အဆိုပါ မေးခွန်း၏ အဖြေကို မြန်မာနိုင်ငံ အား အနီးကပ် လေ့လာစောင့်ကြည့်နေကြသော ယခင် ကုလသမဂ္ဂ ကျွမ်းကျင်သူ များ ဖြစ်သည့် မစ္စက် ယန်ဟီလီး၊ မာဇူကီ ဒါရုစ်မန်း နှင့် ခရစ် ဆီဒိုတီ တို့ နှင့် ဖွဲ့စည်းထားသော မြန်မာ အကြံပေး ကောင်စီ မှ "အကယ်၍ လက်ရှိ သွားနေသော လမ်းကြောင်း ထူးထူးခြားခြား ပြောင်းလဲမှု မရှိခဲ့လျှင် စစ်အာဏာသိမ်း အဖွဲ့သည် ၂၀၂၃ ကို ဆုံးခန်းတိုင် ဖြတ်သန်းနိုင်ဖွယ် မရှိတော့" ဟု တညီတညွတ်တည်း မှတ်ချက်ချခဲ့ကြသည်။
နိုင်ငံရေး အကျဉ်းသားများ အကူအညီပေးရေး အဖွဲ့မှ အကျဉ်းသား ၅,၇၇၄ ဦးအား ပြန်လွှတ်ပေးခဲ့မှုတွင် နိုင်ငံရေး အကျဉ်းသား ၇၂ ဦးသာ ပါဝင်သည်ဟု နိုငိငံရေး အကျဉ်းသား များ အကူအညီ ပေးရေး အဖွဲ့ (AAPP) မှ နိုင်ငံတကာ သိရှိအောင်၊ အလိမ်မခံရအောင် တရားဝင် စာရင်းထုတ်ပြန်ခဲ့သည်။
စစ်အာဏာသိမ်းအဖွဲ့ ပြောခွင့်ရ ဇော်မင်းထွန်းမှ အကျဉ်းသားများ ပြန်လွှတ်ပေးခဲ့မှုသည် မည်သည့် ပြင်ပ နိုင်ငံ တနိုင်ငံ နှင့်မျှ စေ့ဆပ် ဆွေးနွေးခဲ့မှု မရှိဟု ပြောဆိုသွားခဲ့သည်။ ဤသည်က သူပြောနေသည့် အလိမ်အညာပေါင်းများစွာ ထဲတွင် အမှန်ဟု ယူဆ၍ ရပေသည်။ သံတမန်ရေး အရ နိုင်ငံတကာ အလယ်တွင်မျက်နှာပြောင်တိုက်၍ နေလို့မရအောင် အားပျော့သွားခဲ့၍ပင် ဖြစ်သည်။
နိုင်ငံတကာကလည်း ၎င်းတို့၏ လုပ်ရပ်ကို သတိကြီးစွာ ထားပြီး စောင့်ကြည့်နေပြီး ထပ်၍ လွှတ်လာရန် ကြိုဆိုကြောင်း၊ ဝမ်းသာကြောင်းဖြင့် မြှောက်ပင့်ပေးနေကြသည့် အဆင့်တွင်သာ ရှိသည်။
စစ်ခေါင်းဆောင် အဆက်ဆက်သည် ပြည်ပဖိအားပေးမှု ကို လက်မခံ ဟု ဆိုသည်ကို ဂုဏ်ယူနေကြသော်လည်း ရုရှား နှင့် တရုတ် တို့အား လူသိရှင်ကြားဗြောင်ကျကျ ဒူးထောက် အညံ့ခံနေမှုကိုတော့ ရှက်ရကောင်းမှန်း သိကြသူများ မဟုတ်ပေ။
မြန်မာ ပြည်တွင်းစစ် သည် ၁၉၇၅ ခုနှစ် ဗီယက်နမ်စစ်ပွဲကြီး အဆုံးသတ်သွားခဲ့ပြီး နောက်ပိုင်း အရှေ့တောင်အာရှတွင် အပြင်းထန်ဆုံး တောက်လောင်လာခဲ့သော ပဋိပက္ခကြီး ဟု ပြော၍ ရသည်ဟု သုံးသပ်ခဲ့ကြသည်။
၂၀၂၂ ပထမ နှစ်ဝက်တွင်ပင် လူ ၁၁,၀၀၀ ခန့် သေဆုံးခဲ့ပြီး ဆက်လက် ဖြစ်ပေါ်နေသော အကြမ်းဖက်မှု များသည် အာဖဂန်နစ္စတန် နှင့် အီသီယိုပီယား တို့ထက်ပင် ပြင်းထန်လာနေသည်။ တနေ့လျှင် ပျမ်းမျှ လူ ၂၅ ဦးခန့် သေဆုံးနေသည်ဟု Mekong Review စာစောင်တွင် အရှေ့တောင်အာရှ ပဋိပက္ခများကို လေ့လာနေသူ Michael Vatakiotis က သုံးသပ်ထားပြန်သည်။
မင်းအောင်လှိုင်သည် မြေပြင် အနေအထားတွင်လည်း စိတ်ဓါတ် ပျက်ယွင်းကာ တွေ့ရာ လုယက် ယူငင်နေကြသော တပ်ကို ထိန်းနေရသည်၊ လွတ်မြောက်နယ်မြေများရှိ ပြည်သူတို့၏ သပိတ်မှောက် ချီတက် ဆန္ဒပြမှုများက အနှံ့အပြား ထွက်ပေါ်လာနေပေသည်။ မင်းအောင်လှိုင်သည် အာဏာကောက်သိမ်းလိုက်ယုံဖြင့် လီရှန်လုံး၊ ဂျိုကိုဝီ တို့နှင့် ပခုံးချင်း ယှဉ်နိုင်ပြီဟု အထင်ရောက်ခဲ့သော်လည်း တကယ်တမ်းတွင် နိုင်ငံတကာတွင် ခေါင်းမဖေါ်ရဲအောင် ဖြစ်လာပြီး အိမ်နီးချင်း နိုင်ငံများကအစ ၎င်းတို့နှင့် ဆက်ဆံရမည့်ကို တွန့်ဆုပ်လာနေကြသည်။ မဖြစ်မနေ ဆက်ဆံရသည့် အခါတွင်လည်း ခိုးကြောင်ခိုးဝှက် ဆက်ဆံကြသည်က များပေသည်။
အမျိုးသား ညီညွတ်ရေး အစိုးရသည် နိုင်ငံပေါင်း ၂၀၀ နီးပါး ပါဝင်သည့် ကုလသမဂ္ဂတွင် ဆက်လက် ကိုယ်စားပြုနိုင်ခဲ့သည်၊ ယခု အခါ အမေရိကန်၊ ဩစတေးလျှ၊ တောင်ကိုရီယား နှင့် ဥရောပ နိုင်ငံ အများအပြားတွင် ကိုယ်စားလှယ် ရုံးများ ဖွင့်လှစ်ထားနေသည်၊ ဆက်၍လည်း ထိုထက်မက များပြားလာဖို့သာ ရှိနေသည်။ ဝါရှင်တန်တွင် ဆိုက နိုင်ငံခြားရေး ဝန်ကြီးဌာနပင် ဖွင့်လှစ်နိုင်ခဲ့သည်။ (ပုံတွင်ရှူ)
သို့သော် ၎င်းတို့ အဖို့က လုံးဝ အာဏာ လက်လွှတ်သွားသည် အထိ မည်သို့မျှ အဖြစ်ခံမည်မဟုတ်၊ အခြေအ နေ လုံးဝ ယိမ်းယိုင်လာလျှင် အနည်းဆုံး hoping against hope အဖြစ် အာဏာခွဲဝေရေး ကို ဖက်တွယ် ပြောဆိုလာကြမည်သာ ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံအားလည်း ပြန်လွှတ်ပေးကာ အကြမ်းဖက် မှု များ၊ ဖြစ်ပေါ်နေသော ပဋိပက္ခကြီး အဆုံးသတ်ရေး အတွက် တခုတည်းသော နည်းလမ်း ဖြစ်သည်ဆိုကာ အရှိန်ရလာနေပြီ ဖြစ်သော တော်လှန်ရေးကို ရပ်တန့်အောင်၊ တွေဝေအောင် ကြံဆောင်လာကြမည့် ဝှက်ဖဲကို ထုတ်သုံးလာကြပေမည်။
ထိုအခါတွင် အကြမ်းဖက် သတ်ဖြတ်မှုများ ရပ်တန့်နိုင် ရေး အတွက် ဆွေးနွေးကြပါရန် နိုင်ငံတကာက ဖိအားပေးလာမည် ဖြစ်သည်။ မည်သို့သော သဘောတူညီချက်မျိုး ရရှိစေကာမူ ပြည်သူ့တော်လှန်ရေး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ပူးပေါင်း ဖွဲ့စည်းမည့် အမျိုးသား အစောင့်တပ် National Guard ဖွဲ့စည်းခွင့် မဖြစ်မနေ ပါဝင်ရမည်သာ ဖြစ်သည်။
သို့မဟုတ်ပါက မည်သို့သော သဘောတူညီချက်မျိုး မဆို ပြည်သူများက အယုံအကြည် ရှိကြမည်လည်း မဟုတ်ပေ။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!