ဂျာမဏီတွင် အာဏာသိမ်းရန် ကြံစည်မှု ဖြိုခွင်းခံရ

by Hla Soewai - Dec 13 2022

အာဏာသိမ်းရန် ကြိုးပမ်းမှု တွင် မင်းအောင်လှိုင်ကဲ့သို့ ကံမကောင်းရှာသဖြင့် မလောက်လေး မလောက်စား ညဏ် ဖြင့် အစိုးရအား ဖြုတ်ချရန် ကြံစည်သူ နှစ်ဒါဇင် ခန့် ထောင်နန်းစံသွားခဲ့ရပြီ ဖြစ်သည်။

၎င်းတို့၏ အကြံအစည်သည် Babylon Berlin တီဗီ ဇာတ်လမ်းထဲက ဇတ်ကွက်များထက် မပိုဟု ဗြိတိသျှ သတင်းစာကြီး ဖြစ်သော အီကော်နော်မစ် မဂ္ဂဇင်းတွင် "The Unhappy Prince" ခေါင်းစဉ် ဖြင့် ရေးသားခဲ့သည်ကို ကောက်နှုတ်တင်ပြသွားပါမည်။

အဆိုပါ တီဗီဇာတ်လမ်းတွဲ၏ အဓိက ကျောရိုးသည် ပထမ ကမ္ဘာစစ် အပြီး ဂျာမန်တို့ အရေးနိမ့်ခဲ့သဖြင့် ကိုင်ဇာဘုရင် ထီးနန်း စွန့်ခဲ့ရပြီးနောက် ဖွဲ့စည်း တည်ထောင်ခဲ့သည့် ဝိုင်မာ သမ္မတ နိုင်ငံ အစိုးရအား ဖြုတ်ချပြီး ဘုရင်စနစ် ပြန်လည် သွတ်သွင်းရန် ကြံစည်ခဲ့မှူ ဖြစ်သည်။

‌ဒီဇင်ဘာ ၇ ရက် မနက် အာရုံတက်ချိန်တွင် အင်အား ၃,၀၀၀ ရှိ ရဲတပ်ဖွဲ့ နင့် အထူး ကွန်မန်ဒို တပ်ဖွဲ့ဝင် များသည် နိုင်ငံတွင်း ပြည်နယ် ၁၁ ခုရှိ နေရာအသီးသီးကို တပြိုင်တည်း ဝင်ရောက်စီးနင်းပြီး လူ ၂၅ ယောက်ကို ဖမ်းဆီးခဲ့ကြသည်။ ဖမ်းဆီးခံရသူများသည် စစ်တပ် နှင့် အဖွဲ့အစည်းများမှ အစိုးရ အား နောက်ကွယ်မှ ကြိုးကိုင် အုပ်ချုပ်နေသည့် 'deep state' ဖြစ်ပေါ်နေသည်ဟု ယူဆကာ ဖြုတ်ချရန် ကြံစည်နေသည်ဟု သံသယ ရှိခံထားရသူ များ ဖြစ်သည်။

အဖမ်းခံရသူများ ထဲတွင် Babylon Berlin ထဲကလိုပင် မင်းသားတပါး၊ တရားသူကြီးတဦး နှင့် ဂျာမန် လက်နက်ကိုင်အဖွဲ့ အထူးလက်ရွေးစင်တပ်ဖွဲ့ တပ်မှုးဟောင်းလည်း ပါဝင်နေသည်။

ထိုပုဂ္ဂိုလ်များသည် ပြည်သူများ ‌‌ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သည့် အစိုးရ ယန္တရား ကို ဖြုတ်ချ အာဏာသိမ်းရန် ကြိုးပမ်းခဲ့မှု ကြောင့် ရာဇဝတ်ကြောင်းအရ ‌အရေးယူသွားမည်ဟု ဂျာမန် အစိုးရ ရှေ့နေ ရုံးမှ ကျေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်းတို့သည် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလာမည့် စစ်ကောင်စီ ခေါင်းဆောင်နှင့် နိုင်ငံ အကြီးအကဲ အဖြစ် 'မင်းသား" ဟိုင်းဒရစ်ခ်ျ ဆယ်သုံး ကို ပင် ၂၀၂၁ ကတည်းက တင်မြှောက်ထားခဲ့ကြပြီး ဖြစ်သည်။ ၎င်းသည် အသက် ၇၁ နှစ် ရှိပြီး ၁၉၁၈ ခုနှစ်အထိ ဂျာမဏီ အရှေ့ပိုင်းရှိ ရိုက်စ် ပြည်နယ်ကို အုပ်ချုပ်မင်းလုပ်ခဲ့သူများ၏ အနွယ်တော်လည်း ဖြစ်သည်။ သို့သော် လည်း ရိုက်စ် မင်းဆွေမင်းမျိုးများကမူ ၎င်းနှင့် မပတ်သက်ကြောင်း ခါးခါးသီးသီး ငြင်းဆိုခဲ့ကြသည်။

ဖမ်းဆီးခံရသူ အားလုံးသည် လက်ယာ အစွန်းရောက်များ ဖြစ်ကြပြီး ဂျုးမုန်းတီးရေး နှင့် လူမျိုးကြီး ဝါဒကို စွဲကိုင်ကာ လက်ရှိ လစ်ဘရယ် ဒီမို ကရေစီ ဖြင့် တည်ထောင်ထားသည့် ဖက်ဒရယ် သမ္မတ နိုင်ငံ ကို အလိုမရှိပဲ ၁၈၇၁ ကကဲ့သို့ ရိုက်ခ်ျ နိုင်ငံတော် ကို တည်ထောင်လိုသူများ ဖြစ်သည်။

ဘာလင်ရှိ တရားသူကြီး တဦး ဖြစ်သော မစ္စက်
ဘရစ်ဂျစ် မတ်ဆာ ဝင်ကယ်မန်း အား ရိုက်ခ်ျ နိုင်ငံတော်သစ် ၏ တရားရေး ဝန်ကြီး အဖြစ် ခန့်အပ်ထားခဲ့ကြောင်းနှင့် "ဗစ်တာလီယာ ဘီ" ဆိုသည့် ရုရှား နိုင်ငံသား တဦးသည် ၎င်းတို့အတွက် ရုရှား အစိုးရနှင့် အဆက်အသွယ် ရရန် ဆောင်ရွက်ပေးခဲ့ကြောင်း အစိုးရ ရှေ့နေရုံး၏ ကျေညာချက်တွင် ပါရှိခဲ့သည်။

အဆိုပါ အဖွဲ့၏ လက်နက်ကိုင် အင်အားစုသည် ဂျာမန် လွှတ်တော်ကို ဝင်ရောက်စီးနင်းရန် ကြံစည်ခဲ့ခြင်း ရှိမရှိကို စုံစမ်းနေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် သုံးနှစ်လုံးလုံး ဂျာမန် ပြည်တွင်း ထောက်လှန်းရေး အေဂျင်စီ အကြီးအကဲ သောမတ်စ် ဟာဒင်ဝမ်သည် ဂျာမန် ဒီမိုကရေစီကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်သည် လက်ယာ အစွန်းရောက် အင်အားစု တရပ် ရှိနေကြောင်း သတိပေးနေခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ကြားရသူ အပေါင်းက ရူးနှမ်းနှမ်း စိတ်ကူးယဉ်နေကြသည့် မလောက်လေး မလောက်စား အဖွဲ့လေးများသာ ဖြစ်၍ အရေးလုပ်စရာ မလိုဟု ယူဆခဲ့ကြသည်။

မစ္စတာ ဟာဒင်ဝမ်ကတော့ အဆိုပါ အဖွဲ့သည် အမှန်တကယ်တည်ရှိနေပြီး အကြီးအကျယ် အန္တရာယ်ပေးလာနိုင်‌သည်ဟု မဆုပ်မနစ် ပြောဆိုနေခဲ့သည်။ ၎င်း၏ ထောက်လှန်းရေး အဖွဲ့မှ ထိုကဲ့သို့သော အဖွဲ့များကို မျက်ခြေမပြတ် စောင့်ကြည့်လာခဲ့ကြသည်။

၎င်းတို့၏ အင်အားသည် စုစုပေါင်း ၃၄,၀၀၀ ခန့် ရှိနေပြီး ထိုအထဲမှ ၁၃,၅၀၀ သည် အကြမ်းဖက်ရန် ဝန်မလေးသူများ ဖြစ်သည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ် အတွင်း အဆိုပါ လက်ယာ အစွန်းရောက် အဖွဲ့ဝင် များသည် နိုင်ငံခြားသားများကို တိုက်ခိုက်ခြင်း အပါအဝင် အကြိမ်ပေါင်း ၂၀,၂၀၁ ခန့် ပြစ်မှု ကျုးလွန်ခဲ့ကြပြီး ဖြစ်သည်။

လက်ရှိ ဖမ်းဆီးခဲ့မှု ‌အပေါ် ဂျာမန် နိုင်ငံသားများက တ‌အံ့တဩ ဖြစ်ခဲ့ကြသော်လည်း မစ္စတာ ဟာဒင်ဝမ် နှင့် လုံခြုံရေး ဖက် ဆိုင်ရာ ကျွမ်းကျင်သူများကတော့ အံ့ဩခဲ့ကြခြင်း မရှိပေ။ ပြီးခဲ့သည့် ဧပြီလ အတွင်းက ကျန်းမာရေး ဝန်ကြီး ကားလ် လောက်တာဘတ်ခ်ျ အား ပြန်ပေးဆွဲရန် ကြံစည်နေသည်ဟုပင် သတိပေးထားခဲ့ပြီး ဖြစ်သည်။

ပုံတွင် မြင်တွေ့ရသော ‌တွိ ဂျက်ကက်၊ သက္ကလပ် အကြမ်းစား ဘောင်းဘီ ဝတ်ထားကာ သနားစဖွယ် မျက်နှာပေး နှင့် လက်ထိပ်ခပ် ခံထားရသော ဟိုင်းဒရစ်ခ်ျ ဆယ်သုံးသည် တကယ်တမ်းတွင် ကောင်းစွာ လက်နက်တပ်ဆင် လေ့ကျင့်ပေးထားသည့် အကြမ်းဖက် အုပ်စု ၏ ခေါင်းဆောင် ဟု ယုံကြည်ခြင်း ခံထားရသူ ဖြစ်သည်။