၁၇၉၅ ခုနှစ်တွင် ပြင်သစ် အမျိုးသား ညီလာခံ နှင့် ပြည်သူ့လုံခြုံရေး ကော်မတီ တို့မှ တိုင်းပြည် အုပ်ချုပ်ရေး အား လူ ငါး ဦး ပါ အာဏာပိုင် အဖွဲ့ နှင့် လွှတ်တော် နှစ်ရပ် ဖွဲ့စည်းကာ လွှဲပြောင်းပေးအပ်လာခဲ့သည်။ ပြင်သစ်တော်လှန်ရေး သည် သွေးထွက်သံယိုမှုများ နှင့် တန်ဖိုးကြီးစွာ ပေးဆပ်လာခဲ့ရပြီး ပြန်၍ ဝါးမြိုချင်း ခံလာရပြီ ဖြစ်သည်။
အမျိုးသား ညီလာခံသည် အဖွဲ့ဝင်များ အကြား တဖက်စွန်း ရောက်လာသူများကို သန့်စင်ပစ်ခဲ့ကြပြီး နိုင်ငံရေး အရ တည်ငြိမ်မှု ရရန် ငါးဦး ပါ အဖွဲ့ကို တိုင်းပြည်၏ အုပ်ချုပ်ရေး အာဏာများ လွှဲပြောင်း ပေးခဲ့ကြခြင်း ဖြစ်သည်။
ငါးဦး ကော်မတီ သည် ကိုယ်စားပြု ဒီမိုကရေစီ စနစ် ကျင့်သုံးလာခဲ့ပြီး တရားဥပဒေ လွှမ်းမိုးရေး တို့ အဓိက ဦးစားပေး လုပ်ဆောင်လာခဲ့သည်။ သို့သော် နိုင်ငံသား အဖြစ် ရပ်တည်ပိုင်ခွင့် ပေးရေး တွင် ခွဲခြား ဆက်ဆံခဲ့သည်။ ထို့အတွက် စိန့် ဒိုမိုက်ဂဲလ်ရှိ လိုဗင်ချား နှင့် အသားအရောင်ရှိသူများ အဖို့ ၎င်းတို့ ရရှိခဲ့ပြီး ဖြစ်သည့် ကျေးကျွန်ဘဝမှ လွတ်လပ်ခွင့် ပေးခဲ့မှုသည် တဖြေးဖြေး ပျောက်ပျက်သွားမည့် အရေး အတွက် စိုးရိမ်မကင်းစရာ ဖြစ်လာခဲ့ရသည်။
၁၇၉၉ တွင် နပိုလီယန် ဘိုနာပတ် အာဏာသိမ်းယူခဲ့ပြီး နောက်တွင် ၎င်းတို့ စိုးရိမ်ခဲ့ကြသည့် အတိုင်း ကွက်တိ ဖြစ်လာခဲ့ပေတော့သည်။ သို့သော်လည်း လိုဗင်ချားသည် ပြင်သစ်တွင် အာဏာရှင် နပိုလီယန် အာဏာရလာမှုကို လျစ်လျုရှုကာ လုပ်စရာ ရှိသည်များကို လုပ်မြဲလုပ်နေခဲ့သည်။ စိန့် ဒိုမိုက်ဂဲလ်သည် ပြင်သစ် ကိုလိုနီ အဖြစ် ဆက်ရှိနေဆဲဟု အသိအမှတ် ပြုပေးလိုက်ယုံမျှနှင့် နပိုလီယန်သည် မည်သို့မျှ အန္တရာယ် ပြုလာစရာ မရှိဟု ထင်မှတ်ခဲ့သည်။
၁၈၀၁ ခုနှစ်တွင် လိုဗင်ချားသည် သူ့ကိုယ်သူလည်း ကျွန်း၏ ရာသက်ပန် ဘုရင်ခံချုပ် ဖြစ်ကြောင်း ကျေညာလာခဲ့သည်။ ထို့အပြင် ကျွန်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းသည့် ဖွဲ့စည်းပုံ ကို ထုတ်ပြန်ခဲ့ပြီး ကက်သိုလစ် ဘာသာအား ကျွန်း၏ တရားဝင် ကိုးကွယ်ရာ ဘာသာ အဖြစ်ပါ ပြဋ္ဌာန်းခဲ့ပြန်သည်။ လိုဗင်ချားသည် ဗြိတိန်၊ အမေရိကန် တို့နှင့် စာချုပ်များ ချုပ်ဆိုလာခဲ့သဖြင့် ပြင်သစ်၏ အချုပ်အခြာ အာဏာကို ထိပါးသလို ဖြစ်လာခဲ့သည်။ ဗြိတိန်၊ အမေရိကန်တို့၏ ကျောထောက်နောက်ခံ ရလာသဖြင့် လိုဗင်ချား၏ တပ်များသည် ကျွန်းရှိ စပိန်ပိုင်နက်ထဲသို့ ကျုးကျော် တိုက်ခိုက်ကာ ကျွန်များကို လွတ်လပ်ခွင့် ပေးခဲ့သည်။
နောက်ဆုံးတွင် နပိုလီယန်သည် လိုဗင်ချား ၏ လုပ်ရပ်များကို လက်ပိုက်ကြည့်နေ၍ မဖြစ်တော့ ဆိုကာ သူ၏ ယောက်ဖ တော်စပ်သူ ဗိုလ်ချုပ်ကြီး ချားစ် လစ်ခရပ် အား ပြင်သစ် တပ်ဖွဲ့ဝင် ၅၀,၀၀၀ နှင့် အတူ စိန့် ဒိုမိုက်ဂဲလ် ကျွန်းအား သူ၏ အုပ်ချုပ်မှု အောက်သို့ ပြန်လည် သွတ်သွင်းနိုင်ရန် စေလွှတ်ခဲ့သည်။
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား လာခဲ့ပြီး ပြင်သစ်တို့ အထိအခိုက် အကျအဆုံးများစွာ နှင့် ရင်ဆိုင်လာခဲ့သည်။ သို့သော် နောက် ပိုင်း လအနည်းငယ်အတွင်းမှာပင် လိုဗင်ချား နှင့် သူ၏ စစ်ကဲများ ဖြစ်သော ယန်း ဂျက် ဒီဆာလီနာ နှင့် ဟင်နရီ ခရစ္စတိုဖာ တို့သည် ဆုတ်ခွာပေးခဲ့ရသည်။ ၁၈၀၂ ခုနှစ် တွင် ၎င်းတို့ အားလုံး ပြင်သစ်တို့ထံ လက်နက်ချခဲ့ကြသည်။
သို့သော် ဗိုလ်ချုပ်ကြီး ချားစ် လစ်ခရပ်သည် လိုဗင်ချား၏ အရှိန်အဝါ ကို စိုးရွံ့လာသဖြင့် ဖမ်းဆီးကာ ပြင်သစ်သို့ ပြန်ပို့ခဲ့သည်။ နောက်တနှစ်မှာပင် တော်လှန်ရေး ခေါင်းဆောင် လိုဗင်ချား သေဆုံးသွားခဲ့သည်။
မကြာမီမှာပင် နပိုလီယန်သည် ကိုလိုနီ ကျွန်းတွင် ကျွန်စနစ်ကို ပြန်လည် ထားရှိခဲ့ပြီး ယခင်က အသားအရောင် ရှိသူများအား ပေးအပ်ခဲ့သည့် တန်းတူညီမျှ အခွင့်အရေး များ လည်း တဖြေးဖြေး နှင့် ဆုံးခန်းတိုင်ခဲ့ရသည့် အဖြစ်သို့ ရောက်ခဲ့ရပေတော့သည်။
နိဂုံးပိုင်းကို ဆက်လက်တင်ပြသွားပါမည်။