သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက် ရုရှားကြောင့် ကုလ ရွှေ့ဆိုင်း

by Hla Soewai - Dec 07 2022

ရုရှား၏ ယူကရိန်းအား ကျုးကျော် တိုက်ခိုက်လာပြီးနောက် ကမ္ဘာတဝှမ်း ဘူမိနိုင်ငံရေး အခြေအနေ တင်းမာလာမှုကတကြောင်း၊ ရုရှားသည် စစ်အာဏာသိမ်း အဖွဲ့နှင့် ပို၍ နီးစပ်လာမှုကြောင့် ကုလသမဂ္ဂသည် မြန်မာ အား မည်သူ ကိုယ်စားပြုခွင့် ‌ရသင့်သည် ဆိုသည့် ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းလိုက်ပြန်သည်။

 

အဓိကအားဖြင့် ထိုကိစ္စ အပေါ် ယခင်ကကဲ့သို့ နိုင်ငံတကာ ၏ ဘုံရပ်တည်ချက်အား ရုရှားမှ ဖျက်လို ဖျက်ဆီး လုပ်လာမည့် အရေးကို စိုးရိမ်သောကြောင့်ပင် ဖြစ်သည်။

 

အဖွဲ့ဝင် ကိုးဦး ပါဝင်သည့် ကုလ ကိုယ်စားလှယ် ရွေးချယ် ခန့်အပ်ရေး အဖွဲ့တွင် ယခုအခါ တရုတ်၊ အမေရိကန်တို့နှင့် အတူ ရုရှားပါ ပါဝင်လာခဲ့ပြီ ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ရန် ဆွေးနွေးညှိနှိုင်းမှု အား နိုဝင်ဘာ ၂၉ ရက်နေ့မှ စတင် ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ကော်မတီ၏ ဆုံးဖြတ်ချက်ကို ကုလ အထွေထွေ ညီလာခံ သို့ အကြံပြု တင်ပြရမည် ဖြစ်ပြီး အထွေထွေ ညီလာခံမှ တင်ပြလာသမျှ ကို ထပ်မံဆွေးနွေးခြင်း မရှိပဲ အတည်ပြုပေးလေ့ရှိသည်။

 

ယခုအခါ ယမန်နှစ်ကနှင့် မတူပဲ ရုရှား၏ ယူကရိန်းအား ကျုးကျော်လာမှုကြောင့် နိုင်ငံကြီးများ အကြား အခြေအနေများ တင်းမာလာခဲ့ပြီး ရုရှား သမ္မတ ပူတင် နှင့် တရုတ်သမ္မတ ရှီကျင့်ပင် တို့သည် ယခင်ကကဲ့သို့ အနောက်အုပ်စု နှင့် ပြေလည်ရာ ပြေလည်ကြောင်း ကျင့်သုံးလိုစိတ် မရှိကြတော့၍ လည်း စိုးရိမ်လာခဲ့ကြသည်။

 

သို့သော်လည်း ရုရှား နှင့် တရုတ်သည် မြန်မာ၏ ကိုယ်စားပြုခွင့် အပေါ် လူသိရှင်ကြား ကတောက်ကဆ ဖြစ်ရမည့် အရေးကို လိုလားကြဟန် မရှိဟု ဝါရှင်သံတမန်တဦး ဖြစ်သူ ဒပ်ချ် သံအမတ်ဟောင်း လတီရှား ဗန် ဒန် အာဆမ် က ပြောသည်ဟု အယ်ဂျာဇီယား သတင်းတွင် ဖေါ်ပြထားသည်။ ဖြစ်နိုင်လျှင် ထိုနှစ်နိုင်ငံစလုံးက ဦးကျော်မိုးထွန်း ကို ရှိမနေစေချင်ကြသည်မှာ သံသယ ဖြစ်စရာပင် မလိုကြောင်း လည်း သူမ က ဆိုသည်။

 

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ယူကရိန်း ကျုးကျော်မှု အတွက် ရုရှားအား ရှုတ်ချကြောင်း အဆိုနှင့် ကုလ လူ့အခွင့်အရေး ကောင်စီ တွင် အဖွဲ့ဝင် အဖြစ် ရပ်ဆိုင်းထားရန် အဆို နှစ်ခုစလုံးအား ထောက်ခံမဲပေးခဲ့သူ ဖြစ်သည်။

 

လက်ရှိတွင် ဘီဂျင်း နှင့် မော်စကိုတို့မှ အပယ်ခံ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်အား လူသိရှင်ကြား ထောက်ခံမှု ပေးလာနေသော်လည်း တဖက်တွင် အာဆီယံ အသင်းဝင် နိုင်ငံများက ၎င်း၏ အာဏသိမ်း အဖွဲ့အား တင်းတင်းမာမာ ဆက်ဆံလာနေပြီ ဖြစ်သည်။

 

ယမန်နှစ်ကစ၍ ကုလ ရွေးချယ်ရေး ကော်မတီသည် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား နောက်ထပ် တနှစ် ထားရှိရန် သဘောတူထားခဲ့ပြီး ထိုကိစ္စ အပေါ် ရုရှား မှ ဝင်နှောက်လာမည့် အရေးကို စိုးရိမ်ပြီး ရွှေ့ဆိုင်းခဲ့ကြခြင်း ဖြစ်သည်ဟု အဆိုပါ ဆွေးနွေးပွဲတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သော အနောက်တိုင်း သံတမန်တဦး က ပြောသည်ဟု အယ်ဂျာဇီယား က ဆိုသည်။

 

သို့သော်လည်း ထိုသို့ ရွှေ့ဆိုင်းလိုက်မှုကို ရုရှား မှ အခွင့်ကောင်းယူကာ အနောက်အုပ်စု နှင့် ထိတ်တိုက် တွေ့စရာ ပြဿနာ အဖြစ် အသုံးချလာမည့် အရေးကိုလည်း လေ့လာသူများက စိုးရိမ်လာခဲ့သည်။

 

ကော်မတီ အတွင်း သဘောတူညီချက်မရ က နောက်ဆုံးတွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးတွင် မဲခွဲ ဆုံးဖြတ်ရမည် အထိ ဖြစ်လာနိုင်ပေသည်။

 

မြန်မာသည် ရုရှားအတွက် အရေးမပါလှသည့် ဒုတိယတန်းစား အဆင့်တွင်သာ ရှိနေသော်လည်း ယခုအခါ ရုရှားသည် ကမ္ဘာပေါ်တွင် မိတ်ဆွေ နိုင်ငံဟူ၍ အနည်းငယ်သာ ရှိတော့သည့်အပြင် မင်းအောင်လှိုင်မှ တိုး၍ ရိုကျိုးခယလာမှုကို ထောက်ထား စရာ ဖြစ်လာနိုင်သည်ဟု ဝါရှင်တန် ရှိ နေရှင်နယ် စစ်ကောလိပ်မှ ပါမောက္ခ ဇာခါရီ အဘူဇာ က ဆိုသည်။

 

ယမန်နေ့ညက မိမိ တက်ရောက်ခဲ့သော ကနေဒါ နိုင်ငံ အက်မွန်တန် တွင် ပြုလုပ်ခဲ့သည့် အနုပညာရှင် ကိုပေါက်၏ “မသောက်မိသော မိုးခါရေ” တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ လာမည် ရှစ်လ ကိုးလ အတွင်း ပြည်သူများ အနေဖြင့် ယခုထက် ပို၍ ထောက်ခံမှု ပေးကြပါရန် ပန်ကြားသွားပြီး မည်သည့် အတွက်ကြောင့် ဆိုသည်ကိုမူ ပြောဆိုသွားခဲ့ခြင်း မရှိပေ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!