မင်းအောင်လှိုင် တိုင်းပြည်ဘဏ္ဍာ ကျပ်သန်းပေါင်း ၇,၀၀၀ ဖြုန်းတီးပစ်

by Hla Soewai - Nov 28 2022

မင်းအောင်လှိုင်သည် သူ၏ အာဏာသိမ်းပွဲဖြင့် တရားဝင် အစိုးရ အဖြစ် မည်သို့မျှ ရပ်တည်၍ မရနိုင်ကြောင်း သိလာသည် နှင့် ရွေးကောက်ပွဲဖြင့်သာ တရားဝင်လာလိမ့်မည်ဟု ယုံကြည်မှု နှင့် အတူ USDP အနိုင်ရရေး ဦးတည်စေမည့် အတုအယောင် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပြီ ဖြစ်သည်။

 

ထိုရွေးကောက်ပွဲသည် သူ့အတွက် သမ္မတ အဖြစ် နန်းတက်ပွဲလည်း ဖြစ်ပေသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အရ ၎င်းအနေဖြင့် မည်သို့မျှ ရွေးကောက်ပွဲ လုပ်ခွင့် မရှိသော်လည်း ဗြောင်ကျကျ ဆက်လုပ်မည်လော၊ သူ၏ ရုပ်သေး ဒုသမ္မတ မြင့်ဆွေအား အာဏာခဏ ပြန်လွှဲကာ လုပ်မည်လော ဆိုသည်ကား စောင့်ကြည့်ရမည် ဖြစ်သည်။

 

သူ့အဖို့က သေချာသည်ထက် သေချာအောင် ရွေးကောက်ပွဲကို ပီအာ စနစ်ဖြင့် ပြုလုပ်သွားနိုင်ရန် ပြင်ဆင်လျှက် ရှိနေပြီ ဖြစ်သည်။ 

 

အမေရိကန် ဦးဆောင်သော အနောက်အုပ်စု နှင့် မဟာမိတ်များက ဒီမိုကရေစီ နာမည်တပ်ကာ လူတကာ၏ အသိဉာဏ် ကို စော်ကားနေသော အဆိုပါ အတုအယောင် ရွေးကောက်ပွဲအား မည်သို့မျှ အသိအမှတ် ပြုမည် မဟုတ်ကြောင်း တရားဝင် ပြောဆိုထားခဲ့ပြီးလည်း ဖြစ်သည်။

 

သို့သော် မင်းအောင်လှိုင် အနေနှင့် ကမ္ဘာကြီးသည် သူ့ကို ဗဟိုပြု၍ လည်ပတ်နေသည်ဟု ယူဆထားသူပီပီ သူလုပ်ချင်တာ တခုတည်းသာ တွေးတတ်သူ ဖြစ်၍ မည်သူကမျှ အသိအမှတ် မပြုလည်း ရှေ့က သမ္မတ အမည် တပ်နိုင်လျှင်ပင် သေပျော်ပြီဟု ယူဆနေသူ ဖြစ်သည်။ 

 

နောက်လိုက်နောက်ပါ အခြွေအရံများအား နိုင်ငံပိုင် ဘဏ္ဍာငွေများအား သူ၏ ဘိုးဘွားပိုင် အမွေအနှစ်လား သုံးဖြုံးကာ ဆုတံဆိပ်များ ဖေါဖေါသီသီ ချီးမြှင့်နေပြန်သည်။

 

ဧရာဝတီ သတင်း အဆိုအရ ယခုအချိန်အထိ တိုင်းပြည်ဘဏ္ဍာ စုစုပေါင်း ကျပ်ငွေ သန်းပေါင်း ၇,၀၀၀ ကျော် ကိုသုံးကာ ၂၀၂၂ လွတ်လပ်ရေးနေ့တွင် ၁,၂၉၀ ဦး ၊ တော်လှန်ရေးနေ့တွင် ၈၇၇၊ နှစ်သစ်ကူး ဧပြီ ၁၇ တွင် ၁၄၆ ဦး နှင့် နိုဝင်ဘာ ၁၇ တွင် ၁,၃၉၀ ကျော်၊ နိုဝင်ဘာ ၁၉ ရက်နောက်ပိုင်း လေးရက်အတွင်း နောက်ထပ် ရာပေါင်း များစွာ အား ရွှေစလွယ်များ ပေးအပ်ခဲ့ပြီး ဖြစ်၍ စုစုပေါင်း ၃,၆၀၃ ဦး အထိ ရှိသွားခဲ့ပြီဟု သိရသည်။

 

ဥပမာ အားဖြင့် သတိုး သီရီသုဓမ္မ ဘွဲ့ အား ရွှေ ကိုးကျပ်သား၊ စလွယ် အတွက် ရွှေ ၃၁ ကျပ်သား ဖြစ်ပြီး ထိုမျှမကသေး အချင်း ၅.၈ မမ ပတ္တမြား ကိုးလုံး ဝိုင်းရံထားပြီး အလယ်တွင် အချင်း ၈.၈ မမ ပတ္တမြား ကြီးလည်း ပါဝင်သည်။ ရွှေတကျပ်သား သည် စစ်တပ် သတ်မှတ်ထားသော ဈေး နှင့်ဆိုလျှင် သိန်း နှစ်ဆယ် တန်ကြေးရှိနေသည်။

 

၎င်းတို့၏ သစ္စာခံမှု စိတ်ချသည်ထက် စိတ်ချစေရန်၊ ဘွဲ့များ ရထားသူများကိုလည်း ရွှေများ တနင့်တပိုး ရရှိသွားအောင်၊ နိုင်ငံပိုင်ငွေများ ဖြုန်းတီးကာ အသုံးချခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ ပေးအပ်ခံရသူများထဲမှ ပြီးခဲ့သည့် ခရစ်စမတ်တွင် မင်းအောင်လှိုင် နှင့် ကိတ်မုန့် အတူ လှီးခဲ့သော ခရစ်ယာန် ဂိုဏ်းချုပ် ဆရာတော် ချားလ် မောင်ဘို ပါဝင်ခဲ့သော်လည်း သူ၏ မွေးရပ်ရွာ ဖြစ်သော ခင်ဦး မြို့နယ်အတွင်းရှိ မုံးလှရွာ သည် မင်းအောင်လှိုင် တပ်များ၏ လက်ချက်ဖြင့် ကြာသပေးတေးနေ့က ပြာပုံဘဝသို့ ရောက်ရှိသွားခဲ့ရသည်။ (ပုံတွင် အိုးအိမ်မဲ့ ဖြစ်သွားသော မုံးလှရွာသူရွာသားများ အား တွေ့ရစဉ်)

 

ထိုသို့ နိုင်ငံပိုင်ငွေများကို သူကိုယ်တိုင်က သုံးဖြုန်းနေသော်ငြားလည်း ရုရှားမှ လက်နက်များ ဝယ်ယူရဦးမည် ဖြစ်သောကြောင့် ပေလော မသိနု မကြာခင်က လျှပ်စစ်မီး၊ ရေ နှင့် စက်သုံးဆီများ လျော့ချရန် နိုဝင်ဘာ ၂၄ ရက်နေ့ စစ်ကောင်စီ အစည်းအဝေးတွင် ပြောဆိုသွားပြန်သည်၊ လျပ်စစ်မီး ချွေတာရန် ပြောသည့် အစည်း အဝေးမှာပင် လျပ်စစ်ကား၊ ရထားများ ထုတ်လုပ်သွားမည်ဟု ထပ်ပြောပြန်သည်။ မင်းအောင်လှိုင်သည် ထိုသို့ ပြောနေသည်မှာ နှစ်နှစ် နီးပါး ရှိလာနေသော်လည်း ဗီယက်နမ်သည် ၎င်းတို့ နိုင်ငံတွင်း ထုတ်လုပ်သည့် VinFast လျပ်စစ်ကား များကို အမေရိကန် သို့ တင်ပို့ရန် ဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် တပ်များ၏ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဆယ်နှစ် အချခံခဲ့ရသည့် ဂျပန် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တိုရူ ကူဘိုတာ မှ “၎င်းတို့ကိုယ်တိုင်လည်း ထုတ်ဖေါ်ပြောနိုင်စွမ်းမရှိ၊ မည်သူမျှ လည်း မမြင်နိုင် ဖြစ်နေသည့် အကြမ်းဖက်မှု များ ကို ကြံ့ကြံခံ နေရပြီး လွတ်လပ်မှု အတွက် အသက်နှင့် ရင်းပြီး တိုက်ပွဲဝင်နေ ကြသည့် မြန်မာ ပြည်သူများ၏ ရင်ဆိုင်နေရသော အမှန်တရားကို ထုတ်ဖေါ်နိုင်ရန် မိမိ အလုပ်ကို မိမိ ဆက်လုပ်သွား မည်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ကတိပေး ပြောဆိုသွားခဲ့သည်။

 

ပြည်သူများကတော့ နိုင်ငံပိုင် ငွေ ကျပ်ဘီလီယံ ပေါင်း များစွာ ဖြုန်းတီးကာ ပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြု၊ မည်သူ အုပ်ချုပ်လာသည်ဖြစ်စေ အစိုးရ အဖြစ်လည်း အသိအမှတ် ပြုကြမည် မဟုတ်ဘဲ မိမိတို့ တိုက်ပွဲ ကို အဆုံးစွန် အထိ ဆက်လက် တိုက်ခိုက်သွားကြမည်သာ ဖြစ်သည်။

 

တော်လှန်ရေး ခရီးသည် ရှေ့လျှောက် ကြမ်းတမ်းလာမည် ဖြစ်သည်နှင့် အမျှ အပြစ်အနာ အဆာများလည်း ရှိလာနိုင်သည်ကို နားလည် သဘောပေါက်ထားကြရမည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ - စစ်ဘေးရှောင် ဓါတ်ပုံ (ဧရာဝတီ)