ဇယ်လင်စကီး၏ ကရိုင်မီးယား စစ်ပွဲ

by Hla Soewai - Dec 07 2022

ဗလာဒီမာ ပူတင်သည် ယူကရိန်းအား ဆယ်ရက်နှင့် သိမ်းပိုက် နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ဖူးသည်။ သို့သော်လည်း ကိုးလ ကြာလာသည့်တိုင် လက်ရှိ သူသိမ်းပိုက်နိုင်ခဲ့သော နယ်မြေ အစိတ်အပိုင်း ‌လေးများ ပြန်မပါသွားအောင်ပင် အသဲအသန် ခုခံနေရပြီ ဖြစ်သည်။

 

ယူကရိန်း တပ်များသည် အရှေ့မြောက်ဒေသရှိ ကာကိဗ် နှင့် တောင်ဖက်ရှိ ကာဆန် သို့ နှစ်လကြာ ထိုးစစ်ဆင်လာခဲ့ကြသည်။ ယူကရိန်းသည် အဆိုပါ ထိုးစစ်များကို အကျအဆုံး နည်းပါးစွာ နှင့် အောင်ပွဲ အလီလီ ဆွတ်ခူးလာနိုင်ခဲ့သည်။

 

နိုဝင်ဘာ ၂၄ ရက်နေ့ အင်တာဗျုးတွင် ယူကရိန်း သမ္မတ ဇယ်လင်စကီးမှ "ရုရှားတို့ သိမ်းယူထားသော နယ်မြေများ တခုမကျန် ပြန်ယူရန်" ဆိုသည့် သူ၏ ရည်မှန်းချက်ကို နောက်တကြိမ် ထုတ်ပြောလာခဲ့ပြန်သည်။ ယူကရိန်း ပြည်သူများ အဖို့ သူ၏ စကားကြောင့် အားတက်စရာ ဖြစ်လာရသော်လည်း

ယူကရိန်း တို့ အောင်ပွဲများ ရလာလေလေ ပူတင်မှ ရှက်ရမ်းရမ်းလာမည့် အရေးကို ကမ္ဘာကြီးအဖို့ စိုးရိမ်လေလေ ဖြစ်လာရလေပင်။ အထူးသဖြင့် ဒွန်ဘတ်စ် နှင့် ကရိုင်းမီးယား ကို ထိုးစစ်ဆင်လာမည့် အရေးကို အနောက်အုပ်စုက ပူပန်လာကြသည်။

 

ယူကရိန်း တပ်မှူးကြီးများက "ကျုပ်တို့ ဘာလုပ်မယ် ဆိုတာကို ဆိုရှယ် မီဒီယာတို့ တီဗီတို့ကနေ ပြောနေလို့ကတော့ ဘာမှကို ဖြစ်လာနိုင်စရာ မရှိဘူး" ဟု ဆိုကာ သိုသိုသိပ်သိပ် လုပ်နေကြပြန်သည်။

 

ကရိုင်မီးယား က ၂၀၂၃ ခုနှစ် အတွင်း မဖြစ်မနေ ပြန်သိမ်းရန် စီစဉ်နေသည်ဟု စစ်ရေး စီမံချက်များ ရေးဆွဲရာတွင် ပါဝင်နေသူ လေကြောင်း တိုက်ခိုက်ရေး ဖက်မှ ဒုဗိုလ်ချုပ်ကြီး တဦးက ပြောသည်၊ မည်သည့် အချိန်တွင် စတင်မည်ကိုကား အတိအကျ ထုတ်ပြောခဲ့ခြင်း မရှိပေ။ အလားတူပင် ဖေဖေါ်ဝါရီ ၂၄ ရက် နောက်ပိုင်း ရုရှားတို့ သိမ်းယူသွားသော နယ်မြေအားလုံးကိုလည်း ပြန်လည် သိမ်းယူရန် ထိုးစစ်ဆင်သွားမည်ဟု ဆိုသည်။

 

ယခုအခါ ကရိုင်မီးယားသို့ သွားရာ လမ်းများသည် ယူကရိန်းတို့ လက်ဝယ်ရှိနေပြီး ဖြစ်သော အစွမ်းထက်လှသည့် HIMARS ရောကက် လောင်ချာ ပစ်ကွင်းထဲ ရောက်ရှိလာနေပြီ ဖြစ်၍ ရုရှားတို့၏ ထောက်ပံ့ရေး လမ်းကြောင်းများကို ကောင်းစွာ အနှောက်အယှက် ပေးနိုင်တော့မည် ဖြစ်သည်။

 

ကရိုင်မီးယားရှိ ရုရှားတို့ ခန့်အပ်ထားသော အုပ်ချုပ်ရေး အာဏာပိုင်များသည် မြေပြင်ထိုးစစ်အား ကာကွယ်နိုင်ရန် ကတုတ်ကျင်းများ၊ ခံတပ်များ ဆောက်လုပ် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယူကရိန်း အထူး တပ်ဖွဲ့များ၏ ရန်ကို ကာကွယ်နိုင်ရန် လေတပ် စခန်း အနီးတွင်လည်း ကတုတ်ကျင်းများ ပတ်ပတ်လည် တူးထားခဲ့ကြသည်။

 

သို့သော် ယူကရိန်း တို့က အခြားနေရာများကို ဦးစားပေး တိုက်ခိုက်သွားဖို့ ရှိနေသည်။ အထူးသဖြင့် ရုရှားပြည်မကြီး နှင့် ကရိုင်မီးယားအား ဆက်သွယ်ထားသော တံတားကြီးအား ဖြတ်တောက် ဖျက်ဆီးပစ်ရေးသည် အဓိက ဦးစားပေး အဖြစ် ဆက်လက် ရှိနေဆဲပင် ဖြစ်သည်။

 

အလွန် လျှင်မြန် စွာ ရွှေ့ပြောင်း လှုပ်ရှားနိုင်သည့် hit-and-run ယူနစ်များဖြင့် ရုရှားတို့ ထောက်ပံ့ရေး လိုင်းကို ဖြတ်တောက်ပစ်မည် ဖြစ်သည်။

 

ကရိုင်မီးယား နှင့် ပတ်သက်ပြီး ရာစုနှစ်ပေါင်း များစွာကပင် ဆင်နွှဲခဲ့သော စစ်ပွဲကြီးများကို ကြည့်မည်ဆိုက လက်ရှိ ယူကရိန်း စစ်ရေး စီမံချက် ရေးဆွဲသူများသည် အမျှော်အမြှင် ရှိသည်ဟု ‌ဆိုရမည် ဖြစ်သည်။ ပြီးခဲ့သည့် ရာစု နှစ် အတွင်း ဖြစ်ပွားခဲ့သည့် ရုရှား ပြည်တွင်းစစ် နှင့် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ကရိုင်မီးယား တွင် သိန်းချီ၍ သေဆုံးခဲ့သည်။ ၁၈၅၀ ကျော်တွင် ဖြစ်ပွားခဲ့သော ကရိုင်မီယား စစ်ပွဲကြီးတွင် ထိုထက်မကပင် အကျအဆုံးများခဲ့သေးသည်။

 

ကရိုင်မီးယား ကျွန်းဆွယ်ကို သိမ်းပိုက်နိုင်ဖို့ အရေးသည် လွန်စွာ ကျဉ်းမြောင်းလှပြီး ဟာလာဟင်းလင်း ဖြစ်နေသည့် ကမ်းမြှောင်ဒေသနှင့် ရွှံ့ညွန်တောများကို အရင် ဖြတ်သန်းနိုင်မှ ဖြစ်ပေမည်။ ထိုအရေးကို ယူကရိန်း တို့ အထူးဦးစားပေး စဉ်းစားနေ၍ ကြန့်ကြာနေခြင်း ဖြစ်သည်ဟု စစ်ရေး လေ့လာသုံးသပ်နေများက ထောက်ပြခဲ့ကြသည်။ ယူကရိန်း တို့အတွက် လောလောဆယ် မလိုအပ်သည့် စစ်ဆင်ရေး မျိုး ဖြစ်သည်ဟု ဆိုသည်။

 

ထိတ်တိုက် ရင်ဆိုင် မည့်အစား မြေပြင်တပ်များ၊ ပင်လယ်ပြင်မှ ကမ်းတက်တပ်များ၊ လေကြောင်း အင်အား များ ပူးတွဲ အသုံးချနိုင်မှ ဖြစ်မည်ဟု ဆိုသည်။ ဥပမာအားဖြင့် ရုရှား ပင်လယ်နက် ရေတပ်၏ ဦးဆောင် စစ်သင်္ဘော အက်မိုင်ရယ် မာကာရော့ နှင့် ကာ့ခ်ျ တံတားကြီး (ပုံတွင်ရှု) အား ဖျက်ဆီးပစ်ခဲ့ခြင်းမျိုး ဖြစ်သည်။

 

ယူကရိန်းအား ထောက်ခံမှု ပေးနေသော အနောက်အုပ်စုသည် ထိုကဲ့သို့ စစ်ဆင်ရေးမျိုး မလုပ်ရန် လူသိရှင်ကြား ကပျက်ယပျက် မလုပ်ကြသော်လည်း စကား အသွားအလာများတွင် သိသာ ထင်ရှားလာခဲ့သည်။ ကရိုင်မီးယား အပေါ် ယူကရိန်းတို့ အောင်ပွဲခံနိုင်မည့် အရေးသည် မကြာမီ အတွင်း ဖြစ်ပေါ်လာဖွယ် မရှိဟု အမေရိကန်၏ ထိတ်တန်း စစ်ဗိုလ်ချုပ်ကြီး မတ် မီလီက နိုဝင်ဘာ ၁၆ ရက်နေ့က ပြောလာခဲ့သည်။

 

ယူကရိန်း ရှိ စစ်ရေး စီမံချက် ရေးဆွဲသူများဖက်ကလည်း ထိုသို့ ဖြစ်နိုင်ရန် အမေရိကန် တို့ ထံမှ လက်နက်များ ရမှ ဖြစ်မည်ကိုလည်း သိထားကြသည်။ ထို့အပြင် ကရိုင်မီးယား တွင် အခြားဒေသများကဲ့သို့ မဟုတ်ပဲ ယူကရိန်းအား ထောက်ခံမည့် ဒေသခံများ မရှိသလောက် နီးနီး ဖြစ်နေသည်။ ဒွန်ဘတ်စ် တွင် ထိုသို့ ထောက်ခံမည့် လူများကို ရုရှားတို့မှ မောင်းထုတ်ထားခဲ့ပြီး ဖြစ်သည်။ ကရိုင်မီးယားတွင် ပျောက်ကြား ခုခံမှု နှင့်ပင် ရင်ဆိုင်ရလာနိုင်သည်။

 

ဇယ်လင်စကီးသည် ကရိုင်မီးယားအား ပြန်ရစေရမည်ဟု ပေးထားပြီးသော ကတိ ‌နှင့် ချုပ်နှောင်ခံထားရသလို ဖြစ်နေသည်။ စစ်တမ်းများအရ ယူကရိန်း လူထု၏ ၈၄ ရာနှုန်းသည် ရုရှားနှင့် မည်သို့သော စေ့စပ် ဆွေး‌ နွေးပွဲများ လုပ်သည် ဖြစ်စေ နယ်မြေများ ပဲ့ပါသွားမည့် အရေးကို ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။

 

ယူကရိန်း သမ္မတ အဖို့ ကရိုင်မီးယားကို ပြန်လည် သိမ်းယူ နိုင်ဖို့ စစ်ရေးအရ မတန်တဆ ပေးဆပ်ရမည့် အပြင် အနောက်အုပ်စု ၏ ငြိုငြင်မှု ကိုလည်း ခံရနိုင်စရာ ရှိနေ၍ လောလောဆယ်တွင် ချောင်ပိတ်မိသလို ဖြစ်လာနေသည်။

 

(၂၀၂၂ နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ "An Ukrainian attempt to retake Crimea would be bloody and difficult" ဆောင်းပါး မှ ကောက်နှုတ်တင်ပြသည်)