အမေရိကန် NDAA အတည်ပြု၊ အမေရိကန် မှ မြန်မာ နှင့် သံတမန် ဆက်ဆံရေး အဆင့် လျှော့ချ

by Hla Soewai - Dec 10 2022

အ‌မေရိကန် အောက်လွှတ်တော် မှ အမေရိကန် နိုင်ငံကာကွယ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့် ပြဋ္ဌာန်းသည့် ဥပ‌ဒေ National Defense Authorization Act ကို ဒီဇင်ဘာ ၇ ရက်နေ့က အတည်ပြု ပေးလိုက်ပြီ ဖြစ်သည်။ တနည်းဆိုက အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာန အတွက် နှစ်စဉ် အသုံးစရိတ် ချပေးခြင်းပင် ဖြစ်ပြီး ထိုအသုံးစရိတ်ထဲတွင် Burma Act ကို အကောင်အထည် ဖေါ်ရန် ပါ ရံပုံငွေ ထည့်သွင်းပေးထားသည်။ သမ္မတ ဘိုင်ဒင် လက်မှတ်ထိုးပြီးပါက အတည်ဖြစ်သွားပေမည်။

 

၂၀၂၃ ခုနှစ် အတွက် အမေရိကန် ကာကွယ်ရေး အသုံးစရိတ် သည် ဒေါ်လာ ၈၅၈ ဘီလီယံ ဖြစ်လာပြီး တိုင်ဝမ် အတွက် ၁၀ ဘီလီယံ ပါဝင်သည်ဟု သိရသည်။

 

အဆိုပါ ဥပ‌ဒေအား ဆီးနိတ် နှင့် အောက်လွှတ်တော်ရှိ ပါတီကြီး နှစ်ရပ် လပေါင်းများစွာ ကြာအောင် အပေးအယူ လုပ် ဆွေး‌နွေးကာ အတည်ပြုပေးခဲ့ခြင်း ဖြစ်ပြီး ဂျိုးဘိုင်ဒင်မှ ခရစ်စမတ် မတိုင်မီ လက်မှတ်ထိုးမည်ဟု မျှော်လင့်ရသည်။

 

အဆိုပါ ဥပဒေ အရ ပထမဆုံးအကြိမ် အဖြစ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေး တပ်များအား လက်နက် မဟုတ်သည့် နည်းပညာ များ ကူညီ ထောက်ပံ့ရေး၊ CDM တပ်မတော်သားများအား အကူအညီပေးရေး အပါအဝင် အစီအစဉ် ၇ ခု ပါဝင်သည်ဟု သိရသည်။

 

 မင်းအောင်လှိုင်သည် ယူကရိန်း စစ်ပွဲကြောင့် ကျားနာတကောင် အဖြစ် ဘဝပြောင်းသွားရရှာသော ရုရှားအား လူထုကို ခြိမ်းခြောက်ပြနိုင်ရန် အားကိုးခဲ့သော်လည်း အမေရိကန် အပါအဝင် အနောက်အုပ်စုက ၎င်းတို့ တူးတူးခါးခါး ဆန့်ကျင့်နေသော ရုရှား ကြောင့် လက်ပိုက်ကြည့်နေကြတော့မည် မဟုတ်ပေ။ အရင်လို တုံဏှိဘာဝေ လုပ်နေ၍ မရတော့၊ မြန်မာအား ရုရှားတို့ အုပ်မိသွားက ဘိုင်ဒင်၏ အင်ဒို-ပစိဖိတ်လည်း မြောင်းထဲရောက်သွားယုံမျှ မက ၎င်း၏ ပျော့ညံ့မှု အဖြစ် သမိုင်းတရားခံ ဖြစ်ရှာပေတော့မည်။

 

ရုရှား စစ်သားများ မြန်မာမြေပေါ် နင်းလာချိန်သည် မင်းအောင်လှိုင်၏ ဘဝ beginning of the end ပင် ဖြစ်ပေတော့သည်။

 

တရုတ်သည် ထိုသို့ အမေရိကန် တို့ ပါဝင် ပတ်သက်လာမည့် အရေးကို အထူး စိုးရိမ်ပြီး လူသိရှင်ကြား ထောက်ခံမှု မလုပ်ခဲ့၍ အားမလို အားမရ ဖြစ်လာသော မင်းအောင်လှိုင်သည် ၎င်း၏ နောက်လိုက်များ စိတ်အားတက်ကြွလာ‌စေရန် ငါတို့ကို ရုရှား ထောက်ခံနေတယ် ဟု ပြောနိုင်ရေး အတွက် အကြိမ်ကြိမ် သွားပြီး ရှစ်ခိုးဦးချမတတ် တောင်းပန် တိုးလျိုးခဲ့၍သာ ရုရှားမှ ဖောက်သည် မပျက်စေရန် ‌လိုက်လိုက်လျောလျော လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင် ၏ လုပ်ရပ်သည် အမေရိကန်တို့ ဝင်လာအောင် မရည်ရွယ်ပါပဲလျှက် တံခါးဟပေးသလို ဖြစ်လာခဲ့ရသည်။ နောက်ပိုင်းတွင် ပို၍ ပူးလေ အမေရိကန် တို့ ထဲထဲဝင်ဝင် ပါဝင်လာလေပင် ဖြစ်ပေတော့မည်။

 

NDAA သည် တော်လှန်ရေး၏ တံခါးပေါက်များစွာ ကို တွန်းဖွင့်ပေးနိုင်တော့မည် ဖြစ်သည်ဟု ဧရာဝတီ သတင်းက ဖေါ်ပြထားသည်။ လက်ရှိတွင် အကြမ်းဖက် စစ်တပ် နှင့် ခိုးကြောင်ခိုးဝှက် ‌‌ဆွေး‌ နွေး ရန် ကြံနေသည့် အပစ်ရပ် အီးအေအိုများလည်း ၎င်းတို့၏ မူဝါဒကို ပြန်လည် သုံးသပ်ရန် အကြောင်းဖန်လာခဲ့ပြီ ဖြစ်သည်။

 

ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်မှ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF စစ်ရုံးချုပ် ဌာနကြီး ငါးခု ဖြင့် ဖွဲ့စည်းထူထောင်ပြီးဖြစ်ကြောင်း နှင့် အဆင့်ဆင့် ကွပ်ကဲ အမိန့်ပေး သွားနိုင်ပြီ ဖြစ်သည်ဟု ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် အခွင့်အလန်းများ ပွင့်လာသည် နှင့်အမျှ မိမိတို့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တသွေးတည်း တသံတည်း ဖြစ်ကြောင်း ပြသနိုင်ရန် စေ့ဆပ်‌ ဆွေးနွေးရေး လုပ်ငန်းစဉ်များကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်သွားကြရမည်သာ ဖြစ်သည်။ ပြည်သူများ စစ်ကျွန် ဘဝ မှ အမြန်လွတ်မြောက်နိုင်ရေးသာ ပဓာန ဖြစ်နေပေသည်။

 

လက်ရှိ သံအမတ်ကြီး သောမတ်စ် ဗိုင်ဒါသည် ခရစ်စမတ် မတိုင်မီ ဝါရှင်တန်သို့ ပြန်ရောက်လာဖို့ ရှိနေပြီး သူ့နေရာတွင် နောက်ထပ် သံအမတ် အသစ် အစားထိုး စေလွှတ်တော့မည် မဟုတ်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်မှ အတည်ပြုလိုက်ပြီ ဖြစ်သည်။

 

သူ့နေရာတွင် သံရုံး ဒုတိယ အကြီးအကဲ ဒီဘိုရာ လင်းမှ တာဝန်ယူသွားမည် ဖြစ်သည်။

 

ဗိုင်‌ဒါသည် အာဏာမသိမ်းမီ ရက်ပိုင်း အတွင်းက မြန်မာပြည်သို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။

 

ထိုလုပ်ရပ်သည် မြန်မာ စစ်အာဏာသိမ်း အဖွဲ့အား ဘိုင်ဒင် အစိုးရမှ အသိအမှတ် မပြုကြောင်း ရှင်းလင်းစွာ ဖေါ်ပြလိုက်ခြင်း ပင် ဖြစ်သည်ဟု Nikkei Asia Review စာစောင်တွင် ဖေါ်ပြထားသည်။

 

အမေရိကန် သည် ‌ဗိုလ်သန်းရွှေ လက်ထက် တလျောက်လုံး သံအမတ် အဆင့် မစေလွှတ်ပဲ နှစ် နှစ်ဆယ် ခန့် ထားခဲ့ပြီး ဖြစ်၍ မထူးဆန်းလှသော်လည်း ယခုအခါ ဂျာမဏီ၊ အီတလီ၊ ဩစတေးလျှ၊ ကနေဒါ၊ တောင်ကိုရီးယား ကဲ့သို့ နိုင်ငံများကပါ သံတမန် အဆင့် အတန်း လျော့ချလာကြသည်အထိ ဖြစ်လာသည်။ ဥရောပ နိုင်ငံ အချင်းချင်းလည်း သံအမတ် မစေလွှတ်ကြေး ဟု အပြန်အလှန် သဘောတူညီမှု များ ရှိထားသည်ဟု ရန်ကုန်ရှိ သံတမန်တဦးက ဆိုသည်။

 

အဓိက အားဖြင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား သံအမတ် ခန့်အပ်လွှာ မပေးချင်ကြ၍ ဖြစ်သည်။ ထိုင်းသံအမတ် အစစ် က ၎င်း၏ ခန့်အပ်လွှာကို မင်းအောင်လှိုင်ထံ ဗုဒ္ဓဟူးနေ့က သွားပေးခဲ့ပြီး ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!