သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(75)

by Hla Soewai - Nov 29 2022

စက်မှု တော်လှန်ရေးကြီး နှင့် ပြောင်းလဲလာသော မြို့ပြလူနေမှု (၂)

 

အက်‌ဒမ် စမစ်သည် ကုန်သွယ်ကူးသန်း ဝါဒအား အစားထိုးနိုင်မည့် စီးပွားရေး စနစ် တခု၏ အခြေခံသဘောတရားများကို ချပြနိုင်ခဲ့၍ ယနေ့အထိ ကိုးကားနေရဆဲပင် ဖြစ်သည်။ အက်ဒမ် စမစ် ချပြလာခဲသော စီးပွားရေး စနစ်သစ်သည် အရင်းရှင် ဝါဒ တနည်းအားဖြင့် အရင်း အားပြုဝါဒ အဖြစ် ထင်ရှားလာခဲ့သည်။

 

ထိုအတော အတွင်း တိုးတက်ပြောင်းလဲလာသော အခြေအနေများကြောင့် အက်ဒမ် စနစ်၏ စီးပွားရေး သီအိုရီ သည် လူကြိုက်များလာခဲ့သည်။ အချိန်ကြာလာသည် နှင့် အမျှ စက်မှုလုပ်ငန်းများ တစထက်တစ ဖွံ့ဖြိုးလာခဲ့ရာ မှ နောက်ပိုင်းတွင် တဟုန်ထိုး တိုးတက်လာခဲ့သည်မှာ ယနေ့ခေတ် ထိပင် ဖြစ်သည်။

 

ထို့အတွက် ထို‌ ခေတ်ကာလ ကို စက်မှု တော်လှန်ရေးကြီး စတင် ပေါ်ပေါက်လာသည့် ခေတ်ဟု သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

 

မည်သို့သော တော်လှန်ရေးမျိုး မဆို၊ အထူးသဖြင့် နိုင်ငံရေး နှင့် ဆိုင်သော တော်လှန်ရေးများသည် အကြောင်းရင်းခံ များ ပေါင်းဆုံလာခြင်းကြောင့် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။ အဖြစ်အပျက် တခု သည် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်စေ၊ သို့တည်းမဟုတ် မရည်ရွယ်ပဲ ကံအားလျှော်စွာ သူ့အလိုလို ဖြစ်လာခဲ့သည် ဖြစ်စေ ယင်းသည် စကားပုံလာ ကုလားအုပ်၏ ကျောတွင် ကောက်ရိုးမျှင် များ အထပ်ထပ် တင်နေရာမှ ကုလားအုပ် ကျော ကျိုးသွား‌ စေခဲ့သည် နောက်ဆုံးကောက်ရိုးမျှင် နှင့် တင်စားခဲ့ကြသည်။

 

စစ်မှန်သော တော်လှန်ရေး သည် အမြစ်မှနေ မြေလှန် ပြောင်းလဲလိုသည့် အနေအထားဖြစ်လာရန် ချုဆီ ထည့်ပေးသလို ဖြစ်လာခဲ့သည် ပတ်ဝန်းကျင် အနေအထားမှ ရုတ်ခြည်းပေါ်ပေါက်လာခဲ့ရစမြဲပင် ဖြစ်သည်။

 

စက်မှု တော်လှန်ရေး ကြီးသည် ထိုသဘောတရား ကို အခြေခံပြီး ပေါ်ထွက်လာခဲ့ရသည်မှာလည်း တကယ်တမ်းတွင် အံ့အားသင့်စရာ တော့ မလိုပေ။

 

သို့သော် စက်မှု တော်လှန်ရေး ကြီး အဖြစ်လုံးလုံးလျားလျား သမိုင်းတွင်လာစေမည့် ဖြစ်စဉ်သည် ဆယ့်ကိုးရာစု နှစ် အလယ်ပိုင်း မှ သည် ထိုရာစုနှစ် အကုန် အပိုင်းအခြား အတွင်း ပေါ်ပေါက်ခဲ့ခြင်းဟု လူမှုရေး ဓမ္မတရားရှင် ဖရက်ဒရစ် အိန်ဂျဲလ် နှင့် ဘောဂဗေဒ သမိုင်းပညာရှင် အာနိုးလ် တွိုင်ဘီ တို့က ရည်ညွှန်းပြောဆိုခဲ့ကြသည်။

 

စီးပွားရေးကြောင့် ကုန်ထုတ်လုပ်မှုတွင်သာမက၊ နိုင်ငံရေး၊ လူနေမှု အဆင့်အတန်း နှင့် လူမှု ဆက်ဆံရေး များ ဆက်တိုက်ဆိုသလို ပြောင်းလဲ မှုများ ထွက်ပေါ်လာခဲ့သည်ကို ကြည့်၍ စက်မှုတော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့မှု အဖြစ် သတ်မှတ် ခေါ်ဝေါ်လာခဲ့ခြင်းသာ ဖြစ်ပေသည်။

 

ဆယ်ရှစ်ရာစုနှစ် နှောင်းပိုင်းတွင် အတ္တလန်တိတ် သမုဒ္ဒရာ၏ ဟိုဖက်ခြမ်းနှင့် ဒီဖက်ခြမ်းတွင် ပေါ်ပေါက်လာသော နိုင်ငံရေး တော်လှန် ပြောင်းလဲမှု ဖြစ်စဉ်များ နှင့်အတူ ပေါ်ထွက်လာသော ကသောင်းကနင်း ဖြစ်ရပ်များကြောင့် ထိုစဉ်က ဖြစ်ပေါ်လာနေသည့် စက်မှု လုပ်ငန်းများ များ သည် စီးကုန်ထုတ်လုပ်မှု ပိုင်းအား တဟုန်ထိုး ပြောင်းလဲလာအောင် အသွင်ကူးပြောင်းပေးနိုင်ခဲ့သဖြင့် နောက်နှစ်တရာကြာမှသာ စက်မှု တော်လှန်ရေးကြီး အဖြစ် အသိအမှတ် ပြုလာခဲ့ခြင်းလည်း ဖြစ်သည်။

 

စက်မှု တော်လှန်ရေးသည်ကား လူထု ကို စိတ်ကို နှိုးဆွပေးသည့် မိန့်ခွန်းများ၊ လူထု ချီတက်ဆန္ဒပြပွဲများ၊ ခေါင်းဖြတ်စက်များကြောင့် ပေါ်ပေါက်လာခဲ့ခြင်း မဟ့တ်၊ လွတ်လပ်မှု၊ ညီရင်းအကို ချစ်ကြည်ရင်းနှီးမှု၊ တန်းတူညီမျှ မှု ဆိုသည့် ကတိကဝတ်များလည်း ထွက်ပေါ်လာခဲ့ခြင်း မရှိ၊ ရာစု နှစ်ပေါင်းများစွာ အရိုးစွဲ လာခဲ့သည့် နိုင်ငံရေးအရ ဖိနှိပ် အုပ်ချုပ်မှု များ ကို တခဏအတွင်း ဖျက်သိမ်းနိုင်ခဲ့ခြင်းလည်း မရှိပေ။

 

သမိုင်းပညာရှင် အဲရစ် ဟာစ်ဘန်းကမူ စက်မှု တော်လှန်ရေး ကြီးအား "သမိုင်းတွင် ထွန်ယက်စိုက်ပျိုး မှု နှင့် မြို့ပြများ ပေါ်ပေါက်လာစေခဲ့သည့် ဖြစ်စဉ်ကြီး နှစ်ခု ပြီးလျှင် အရေးပါဆုံးဟု ပြောကောင်းပြော၍ ရသည်" ဟု သုံးသပ်ခဲ့သည်။