စိန့် ဒိုမိုက်ဂဲလ် ရှိ လွတ်လပ်သော လူဖြူ လူလတ်တန်းစားများ၊ လူမည်းများ အကြား အကွဲအပြဲများ ဖြစ်လာသည်နှင့်အမျှ ပဋိပက္ခနှင့် မတည်ငြိမ်မှုများ ပေါ်ပေါက်လာခဲ့ပြီး ပြင်သစ် အစိုးရ၏ ဩဇာအာဏာသည်လည်း ကျဆင်း လာခဲ့သည်။
ကျွန် များသည် နွေရာသီ တလျောက်လုံး တနင်္ဂနွေနေ့တိုင်း ကျွန်း၏ မြောက်ဖက်ပိုင်းရှိ ကြံစိုက်ခင်းများတွင် စုရုံးလာကြပြီး ပုန်ကန်မှုများ အတွက် တိုင်ပင် ဆွေးနွေးခဲ့ကြသည်။
၁၇၉၁ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် စတင်ပုန်ကန်လာကြပြီး စိုက်ခင်းများကို မီးရှို့ကာ ဟန့်တားရန် ကြိုးစားလာသော ကိုလိုနီ အုပ်ချုပ်ရေး သမား လူဖြူများကို သတ်ဖြတ်ခဲ့ကြသည်။ ကျွန်များက မိမိတို့အားလည်း နိုင်ငံသား အခွင့်အရေးများ ပေးရန် တောင်းဆိုခဲ့ကြသည်။
စက်တင်ဘာလ ကုန်ပိုင်းတွင်တော့ လူ ၁,၀၀၀ ခန့် သေဆုံးသွားခဲ့ပြီး ဖြစ်သည်။ လယ်ယာထွက်ကုန်များ သိသိသာသာ ကျဆင်းသွားပြီး ပြင်သစ်တွင် စိန့် ဒိုမိုက်ဂဲလ်မှ တင်သွင်းလာသည့် ကုန်ပစ္စည်းတိုင်းလိုလို ဈေးနှုန်းများ သုံးဆခန့် မြင့်တက်သွားခဲ့သည်။တပူပေါ် နှစ်ပူဆင့်လာခဲ့ပြီ ဖြစ်၍ ပါရီ ရှိ အလုပ်သမား များ ဒေါသအိုး ပေါက်ကွဲလာခဲ့သည်။ ယင်းနှင့် အတူ လက်ရှိ ဆင်နွှဲနေသော ပြင်သစ် တော်လှန်ရေးကြီးသည်လည်း အစွန်းရောက် ဝါဒများ လွှမ်းမိုးခံခဲ့ရတော့သည်။
ကျွန်ခေါင်းဆောင် နှစ်ဦးဖြစ်သော ယန်း ဖရန်ဆွာ နှင့်ဂျော့ခ်ျ ဘီဆော တို့သည် တော်လှန်ရေးကို ဦးဆောင်လာခဲ့ကြသည်။ သောင်းချီသော အရည်အတွက်ရှိသည့် ကျွန်များကို ပျောက်ကြားတပ်ဖွဲ့များ အဖြစ် ဖွဲ့စည်းပေးလိုက်ပြီး စိုက်ခင်းများ မီးရှို့ဖျက်ဆီးခြင်း၊ လူဖြူများကို ပစ်မှတ်ထား သတ်ဖြတ်လာကြသည်။
အာဖရိကတိုက်မှ ရောက်ရှိလာသော ကျွန်များထဲတွင် အများစုသည် ၎င်းတို့ ဒေသများတွင် စစ်သားများ အဖြစ် အမှုထမ်းခဲ့ကြသူများ ဖြစ်၍ စစ်ရေး အတွေ့ အကြုံလည်း ရှိထားကြပြီး ဖြစ်သည်။ ထို့အတွက် ကျွန် ပျောက်ကြားတပ်များသည် လူဖြူများကို ထိထိရောက်ရောက် တိုက်ခိုက်လာနိုင်ခဲ့သည်။
လူဖြူများသည် မခံချင်စိတ်များနှင့် အတူ ရက်ရက်စက်စက် ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။ လူဖြူ မြေပိုင်ရှင်များသည် ကျွန်များအား မြင်မြင်သမျှ ကြီးကြီးငယ်ငယ် မဟူကို လက်တုန့်ပြန် သတ်ဖြတ်ပစ်ခဲ့ကြသည်။
အခြေအနေများ ရှုပ်ထွေးနေသည့်ကြား စပိန်သည် သတ်ကွင်းထဲ ဝင်လာခဲ့သည်။ ၎င်းတို့ ရည်ရွယ်ချက်မှာ ပြဿနာ ကို မီးမွှေးသည်ထက် မွှေးပေးပြီး အခြေအနေများ ယိမ်းယိုင်လာချိန်တွင် အလွယ်တကူ ကိုလိုနီ အဖြစ် သိမ်းပိုက်နိုင်ရန် အတွက် ဖြစ်သည်။ ဤသို့ဖြင့် စပိန်သည် ဆန်တို ဒိုမင်ဂိုမှ နယ်ခြားကို ကျော်ဖြတ်ကာ လက်နက် နှင့် လူအင်အား ပါ ပံ့ပိုးပေးလာခဲ့သည်။ ပြင်သစ်ကလည်း စပိန်တို့ အကြံကို ရိပ်စားမိလာသဖြင့် အစိုးရ အရာရှိကြီး နှစ်ဦး ကို ကော်မရှင်နာ မင်းကြီးများ အဖြစ် ခန့်အပ်ကာ စေလွှတ်ပေးလာခဲ့သည်။
၎င်းတို့ ကျွန်း သို့ ရောက်လျှင် ရောက်ခြင်း ပထမဆုံး အနေဖြင့် ပြင်သစ် အမျိုးသား လွှတ်တော်မှ ကျွန်းရှိ လွတ်လပ်ပြီးသား လူများကို အသားအရောင် မခွဲခြား၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခြင်း ရှိမရှိ ဆန်းစစ် နေစရာ မလိုပဲ နိုင်ငံရေး တွင် ပါဝင်ခွင့်ပြုမည်ဟု သတင်းထုတ်ပြန်ရ မည် ဖြစ်သည်။
ယင်းသည် ကျွန်းပေါ်ရှိ နဂိုလွတ်လပ်ပြီးသား လူများမှ သစ္စာခံလာစေရန် ရည်ရွယ်ပြုလုပ်ပြီး ဖြစ်သည်။ ထိုနောက် ပြင်သစ် အာဏာပိုင်များက ကျွန်များ၏ ပုန်ကန်နေမှု ကို ဆက်လက် နှိမ်နှင်းသွားရန် ကြံရွယ်ထားကြသည်။ သို့သော် ထင်သလို ဖြစ်မလာပဲ တဝက်တပျက်သာ အောင်မြင်မှု ရခဲ့ကြသည်။
ပြင်သစ်တို့ ကျေညာခဲ့သည့် သတင်းကြောင့် လွတ်လပ်သော အသားအရောင်ရှိသူများသည် ကော်မရှင်နာ အား ထောက်ခံလာခဲ့ကြသော်လည်း တဖက်တွင် ကျန် အင်အားစု များကို မရည်ရွယ်ပဲနှင့်ပို၍ အစေးမကပ်အောင် ဖန်တီးပေးသလို ဖြစ်သွားခဲ့သည်။
မြေပိုင်ရှင်များဖက်ကလည်း ထိုကျေညာချက်သည် ကျွန်စနစ် အပြီးအပိုင် ဖျက်သိမ်းရေးဆီသို့ ဦးတည်မည့် ခြေလှမ်းအစဟု ဆိုကာ စိုးရိမ် ပူပန် လာကြသည်။ ထို့အတွက် ပြင်သစ် ရှိ တော်လှန်ရေး အစိုးရ ကို ကျောခိုင်းကာ ဗြိတိသျှ တို့ထံ ချည်းကပ်လာကြသည်။ ဗြိတိသျှတို့ကလည်း ပြင်သစ် ကို အရှိုက်ထိုးနိုင်ရန် အမြဲတမ်း ကြံစည်နေကြ၍ ၎င်းတို့သာ ပါလာမည် ဆိုက လွတ်လပ်ရေး အမြန်ဆုံး ရနိုင်စရာ ရှိသည်ဟု တွက်ဆခဲ့ကြ၍ လည်း ဖြစ်သည်။