တရုတ်သမ္မတ ရှီကျင့်ပင်၏ ဇီးရိုးကိုဗစ် ပေါ်လစီသည် မည်သည့် အချိန်တွင် အဆုံးသတ်မည် ဆိုသည်ကို သူမှ လွဲ ကျန် သန်းပေါင်း ၁,၄၀၀ သော ပြည်သူများ မခန့်မှန်းနိုင် ဖြစ်လာကြသည်နှင့် အမျှ အနောက်မြောက်ပိုင်းရှိ အူရွန်းချီ မြို့မှသည် အရှေ့ဖက်ရှိ ရှန်းဟိုင်း မြို့ကြီးအထိပါ ၎င်း၏ မူဝါဒ အပေါ် ကန့်ကွက် ဆန္ဒပြမှုများ ကူးစက်ပျံ့နှံ့လာနေပြီ ဖြစ်သည်။
ဆန္ဒပြသူအားလုံးက ဇီးရိုးကိုဗစ် ကမ်ပိန်းဆိုကာ ထင်သလို လော့ဒေါင်းများ ချနေသည့် လုပ်ရပ်ကို ရပ်တန့်ရန် တညီတညွတ်တည်း တောင်းဆိုလာခဲ့ကြသည်။ ဆန္ဒပြမှု အတိုင်းအတာသည် ရှားရှားပါးပါး လူထုလူတန်းစား အလွှာအသီးသီးကို ကိုယ်စားပြုလာခဲ့သည်ကို တွေ့ရသည်။ ရှီ ၏ လက်ထက်တွင် ပထမဆုံး ထွက်ပေါ်လာသည့် ဆန္ဒပြပွဲများ လည်း ဖြစ်သည်။
လက်ရှိတွင်တော့ နိုင်ငံရေး မပါဝင်သေးသော်လည်း ဆန္ဒထုတ်ဖေါ်သူများအားလုံးသည် တရုတ် အစိုးရ မီဒီယာများ အားလုံးမှ "ကိုဗစ်တိုက်ဖျက်ရေး ပြည်သူ့စစ် တပ်မှုးကြီး" ဟု ကင်ပွန်းတပ် အမွှန်းတင်နေသည့် သမ္မတ ရှီကျင့်ပင်အား ပြစ်တင် ပြစ်တင်လာကြသည်ကတော့ ယုံမှားသံသယ ဖြစ်ဖွယ် မရှိပေ။
တရုတ်ပြည်သူ အများအပြားသည် ရှီကျင့်ပင် ဆင်နွှဲနေသော စစ် အပေါ် စိတ်ကုန်ခန်းလာနေကြပြီ ဖြစ်သည်။ ဆန္ဒပြမှုများသည် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ရှင်ကျန်း ပြည်နယ် မြို့တော် အူရွန်းချီ ရှိ တိုက်ခန်း အိမ်ယာ တခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ဆယ်ဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရရှိသွားခဲ့မှု မှ စတင်လာခဲ့ခြင်း ဖြစ်သည်။ တံခါးပေါက်များ နှင့် အရေးပေါ် ထွက်ပေါက်များ အားလုံးကို ကိုဗစ် ထိန်းချုပ်ရန် ဆိုကာ ချိတ်ပိတ်ထားခဲ့ခြင်းကြောင့် ပိတ်မိသေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုခဲ့ကြသည်။
တာဝန်ရှိသူများက ထိုသို့ ပြောဆိုခဲ့မှုများကို ငြင်းချက်ထုတ်ခဲ့ပြီး မီးသတ်ဌာန အကြီးအကဲက အဆောက်အဦးတွင် နေထိုင်သူများသည် မည်သို့မည်ပုံ လွတ်အောင်ပြေးရမည် အပေါ် တွေးခေါ်နိုင်မှု အားနည်းခဲ့ကြခြင်းကြောင့် ဖြစ်သည်ဟု ပင် ပြောလာခဲ့မှုကြောင့် ဒေါသ အမျက်ချောင်းချောင်း ထွက်ခဲ့ကြသည်။
ရှင်ကျန်းသည် ဝီဂါ လူနည်းစုများ နေထိုင်ရာ ပြည်နယ် ဖြစ်ပြီး ကိုဗစ်စည်းကမ်းများနှင့် တင်းကျပ်စွာ ထိန်းချုပ်ခံနေရသည်မှာ လပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ ထို့အပြင် ထောင်ပေါင်းများစွာသော ဝီဂါများသည်လည်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံနေကြရသည်။
ထိုသို့သော အနေအထားများ ကြားမှပင် မိမိတို့၏ လုံခြုံရေး ကို မငဲ့ကွက်ပဲ ဒေါသတကြီးဖြင့် လော့ဒေါင်း ဖယ်ရှားပေး ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒထုတ်ဖေါ်လာကြသည်။
ရှန်ဟိုင်းရှိ လူငယ်များသည်လည်း ယခုသီတင်းပတ် ကုန်တွင် အူရွန်းချီ တွင် သေဆုံးသွားခဲ့သူများ အတွက် ဖယောင်းတိုင်များ၊ ပန်းခွေများ နှင့်ဆုတောင်းပွဲများ ပြုလုပ်လာကြသည်။ ထိုအထဲတွင် အချို့က ရှီ နှင့် ကွန်မြူနစ်ပါတီကို ဖြုတ်ချရန် တောင်းဆိုခဲ့ကြသည်။
ဘီဂျင်းတွင်လည်း နိုဝင်ဘာ ၂၇ ရက်နေ့ တွင် ညလုံးပေါက် ဆန္ဒပြပွဲများ ဖြစ်ပွားလာခဲ့ပြီး ရှန်ဟိုင်းတွင် ဖမ်းဆီးခံခဲ့ရသူများ နှင့် ရှင်ကျန်း ပြည်နယ်တွင် သေဆုံးသွားသူများဖက် မှ ရပ်တည်ကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးလာကြသည်။ နိုင်ငံတဝှမ်း ရှိ တက္ကသိုလ် ကျောင်းဝင်းများ အတွင်းတွင်လည်း ဇီရိုးကိုဗစ် ပေါ်လစီအပေါ် ကန့်ကွက်ပွဲများ ပြုလုပ်ခဲ့ကြသည်။
၎င်းတို့ အပေါ် ချုပ်ချယ်လာသော ကိုဗစ် ပေါ်လစီ ရှည်ကြာလာမှု အပေါ် သီးမခံနိုင် ဖြစ်လာကြပြီဆိုသည်ကို ပြသလာခဲ့ကြခြင်းပင် ဖြစ်သည်။
ဇီးရိုး ကိုဗစ် ကမ်ပိန်းဟု ဆိုကာ ဆင်နွှဲနေသော်လည်း မည်သို့မည်ပုံ အဆုံးသတ်ရမည် နှင့် စပ်လျှင်း၍ ရေရာသည့် အစီအမံများ ယခုတိုင် ထွက်ပေါ်လာခဲ့ခြင်း မျိုး မတွေ့ရသေးပေ။ ဤသို့ဖြင့် တရုတ်သည် ၂၀၂၂ နှစ် တနှစ်လုံး အချိန်ဖြုန်းတီးပစ်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
တရုတ်ပြည် အနှံတွင် ကိုဗစ် ကာကွယ်ဆေး မထိုးရသေးသူများ ရှိနေဆဲ ဖြစ်သော်လည်း မကြာမီက ခေတ်မီ ကာကွယ်ဆေး ထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်ကြည့်ရှုခွင့် ရခဲ့သည် နိုင်ငံခြား သံတမန်များသည် အမှာစာများ မရှိ၍ စက်များ ရပ်ဆိုင်းထားသည်ကိုသာ တွေ့ခဲ့ရသည်။
အနောက်နိုင်ငံများမှ ထုတ်လုပ်သော အထိရောက်ဆုံး အဖြစ် ထွက်ပေါ်လာသည့် mRNA ကာကွယ်ဆေးများ တရုတ်ပြည်တွင်း အသုံးပြုခွင့်ကို ပိတ်ပင်ထားဆဲပင် ဖြစ်သည်။
ပါတီမှ ပြီးခဲ့သည့် နှစ်ပတ် အတွင်း ထိရောက်မှု မရှိသော နည်းလမ်းများကို ဖယ်ရှားနိုင်ရန် ထုတ်ပြန်လာသည့် အချက် ၂၀ ပါ လမ်းညွှန်ချက်များကြောင့် ယခုလို ဖြစ်ခဲ့ရသည်ဟု အပြစ်ဆိုလာကြသည်။
လက်ရှိ ပေါ်ပေါက်လာသော ကန့်ကွက် ဆန္ဒပြပွဲများကို ထိန်းချုပ်နိုင်ရေးသည် ပြီးခဲ့သည့် တလ ကမှ ရာသက်ပန် ခေါင်းဆောင်ကြီး အဖြစ် နေရာယူလာသော ရှီ အဖို့ လတ်တလော ရင်ဆိုင်လာရသည့် စိန်ခေါ်မှုကြီးပင် ဖြစ်သည်။ ၎င်း၏ ဇီးရိုးကိုဗစ်ကြောင့် သေဆုံးမှု နှုန်းသည် အခြားနိုင်ငံများ နှင့် စာလျှင် လျော့နည်းခဲ့သည်မှာ မှန်သော်လည်း တရုတ်ပြည်ရှိ မြို့ကြီး အများအပြား အသက်မဲ့သွားခဲ့ရပြီး အသေးစား လုပ်ငန်းများ ပိတ်ပစ်ခဲ့ရသည်။ တရုတ်ပြည်သူ သန်း ရာပေါင်းများစွာ၏ လူနေမှု ဘဝများသည် ကသောင်းကနင်း အဖြစ်နှင့် ကြုံခဲ့ကြရသည်။
တရုတ်ပြည်သူများ က ကိုဗစ် အပေါ် စိုးရိမ်ကြောက်ရွံမှုများ မရှိကြတော့ပေ၊ ကိုဗစ်သည် ယခုအခါ အရင်ကလို ပြင်းထန်ခြင်းမျိုး မရှိတော့ပဲ အအေးမိသည့် အဆင့်လောက်သာ ရှိသည်ကို တွေ့လာကြသည်။
လက်ရှိ ကမ္ဘာဖလားပွဲတွင် ကွင်းလုံးပြည် လာရောက်အားပေးသူ များ အချင်းချင်း တိုးဝှေ့ကာ နီးနီးကပ်ကပ် ထိုင်နေကြသည့် အဖြစ်ကို ထောက်ပြပြောဆိုလာကြသည်၊ ထို့အတွက် ဘော်လုံးပွဲတွင် ပရိသတ်ဖက် ထိုးပြသော ရိုက်ချက် အတော်များများကို တရုတ်ရုပ်မြင်သံကြားက ဆင်ဆာလုပ် ဖြတ်တောက်ပစ်လာခဲ့သည်။
တနင်္လာနေ့ မနက် အထိ ရှီကျင့်ပင် အပါအဝင် တရုတ် အစိုးရ အဖွဲဝင်များက ရေငုံနှုတ်ပိတ်နေကြဆဲ ဖြစ်ပြီး အစိုးရပိုင် သတင်း မီဒီယာများလည်း သတင်း အဖြစ် ဖေါ်ပြသည်ကို မတွေ့ရသေးပေ။ လောလောဆယ်တွင်တော့ လူစုလူဝေး ဖြစ်လာမည်ကို ဟန့်တားရန် လမ်းများကို ပိတ်ဆို့လာခဲ့သည်။
ရှီသည် ဆန္ဒပြမှုများကို နှိပ်ကွပ်မည်ဆိုက တရုတ်ပြည်သူများ၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွား နိုင်သည်၊ ၎င်းတို့တောင်းဆိုသည့် အတိုင်း ဇီးရိုးကိုဗစ် ပေါ်လစီအား ရုတ်ခြည်း ဖြေလျော့ပေးလိုက်မည် ဆိုပါကလည်း သူ၏ ကိုဗစ် အပေါ် အောင်မြင်ခဲ့မှုများ နှင့် မည်သူမျှ ချေဖျက်၍ မရဟု ဆိုကာ တည်ဆောက်ထားသော သူ၏ ခေါင်းဆောင်မှု ပုံရိပ် မှေးမှိန်သွားပေတော့မည်။
တရုတ် ကွန်မြူနစ်ပါတီသည် ၇၃ နှစ်ကြာ နိုင်ငံကို သံလက်သီးဖြင့် တင်းကျပ်စွာ အုပ်ချုပ်ထားနိုင်သူများ ဖြစ်၍ မည်သို့သော တိုက်ပွဲကို ရှောင်ရမည်၊ တိုက်ရမည် ဆိုကလည်း မည်သည့် နည်းဗျူဟာမျိုး ထုတ်သုံးရမည်ကို ကောင်းစွာ သိရှိထားသူများ ဖြစ်၍ လက်ရှိ ဆန္ဒပြမှူများကို မည်သို့မည်ပုံ ကိုင်တွယ်သွားမည်ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြပြီ ဖြစ်သည်။
ကိုးကား - The Economist and The New York Times