်ရေး အတွက် နေ့စဉ်နှင့် အမျှ စစ်စရိတ်များ ဒေါ်လာ သိန်းချီ သုံးစွဲနေကြရသည်။

 

ထိုကဲ့သို့ တတိုင်းပြည်လုံးရှိ လူအပေါင်း၏ စိတ်နှလုံး ကြိမ်မီးအုံးအောင် မဲသမာမှု အကြောင်းပြကာ မိမိ အကျိုး စီးပွား တခုတည်းကို ကြည့်၍ ဖန်တီးခဲ့မှုသည် ဗုဒ္ဓဘာသာ ရှုထောင့်အရ မည်မျှ အပြစ်ကြီး မည် ဆိုသည်မှာ တွေးဝံ့စရာပင် မရှိပေ။

 

မင်းအောင်လှိုင်သည် ပြည်သူများ အား ဆန့်ကျင်အံတုကာ စစ်ပွဲ ဆင်နွှဲနေခြင်းသည် နှစ်နှစ် ကြာလာသည့်တိုင် မည်သို့မျှ မနိုင်နိုင်မှန်း သိနေသော်လည်း အဆုံးသတ်၍ မဖြစ်တော့သဖြင့် ဆင်ကန်း တောတိုး ခရီးနှင်နေရလေ သည်။ ထို ခရီးကြမ်းတွင် ၎င်း အား ထောက်ခံသူများသည် ပြန်ပြီး ဆန့်ကျင်လာ၍ မရအောင် ကြံရာပါ များ အဖြစ် တရစ်ပြီး တရစ် တုတ်နှောင်လာနေရသည်။ ၎င်း ၏ ဆင်ဖမ်းမယ် ကျားဖမ်းမယ် ဆိုသော အဓိပ္ပါယ်မရှိ ဝါဒ ဖြန့်ချီမှု များကို ကြိတ်မှိတ် ယုံနေကြရသည်။ အချင်းချင်းလည်း ကျောသပ်ရင်သပ်နှင့် အားပေးနေကြ ရသည်။

 

မည်သို့ပင် ဖြစ်စေ ၎င်းတို့ အာဏာ ဆက်လက် ဆုပ်ကိုင်နေသရွေ့ အောက်ခြေ စစ်သားများအနေနှင့် လာမည့်နှစ် ဒီလို အချိန်တွင် အသက်နှင့် ခန္ဓာ မြဲနေပါဦးမည်လား ဟု မဖြစ်မနေ တွေးလာကြရဖို့သာ ရှိပေသည်။

 

ရုရှား အတိုက်အခံ ခေါင်းဆောင် အလက်ဆီ နာဗာနီ ၏ တရားခွင်တွင် ပြောဆိုချက်အပေါ် ကိုးကားရမည် ဆိုလျှင် “အခြေအနေများသည် တဖြေးဖြေး လျောကျ လာခြင်းမျိုး မဟုတ်ဘဲ ခုန်ပျံ ကျော်လွှားပြီး တလိမ့် ခေါက်ကွေး ကျလာနေ၍ မကာကွယ်နိုင်ပါက အောက် အရောက်တွင် မည်မျှအထိ အကျနာမည့် အပြင် မည်သို့ မည်ပုံ ကျေမွ သွားမည် ဆိုသည်ကိုသာ စောင့်ကြည့်ကြရဖို့ ရှိသည်” ဟု ဆိုသည်။

 

အနန္ဒ သူရိယ အမတ်ကြီး၏ လင်္ကာ ဖြစ်သော “သူတည်း တယောက် ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ ပျက်လင့် ကစား” သာ ကြာဖူး၏၊ ယခုတော့ လူ ငါးဆယ့်နှစ်သန်း စလုံး လုံးပါး ပါးတော့မည် အရေးပင် ဖြစ် သည်။ ပြည်သူများ အဖို့က ၎င်းတို့ တသက် မည်သည့်အခါမျှ မကြုံခဲ့ဖူးသော ယုတ်မာ ဆိုးသွမ်းလှသည့် အုပ်ချုပ်ရေး စနစ် နှင့် ရင်ဆိုင်နေကြရပြီ။ ထိုသို့ ကြုံနေရသည်ကို နိုင်ငံတကာ မှလည်း တဖြေးဖြေး နှင့် အသိအမှတ် ပြုလာကြပြီ ဖြစ်သည်။

 

ရွေးကောက်ပွဲ လုပ်ဖြစ်ပြီး သမ္မတ ဖြစ်လာသည် ဆိုစေဦး၊ ယခုလို ပုံစံမျိုးဖြင့် သတ်ဖြတ် မီးရှို့၊ ဗုံးကြဲ ဖြင့် မည်မျှ ကြာကြာ ဆက်၍ နေသွားနိုင်မည်နည်း ဆိုသည်ကို ကိုယ့်ကိုယ်ကိုယ် ပြန်၍ မေးခွန်းထုတ်ရပေတော့ မည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!