ကာတာ ကမ္ဘာဖလားပွဲ

by Hla Soewai - Nov 22 2022

ယမန်နေ့ည‌ နေက  အိမ်ရှင် ကာတာ အသင်းနှင့် အီကွေ‌ဒေါ နိုင်ငံ အသင်းတို့ ၂၀၂၂ ကမ္ဘာဖလားပွဲ၏ ပထမပွဲစဉ် ဖြင့် စတင်ယှဉ်ပြိုင်ကြပြီး ကမ္ဘာ အကြီးအကျယ်ဆုံး အားကစားပွဲကြီးကို စတင် ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။

 

ပြီးခဲ့သည့် ၁၃ ရက် ခန့်က ဖီဖာ ဥက္ကဌ ဖြစ်ခဲ့သူ ဆက် ဘလက်တာ မှ ကာတာ အား ရွေးချယ်ခဲ့ခြင်းသည် "မှား သည်" ဟု ‌ဆွစ် သတင်းစာတစောင်အား ပြောသွားခဲ့သည်။

 

၂၀၁၀ တွင် ၎င်းကိုယ်တိုင် စာအိပ်‌ဖေါက်ကာ ကာတာ အား ရွေးချယ်ကြောင်း ကျေညာလိုက်ခြင်းဖြင့် ကြားရသူ အပေါင်း ကြက်သေ‌ သေသွားခဲ့ရသည်။

 

ကာတာကို ရွေးချယ်ခဲ့ရခြင်းသည် ကမ္ဘာဖလား အား အိုင်‌ဒီယာ အသစ်များ နှင့် ပို၍ ဆွဲဆောင်မှု ရှိလာစေရန် "နယ်မြေသစ်" သို့ ဝင်ရောက်ခဲ့ခြင်းဟု ‌ထိုအချိန်က ဘလက်တာ က ပြောခဲ့ဖူးပေသည်။ သို့သော်လည်း နောက်ဆုံးတွင် ဖီဖာတွင် အကျင့်ပျက် ခြစားမှု အပုတ်နံ့များ ထွက်လာသည့် အပြင် စွပ်စွဲမှု အမျိုးမျိုး ထွက်ပေါ်လာခဲ့၍ ‌စုံစမ်းရေး ကော်မရှင် ဖွဲ့ခဲ့ရသည် အထိ ဖြစ်လာခဲ့သည်။ ၂၀၁၄ တွင် ကော်မရှင်မှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ကာတာ အား ရွေးချယ်ခဲ့မှု ကို မှတ်ချက်ပေါင်းများစွာ ဖြင့် အတည်ပြုပေးခဲ့သည်။ သို့သော် ဘာတွေ ဖြစ်ခဲ့လည်း ဆိုသည်ကို အတိအကျသိ နိုင်ခွင့် မရခဲ့ပေ။ ဘလက်တာ ကိုယ်တိုင် ၂၀၁၅ တွင် ရာထူးမှ နှုတ်ထွက်ပေးခဲ့ရသည်။

 

ကာတာ ‌စော်ဘွားများ နှင့် ၁.၃ သန်း ရှိ နိုင်ငံသားများကတော့ ပွဲစဉ်များ စသည်နှင့် ကွင်းထဲသို့သာ အာရုံ စိုက်လာကြမည် ဖြစ်ပြီး ကွင်းပြင်က ကိစ္စများ လေနှင့် အတူ ကွယ်ပျောက်သွားလိမ့်မည်ဟု မျှော်လင့်နေကြသည်။

 

သို့သော် ကာတာကဲ့သို့ ‌ဘော်လုံးတွင် အစဉ်အလာ မရှိခဲ့သည့် ရေနံသူဌေး နိုင်ငံလေးတွင် ကမ္ဘာဖလားပွဲ ကျင်းပခွင့် ပေးခဲ့ခြင်းသည်ကပင် ငွေ နှင့် အိုင်ဒီယာ အသစ် အဆန်းများသည် ကမ္ဘာထိတ်တန်း အားကစားပွဲကြီးသို့ ထိုးဖေါက် ဝင်ရောက်လာနေပြီကို ပြဆိုနေပေသည်။

 

ကာတာ သည် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့်ရ၍ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စရာ မလိုပဲ ကမ္ဘာဖလားပွဲတွင် ပါဝင်ခွင့် ရခဲ့ခြင်းလည်း ဖြစ်သည်။

 

ကာတာသည် ကမ္ဘာဖလားပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ငွေကို လမ်းခင်းကာ အကောင်အထည် ဖေါ်လာခဲ့သည်။ အားကစား ရုံများ တည်ဆောက်ခဲ့ခြင်း တခုတည်းနှင့်ပင် ဒေါ်လာ ၃ ဘီလီယံ ခန့် သုံးစွဲခဲ့သည်။ ထို့အပြင် Qatar2030 စီးပွားရေး စီမံကိန်းများ ၏ ဘတ်ဂျက် အဖြစ် သတ်မှတ်ထားသော ဒေါ်လာ ၃၀၀ ဘီလီယံ ထဲမှ ‌မြို့တွင်းပြေး မြေအောက် ရထားလမ်းများ၊ လေဆိပ်တိုးချဲ့ခြင်းနှင့် ဟိုတယ် အမြောက်အမြား ဆောက်လုပ်ခဲ့ခြင်းများ အတွက် ထုတ်နှုတ်သုံးစွဲ ခဲ့ပြန်သည်။

 

ထို့အတွက် လက်ရှိ ကမ္ဘာဖလားပွဲသည် သမိုင်းတလျှောက် ငွေကုန် ကြေးကြ အများဆုံး အကုန်ကျခံ သုံးစွဲခဲ့ရသည်ကတော့ မည်သူမျှ မငြင်းနိုင်ပေ။

 

ယင်းနှင့်အတူ ကာတာ တွင် ပြင်ပမှ လာရောက် လုပ်ကိုင်နေသည့် အလုပ်သမားများကို အတင်းအကျပ် စေခိုင်းခဲ့မှု များ ကြောင့် အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။ အလုပ်သမား များ အဖို့က အာရပ်ဘာသာဖြင့် ကာဖလာ ခေါ် ကုမ္ပဏီ စပွန်ဆာ ဖြင့် လာရောက်လုပ်ကိုင်ကြရပြီး ခေါ်ယူသည့် ကုမ္ပဏီမှ ပတ်စ်ပို့များ သိမ်းယူထားသဖြင့်၊ ၎င်းတို့၏ ခွင့်ပြုချက် မရပဲ မိမိတိုင်းပြည်သို့ ပြန်ခွင့်၊အခြားသို့ ပြောင်း ရွှေ့ လုပ်နိုင်ခွင့် မရှိပေ။ ထို့အတွက် အလုပ်သမားများ အားလုံးသည် နဖူးကချွေး ခြေမ ကျသည်အထိ လုပ်ကိုင်ခဲ့ကြရသည်။ အများအပြားလည်း ပင်ပန်းလွန်းသည့် ဒဏ်ကြောင့် သေဆုံးခဲ့ကြပြန်သည်။

 

ကစားသမားများဖက်ကလည်း ပြဿနာရှိနေပြန်သည်၊ ပုံမှန်အားဖြင့် ဇွန်၊ ဇူလိုင်တွင် ကျင်းပနေကျ ဖြစ်သော်လည်း ကာတာ၏ ခြစ်ခြစ်တောက် ပူပြင်းသော ရာသီ ဖြစ်နေ၍ နိုဝင်ဘာ၊ ဒီဇင်ဘာ သို့ပြောင်းခဲ့ခြင်း ဖြစ်သည်။ ကစားသမားများအတွက် ဝင်ငွေ လွန်စွာ ကောင်းနေသည့် ဥရောပ ကလပ် အသင်း ပြိုင်ပွဲ ရာသီ အလယ်တည့်တည့် နှင့် တိုက်ဆိုင်နေသည်။

 

ကစားသမားများ၏ စိတ်ထဲတွင် ဖြစ်ပေါ်နေမှုများကို လီဗာပူး အသင်း မန်နေဂျာ ယာဂင် ကလော့ က ယခုလို စကားတခွန်းတည်းဖြင့် သုံးသပ်ပြောဆိုသွားခဲ့သည်။

 

"ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ပွဲစဉ် တွေကို တော့ ကြည့်ရမှာပဲလေ၊ အရင်ကနဲ့တော့ တူ တော့မှာ မဟုတ်ဘူး" 

 

ကာတာ ကမ္ဘာဖလားပွဲတွင် ၃၂ သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်၊ အမေရိကား၊ကနေဒါ နှင့် မက္ကဆီကို တို့ ပူးတွဲ ပြုလုပ်မည့် ၂၀၂၆ ကမ္ဘာဖလားပွဲတွင် ၄၈ သင်း အထိ ပါဝင်လာမည် ဖြစ်သည်၊ ၂၀၃၀ အတွက် မရွေးချယ်ရသေးသော်လည်း နောက်ထပ် ရေနံသူဌေး နိုင်ငံ ဖြစ်သည့် ဆော်ဒီ အာရေးဗီယားသည် ကျင်းပခွင့် ရရေး အတွက် အသည်းအသန် လုံးပမ်းလျှက် ရှိနေသည်ဟု သိရသည်။

 

(၂၀၂၀ နိုဝင်ဘာ ၁၇ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "The Qatar World Cup shows how football is changing" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)