သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(69)

by Hla Soewai - Nov 19 2022

"ဟေတီ၏ ဒီမိုကရေစီ မြေစမ်းခရမ်းပျိုး ခြင်း နှင့် ပျက်သုံးသွားခဲ့မှု" (၅)

 

၁၇၉၀ ခုနှစ် ဇူလိုင်လထဲတွင်တော့ အိုဂီးသည် ပါရီ မှ သ‌င်္ဘောဖြင့် စိန့် ဒိုမိုက်ဂဲလ် (ဟေတီ) သို့ ပြန်လာခဲ့သည်။ ကျွန်းသို့ ရောက်လျှင် ရောက်ခြင်း မိမိတို့ အား ခန္ဓာကိုယ် အရည်ပြား ပေါ် က အသားအရောင်ကို ကြည့်ပြီး ခွဲခြားဆက်ဆံနေသည့် စနစ်ဆိုးကြီးအား အပြီးအပိုင် အမြစ်ဖြတ်နိုင်ရန် လက်နက်လူသူ စတင် စုဆောင်းလာခဲ့သည်။

 

အသားအရောင်ရှိ သွေးနှောများ အနေဖြင့် အာဏာကို မထိန်းချူပ် နိုင်မခြင်း မည်သည့်အခါမျှ နိုင်ငံရေး အခွင့်အရေးများ အပြည့်အဝ ရရှိမည် မဟုတ်ဟု အိုဂီး အဖို့ နားလည် သဘောထားခဲ့ပြီးလည်း ဖြစ်သည်။

 

သို့သော် လူဖြူ အာဏာပိုင်များက အချိန်မှီ ဟန့်တား နိုင်ခဲ့သဖြင့် အိုဂီး သူပုန်ထမှုကြီးသည် ကျွန်းပေါ်ရှိ လူဖြူ အခွင့်ထူးခံများ အကြား အကြောက်တရားများ စိမ့်ဝင်လာအောင် လုပ်နိုင်ခဲ့သည်မှ အပ ထူးထူးခြားခြား ဖြစ်မလာခဲ့ပေ။

 

လူဖြူ အာဏာပိုင်များသည် ယခင်က ကိုင်ဆောင်ခွင့် ပြုထားသော သွေးနှောများ လက်ဝယ်ရှိ လက်နက်များကို သိမ်းယူခဲ့ကြသည်။ အိုဂီးသည် ကျွန်းပေါ်ရှိ စပိန် ပိုင် နယ်မြေထဲသို့ ထွက်ပြေးခိုလှုံ သွားခဲ့သော်လည်း ပြန်ပို့ခြင်း ခံရပြီး နောက်လိုက်နောက်ပါ များ နှင့် အတူ ကွပ်မျက်ခြင်း ခံခဲ့ရသည်။

 

ဗင်းဆင့် အိုဂီးအား ပြန်ပို့ခံရပြီးနောက် နှိပ်စက်ညှင်းပမ်းကာ ကွပ်မျက်ခဲ့သည့် သတင်းသည် ဟိုးလေးတကြော်ကြော် ဖြစ်သွားခဲ့ပြီး ကြားရသူ အပေါင်း မခံချင်စိတ်များ နှင့် အတူ ဂရုဏာ သက်ခဲ့ကြသည်။

 

အိုဂီးအား လွန်စွာ ရက်စက် ကြမ်းကြုပ်သည့်နည်းဖြင့် လူမြင်ကွင်းတွင် ကွပ်မျက်ခဲ့ခြင်းကြောင့် အခွင့်ထူးခံ လူဖြူများနှင့် အသားအရောင်ရှိသူများ အကြား အက်ကြောင်း များ ထလာခဲ့သည်။ ထိုအက်ကြောင်းများသည်က ကျွန်းရှိ ကျွန်များ အတွက် အမိအရ ဖမ်းဆုပ်ရမည့် အခွင့်အရေးဟု ယူဆခဲ့ကြပြီ ဖြစ်သည်။

 

ဤသို့ဖြင့် ၁၇၉၁ ခုနှစ် နွေရာသီတွင် ထောင်ပေါင်းများစွာသော ကျွန်များသည် ရရာလက်နက်စွဲကိုင်ကာ ပုန်ကန်ခဲ့ကြသည်။ စိန့် ဒိုမိုက်ဂဲလ် ကျွန်းတခုလုံးကသောင်းကနင်း ဖြစ်လာခဲ့ပြီး ပါရီရှိ အမျိုးသား ညီလာခံမှ အမိန့်ဒီဂရီ တရပ် ထုတ်ပြန်ကာ လူမျိုးရေး တင်းမာမှု များ ပြေလျော့သွားရန် ကြိုးပမ်းလာခဲ့သည်။ သို့သော် အခြေအနေများက ငြိမ်သက်မသွားသည့် အပြင် ပို၍ပင် ဆိုးဝါးလာခဲ့သည်။ ထုတ်ပြန်လိုက်သော ဥပဒေသစ်အရ လွတ်လပ်သော မိသားစုမှ မွေးဖွားလာသော အခွန်ပေးဆောင်သည့် အရွယ်ရောက်သူ အမျိုးသားတိုင်း မဲပေးခွင့် ရှိရမည်ဟု ပါရှိခဲ့သည်။ ထိုအတွက် ကျွန်းနေ အသားအရောင်ရှိ လွတ်လပ်သူ လေးပုံတပုံ နီးပါးသည် မဲပေးခွင့် ရသွားခဲ့ကြသည်။

 

သို့သော် အိုးပိုင်အိမ်ပိုင် မရှိသော လူဖြူ အလုပ်သမားများ မဲပေးခွင့် မရနိုင်‌သေးပဲ ရှိနေပြန်သည်။ ထိုအမိန့်ကြောင့် အသားအရောင်ရှိသူများသည် အိုးအိမ်မဲ့ လူဖြူများထက် အခွင့်အရေးများ ပိုရသွားခဲ့သည်။ ထို့အတွက် လူမျိုးရေးတင်းမာမှုများ ပို၍ပင် အရှိန်အဟုန် မြင့်လာခဲ့သည်။

 

ကျွန်း‌ရှိ လူဖြူများ အားလုံးသည် မိမိတို့ အရေးကို ပါရီ မှ နေ၍ ဝင်ရောက်စွက်ဖက်ခြင်းဟုဆိုကာ ဒေါသ အမျက်ချောင်းချောင်း ထွက်လာခဲ့ကြသည်။ ထို့အတွက် ကျွန်း ရှိ အမျိုးသား လွှတ်တော်အတွက် လူဖြူများကိုသာ မဲပေးခွင့်ပြုမည်ဟု အာခံလာခဲ့ကြသည်။

 

ထို့အတွက် အခြေအနေများသည် ပွက်ပွက်ဆူလာသည့်အထိ ပေါက်ကွဲလာခဲ့တော့သည်။ လူဝီ ၁၆ ဘုရင်ကိုယ်တိုင် ကျွန်ပြုမှု များကို အဆုံးသတ်ရန် ပြန်တမ်းထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ဘုရင်၏ အမိန့်ပြန်တမ်းအား လူဖြူ အုပ်ချုပ်သူ များက ဖွက်ထားသည် ဆိုသော ကောလာဟသ သည် တမဟုတ်ချင်း ပျံ့နှံ့လာခဲ့ပြန်သည်။

 

ထိုကောလာဟသသည် ကျွန်များ လက်နက်ကိုင် ပုန်ကန်နေသော အနီးအနားရှိ မာတနိခ် နှင့် ဂွာဒါလု ကျွန်းများ အထိပါ ပျံ့နှံ့သွားခဲ့သည်။ ယင်းနှင့် အတူ ကျွန်များ၏ အုံ နှင့် ကျင်း နှင့် ပုန်ကန်ထကြွလာတော့မည့် အရိပ်အယောင်များ ယှက်သန်းလာခဲ့ပြီ ဖြစ်သည်။