မဟတ္တမ ဂန္ဒီ ကြီး

by Hla Soewai - Oct 04 2019

မဟတ္တမ ဂန္ဒီ ကြီး၏ မွေးနေ့ နှစ်တရာ့ ငါးဆယ်ပြည့် ခဲ့ပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂ က သူရဲ့ မွေးနေ့ ဖြစ်တဲ့ အောက်တိုဘာ ၂ ရက်နေ့အား ကမ္ဘာ အကြမ်းမဖက်ရေး နေ့ အဖြစ် ၂၀၁၇ ခုနှစ်က စတင် သတ်မှတ်ခဲ့ပြီး တပ်မတော် ဗိုလ်ချုပ်ကြီး များကလည်း ၎င်းတို့ကိုယ်၌ က တခါဖူးမျ အကြမ်းမဖက်ခဲ့သူများ ပီပီ အဆိုပါ နေ့အား ဂုဏ်ပြု သော အား ဖြင့် နံ့သာပင် ဖြူ များ တယောက်တပင်စီ အားကျမခံ စိုက်ပျိုးခဲ့ကြပါတယ်။

 

ယခုတလော လူပ်လူပ်ရှားရှား ဖြစ်လာတဲ့ မင်းသား လူမင်း ဒါရိုက်တာ အဖြစ် ရိုက်ကူးတော့မယ် ဆိုတဲ့ ဗိုလ်ချုပ် ရုပ်ရှင် သတင်းတွေကိုလည်း ဖတ်ရပြန်တော့ ကျွန်တော်အဖို့ ဂန္ဒီကြီး ရုပ်ရှင် အကြောင်း ခေါင်းထဲ အလိုလိုနေရင်း ရောက်လာခဲ့ပါတယ်။

 

ဂန္ဒီ ရုပ်ရှင် ကို ရိုက်ကူးဖို့ ၁၉၆၂ ခုနှစ်ကတည်းက စတင် စီစဉ် လာခဲ့တာ ဖြစ်ပါတယ်၊ ကမကထ ပြုလာခဲသူက ဗြိတိသျ ရုပ်ရှင် ဒါရိုက်တာကြီး ရစ်ချတ် အက်တင်ဘိုရို ပဲ ဖြစ်ပါတယ်။ တကယ်တမ်း ရုပ်ရှင်ကို ရုံတင် ပြသနိူင်ခဲ့တာကတော့ ၁၉၈၂ နိူဝင်ဘာ ၃၀ ရက်နေ့ မှ ဖြစ်ပါတယ်။

 

ကျွန်တော် ခေါင်းထဲ မှာ ပထမဆုံး သတိရလိုက်တာကတော့ ၁၉၆၂ မှာ အက်တင်ဘိုရိုက အိန္ဒိယ ရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဝျဝါဟာလာ နေရူးကို သွားရောက်တွေ့ဆုံ မေးမြန်းစဉ် နေရူး ပြန်ပြောခဲ့တဲ့ စကားကိုပဲ ဖြစ်ပါတယ်။

 

‘ဂန္ဒီကြီးက တကယ်ကို ကြီးကျယ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးပါပဲ၊ ဒါပေမယ့် သူ့မလည်း လူသားပီပီ အားနည်းချက်တွေ၊ စိတ်ဆိုးတာတို့၊ အလိုမကျတာတို့၊ အခြား ချို့ယွင်းချက်တွေ ရှိမှာပဲ၊ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ မိတ်ဆွေကြီးကိုတော့ သူတော်စင်ကြီး တယောက်လို ဖြစ်အောင်တော့ မလုပ်လိုက်ကြပါနဲ့ဗျာ” ဟု တောင်းပန်လိုက်ရင်း တကယ်ကို လူသားထဲက လူပီသတဲ့ လူတယောက်ပါဗျာ ဟူသော စကားပင် ဖြစ်ပါတယ်။

 

ထိုစဉ် က ဝန်ကြီးချုပ် အင်ဒီရာ ဂန္ဒီ မှ အိန္ဒိယ ရုပ်ရှင် ဖွံ့ဖြိုးမူ ရံပုံငွေ မှ ဒေါ်လာ ဆယ်သန်း မ တည် ပေးခဲ့ပါတယ်၊

 

အခက်အခဲ အမျိုးမျိုးတွေကြောင့် ၁၉၈၀ နိူဝင်ဘာလ ကျမှပဲ စတင် ရိုက်ကူးနိူင်ခဲ့တာ လည်း ဖြစ်ပါတယ်။

 

၁၈၉၃ ခုနှစ် တွင် ရှေ့နေအဖြစ် တောင်အာဖရိကတွင် လုပ်ကိုင်နေစဉ် မီးရထား အထက်တန်း တွဲ မှ စီးနင်းလိုက်ပါလာသော အသက် ၂၃ နှစ် အရွယ်ရှိ ဂန္ဒီ အား မီးရထားတွဲ ပေါ် မှ မောင်းချခံခဲ့ရတဲ့ အခန်း နဲ့ စဖွင့်ခဲ့ပါတယ်။

 

ဂန္ဒီကြီး ရဲ့  ဈာပန အခမ်းအနား ရူတင်မှာ လူပေါင်း သုံးသိန်း အသုံးပြု ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

 

နိူင်ငံတကာ တွင် ပြသခဲ့ရာ ဝင်ငွေ စံချိန် ကျိုးသွားခဲ့ပြီး ၁၉၈၃ မှာ တတိယ ဝင်ငွေ အကောင်းဆုံး ရုပ်ရှင် အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ ရိုက်ကူးချိန် ငါးလ ပဲ အချိန်ယူခဲ့တယ်လို့ လည်း သိရပါတယ်။

 

၁၉၈၃ ခုနှစ် ၅၅ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာ ဆု ကို ရစ်ချတ် အက်တင်ဘိုရို က ဆွတ်ခူးခဲ့ပြီး ဂန္ဒီ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဘင် ကင်းစလေ က ရရှိသွားခဲ့ပါတယ်၊ ဒါ့အပြင် အကောင်းဆုံး ဇာတ်ညွန်းဆု၊ အကောင်းဆုံး အဝတ်အစားဆု၊ အကောင်းဆုံး အနုပညာ ဖန်တီးမူ၊ အကောင်းဆုံး ရုပ်ရှင် အတတ်ပညာ ဆု နှင့် အကောင်းဆုံး ဇာတ်လမ်း တည်းဖြတ်ဆု စုစုပေါင်း ဆုကြီး ၈ ဆု ကို ဆွတ်ခူး သွားနိူင်ခဲ့ပါတယ်။

 

ဂန္ဒီ ရုပ်ရှင်ကားကြီး ရဲ့ ဇာတ်ညွှန်း ကို လည်း စာအုပ်အဖြစ် ထုတ်ဝေထားပြီး ဖြစ်လို့ ဗိုလ်ချုပ် ရုပ်ရှင် အဖွဲ့သားတွေ လေ့လာ ဖတ်ရူ့သင့်လှကြောင်း တင်ပြလိုက်ရပါတယ်။