အရှေ့ တောင် အာရှသည် ယခုအခါ ကမ္ဘာပေါ်တွင် လှုပ်ရှား တက်ကြွမှု အားအကောင်းဆုံး ဒေသ ဖြစ်လာနေသည်၊ ဒေသတွင်းရှိ သန်း ၇၀၀ မျှသော လူများ ထဲတွင် ငယ်ရွယ်သူ အရည်အတွက်သည် လူဦးရေ အချိုး နှင့်စာလျှင် အလွန်များပြားနေသည်။ ထိုလူရွယ်များသည် လေ့လာ သင်ယူလိုစိတ် ပြင်းထန်ပြီး လေ့လာသိရှိသမျှ ကို ကောင်းစွာ အသုံးချ နိုင်သူများလည်း ဖြစ်သည်။
မိမိတို့ အနာဂတ်သည် ကမ္ဘာစီးပွားရေး နှင့် ဆက်စပ်ပြီး တိုးတက်ကြီးပွားလာမည်ဟု ယုံကြည်ချက် ပြင်းထန်သူများလည်း ဖြစ်သည်။ အခြားဒေသများလို ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ထက် လွတ်လပ်စွာ ကုန်သွယ်ရေး၊ နည်းပညာ ဖလှယ်နိုင်ရေးတို့ကို အားပေးထောက်ခံကြသည့် နိုင်ငံများလည်း ဖြစ်သည်။
#ရက်စက်ကြမ်းကြုပ်ပြီး ရေအိုင်ထဲက ဖားသူငယ်လို ဖြစ်နေကြသော စစ်ဗိုလ်ချုပ်များ လက်ဝယ် ရောက်နေသော ကြေကွဲစရာ များနှင့် ရင်ဆိုင်နေရသော မြန်မာပြည်ကိုတော့ ချွင်းချက် အဖြစ် ထားရလိမ့်မည်ဟု ၂၀၂၂ နိုဝင်ဘာ ၁၃ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်းတွင် ရေးသားထားသော "The dynamics of distrust around the G-20 summit" ဆောင်းပါးကို ဆက်လက် ကောက်နှုပ်တင်ပြသွားပါမည်)
ကိုဗစ် ကပ်ရောဂါ ကြီး အပြီးတွင် ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူများအတွက် အရှေ့တောင်အာရှ သည်စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။ အထူးသဖြင့် လူဦးရေ အများဆုံး ဖြစ်သည့် အင်ဒိုနီရှားကို အာရုံစိုက်လာကြသည်၊ အင်ဒိုနီရှားသည် ယခင်ကနှင့် မတူတော့ပဲ သမ္မတ ဂျိုကိုဝီ လက်ထက်တွင် စီးပွားရေး တိုးတက်ရန် အင်နှင့် အားနှင့် လုပ်လာပြီး ပြည်ပရင်းနှီး မြုပ်နှံလာမှုများကို ပို၍ လက်ကမ်းလာခဲ့သည်၊ အထူးသဖြင့် လျှပ်စစ်ကားများ ကဲ့သို့ နယ်ပယ်သစ်များ တွင် ဖြစ်သည်။
နိုဝင်ဘာ ၁၅ တွင် ဘာလီကျွန်းတွင် စတင်ရန် ရှိနေသည့် G-20 ထိပ်သီး စည်းဝေးပွဲတွင် ဂျိုးဘိုင်ဒင် နှင့် ရှီကျင့်ပင် တို့ ပထမဆုံးအကြိမ် မျက်နှာခြင်းဆိုင် တွေ့ဆုံဖြစ်လိမ့်မည် ဆိုသော သတင်းကြောင့် ကမ္ဘာတဝှမ်းက စိတ်ဝင်တစား စောင့်ကြည့်လာကြသည်။ ဂျိုးဘိုင်ဒင် သမ္မတ ဖြစ်လာကတည်းက ပထမ ဆုံး လူချင်း တွေ့ဆုံကြမည်အရေးလည်း ဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများကတော့ ၎င်းတို့ ဒေသကို ထိုသို့ အာရုံစိုက်လာမှု အပေါ် ကျေနပ်ပီတိ ဖြစ်သင့်လှသော်လည်း တွေ့မြင်နေရသည်က ဂဏှာမငြိမ် ဖြစ်နေမှုများ နှင့် စိတ်လက် မကြည်မသာ ဖြစ်နေမှုများသာ ဖြစ်သည်။
ပထမဆုံး အကြောင်းရင်းက ယူကရိန်းစစ်ပွဲပင် ဖြစ်သည်။ ယူကရိန်း စစ်ပွဲသည် မိမိတို့နှင့် မပတ်သက်ဟု ခံယူထားကြသည်၊ ၎င်းတို့အထဲက အနည်းငယ်မျှသာ ရုရှား ကျုးကျော်မှုကို လူသိရှင်ကြား ရှုတ်ချခဲ့ကြသည်။ ၎င်းတို့နှင့် မပတ်သက်ဟု ဆိုသော်လည်း စားသောက်ကုန်များ ရတင်ပို့ရာ လမ်းကြောင်းများ ပြတ်တောက်ကုန်ပြီး ဈေးနှုန်းများ မြင့်တက်လာမှု ဒဏ်ကို ခံနေကြရသည်။
ဂျိုကိုဝီသည် ပူတင် နှင့် ဇာစင်စကီး နှစ်ယောက်စလုံးအား အစည်းအဝေးလာပြီး ဆွေးနွေးဖြစ်အောင် မရမနေ ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ ဆွေးနွေးခြင်းဖြင့်သာ မည်မျှ ခက်ခဲသော ပြဿနာ မဆို အောင်မြင်ရာ အောင်မြင်ကြောင်း လမ်းစပင် ဖြစ်သည်ဟု ဂျိုကိုဝီက မဂ္ဂဇင်းကို ပြောပြခဲ့သည်။
လက်ရှိတွင် ဂျိုကိုဝီသည် သူ၏ ရိုးတွင်းချင်ဆီ တခုလုံးတွင် ပြည်တွင်းနှိုက် ဈေးနှုန်းများ မြင့်တက်လာနေမှု အပေါ် လူထု၏ မကျေမနပ် ဖြစ်လာမှုများကိုသာ အာရုံထားနေသူ ဖြစ်သည်။ စစ်ပွဲအစတွင် ပြည်တွင်း တွင် ဈေးနှုန်းများ ကျလာစေရန် စားအုန်းဆီ တင်ပို့မှုကို ခေတ္တခဏ ပိတ်ပင်ခဲ့ဖူးသည်။
ယူကရိန်း စစ်ပွဲ ကြောင့် မိမိတို့ ဒေသအတွင်း ငြိမ်းချမ်းရေး ရဖို့ မည်မျှ အရေးပါကြောင်း သိနားလည် လာစေခဲ့သည်၊ လီရှန်လုံးသည် ဩဂုတ်လ အမျိုးသားနေ့ အခမ်းအနားတွင် "ဥရောပ မှာ အခြေအနေတွေ ဆိုးဝါးလာနေတာ ကြည့်ရင် ကျွန်တော်တို့ ဖက်မှာလည်း ဒီလို ဖြစ်မလာနိုင်ဖူးလို့ မပြောနိုင်ဘူး၊ အခြေအနေ မှန်ကို နားလည် အောင် လုပ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ အရ အသင့်ပြင်ထားရမယ်" ဟု ပြောခဲ့သည်။ ကမ္ဘောဒီယား အာဏာရှင် ဟွန်ဆန်ကလည်း ပြီးခဲ့သည့် အာဆီယံ ထိပ်သီး တွေ့ဆုံပွဲတွင် မိမိတို့ ဒေသသည် မရေရာမှု များ နှင့် ပြည့်နှက်နေသော လမ်းဆုံလမ်းခွသို့ ရောက်နေပြီဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။ မဟာဗျူဟာ ပိုင်းတွင် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရပြီဟု မရေမရာ ပြောသွားခဲ့သည်။
အာရှ ရှိ မူဝါဒ ပိုင်း ရေးဆွဲသူများသည် သူ့လိုပင် မရေမရာ ပြောနေကြဆဲ ဖြစ်သော်လည်း အားလုံး၏ စိတ်ထဲတွင်တော့ တရုတ်-အမေရိကန် ဆက်ဆံရေး ထိုးစိုက်ကျဆင်းလာနေမှုကို စိုးရိမ်နေကြသည်။
ရှီသည် တရုတ်ကွန်မြူနစ်ပါတီ၏ ငါးနှစ်တကြိမ် ကျင်းပသော နောက်ဆုံး ကွန်ဂရက် အပြီးတွင်တော့ မော်စီတုံး အလွန် ဩဇာတက္ကိမ အရှိဆုံး ခေါင်းဆောင် အဖြစ် ရပ်တည်လာနိုင်ခဲ့ပြီ ဖြစ်သည်။ ပေါ်လစ်ဗျုရို အမြဲတမ်း ကော်မတီအားလည်း သူ့အပေါ် သစ္စာခံသူများအား ဖြည့်ဆည်းနိုင်ခဲ့ပြီး အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနှင့်လည်း အကြီးအကျယ် ရင်ဆိုင်ရန် ရှိနေပြီ ဆိုသည်ကို ပြောလာခဲ့သည်။
ဂျိုး ဘိုင်ဒင်ကလည်း တရုတ် ကုမ္ပဏီများ အမေရိကန် နည်းပညာ များ နှင့် အကျိူးဖြစ်ထွန်းလာမည့် အရေးကို ကာကွယ်ရန် တင်းကျပ်စွာ ထိန်းချုပ်သွားရမည်ဟု ပြောလာခဲ့သည်။ အထူးသဖြင့် ချစ်ပ် နှင့် ညဏ်ရည်တု နည်းပညာပိုင်းတွင် ဖြစ်သည်။ တိုင်ဝမ်ကို ကာကွယ်ပေးရန် ကိုလည်း အရင်လို မရေမရာ စကားများ နှင့် မဟုတ်တော့ပံ ပွင့်ပွင့်လင်းလင်း ပြောလာခဲ့ပြီ ဖြစ်သည်။
အမေရိကန် တို့ဖက်မှ ကာကွယ်မည်ဟု ပြောလာပြီ ဖြစ်သည့် နည်းပညာ နှင့် တိုင်ဝမ်သည် အရှေ့တောင်အာရှ ရှိ မူဝါဲဒ ရေးဆွဲသူများ အတွက် အထူး စိုးရိမ်စရာ အကြောင်းများ ဖြစ်နေသည်။ ယခင် တောင်တရုတ်ပင်လယ် အတွင်း တရုတ်တို့ ပြဋ္ဌာန်းလာသည့် နိုင်း ဒက်ရှ် မျဉ်း အပေါ် စိုးရိမ်နေရာမှ တိုင်ဝမ် အရေးသည် ထိုထက်ပို၍ ရင်မအေးစရာ ဖြစ်လာခဲ့ရပြီ ဖြစ်သည်။
ဩဂုတ်လ အတွင်း တိုင်ဝမ်သို့ နန်စီ ပလိုစီ သို့ သွားရောက်ခဲ့မှု အပေါ်လည်း မလိုအပ်ပဲ ရန်စမှူ အဖြစ် မနှစ်မြို့ခဲ့ကြပေ။ မစ္စက် ပလိုစီ နေရာ ဆက်ခံမည်ဟု သတင်းပြေးနေသည့် ရီပတ်ဘလီကင် ခေါင်းဆောင် ကီဗင် မက္ကာသီ ကလည်း အလားတူ တိုင်ဝမ်သို့ သွားမည်ဟု ကတိပေးထားမှု အပေါ်လည်း ရင်လေးနေကြသည်။ ဘိုင်ဒင် အစိုးရ၏ လုပ်ပုံကိုင်ပုံများသည် တရားလွန်သည်ဟု ထင်လာခဲ့ကြသည်။
တရုတ် အရာရှိများက အမေရိကန် တွင် နိုင်ငံရေး အရ တောင် နှင့် မြောက် ဖြစ်လာနေမှုကို အင်အားချိနဲ့လာမှု အဖြစ် ယူဆနေကြပြီး၊ အမေရိကန် ဖက်ကလည်း ရှီ တံခိုးထွားလာနိုင်ခြင်းသည် သူ့အောက်ကလူများ ကိုယ်ပိုင် ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာ မရှိပဲ messenger boys များ အဆင့်သာ ရှိနေကြသောကြောင့် ဖြစ်သည်ဟု နှစ်ဖက်စလုံး နှင့် တီးမိခေါက်မိရှိသော အရှေ့တောင်အာရှ မှ အရာရှိတဦးက ဆိုသည်။ ထို့အတွက် သူတို့အကြား တင်းမာမှုများ လျော့ပါးအောင် မည်သို့ လုပ်ကြမည် ဆိုသည် အပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ကြသည့် အဆင့်အထိ ရောက်မလာခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းက သုံးသပ်ခဲ့သည်။
တိုင်ဝမ် အရေး နှင့် ပတ်သက်ပြီး စစ်ကြီး ဖြစ်မလာသည့် တိုင် ကျွန်းကို ပိတ်ဆို့ခံထားရလျှင်ပင် ဒေသတွင်း နိုင်ငံများ အဖို့ ဒေါ်လာ တြီလီယံပေါင်းများစွာ ဆုံးရှုံးခံရဖို့ ရှိနေသည်။ အရှေ့တောင်အာရှ နိုင်ငံများ၏ supply chain သည် တရုတ်၊ တိုင်ဝမ် တို့နှင့် ဆက်နွယ်နေသောကြောင့်လည်း ဖြစ်သည်။
အမေရိကန်တို့ နည်းပညာပိုင်းကို လက်နက် အဖြစ် အသုံးချပြီး တရုတ်တို့ ခေါင်းထောင်ထ မလာနိုင်အောင် ဖိနှိပ်ထားဖို့ အတင်းအကျပ် လုပ်လာခြင်းသည် အရှေ့တောင်အာရှ နိုင်ငံများအား အတင်းအကျပ် တဖက်ဖက် မှ ရပ်တည်လာအောင် တွန်းအားပေးသလို ဖြစ်လာခဲ့သည်ဟု ယူဆလာသည်။ အထူးသဖြင့် စင်္ကာပူ နှင့် အင်ဒိုနီရှား တို စိတ်မသက်မသာ ဖြစ်လာနေသည်။
ဘိုင်ဒင် နှင့် အဖွဲ့သည် အာရှ နိုင်ငံများ၏ စိုးရိမ်မကင်း ဖြစ်နေကြသည်ကို ရိပ်စားမိနေကြပြီး ကိုင်ရိုရှိ ကမ္ဘာရာသီဥတု ညီလာခံ မှ ပေါက်ချလာခဲ့ကြပြီး အာဆီယံသည် သူ၏ အင်ဒို-ပစိဖိတ် မူဝါဒ၏ ဗဟိုချက်မ အဖြစ် ထားပါသည်ဟု အာမခံလာခဲ့သည်။
သို့သော် အမေရိကန် တို့၏ အင်ဒို-ပစိဖိတ် စီးပွားရေး လုပ်ငန်းဘောင်သည် ဒေသတွင်း အမေရိကန် တို့ ပိုမိုရင်းနှီးမြုပ်နှံလာစေရေး နှင့် အမေရိကန် ဈေးကွက်များသို့ အာရှ ကုမ္ပဏီများ ဝင်ရောက်ခွင့်ရရေး တို့အတွက် မဟုတ်ပဲ တရုတ် မုန်းတီးရေး မူဝါဒ အပေါ်သာ အခြေခံနေသည်ဟု ယူဆခဲ့ကြသည်။
ဘိုင်ဒင် အနေဖြင့် တရုတ်နှင့် ဆက်ဆံရေး ပြန်လည် ထိန်းညှိရန် လိုအပ်နေသည်ဟုလည်း သုတေသီများ နှင့် စီးပွားရေး လုပ်ငန်းရှင်များဖက်က အသံထွက်လာခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများ အဓိက စိုးရိမ်မကင်း ဖြစ်နေမှုများကို အမေရိကန်တို့ လက်ခံ သဘောပေါက်ဖို့သည် ဘာလီကျွန်းတွင် ရှီ ကျင့်ပင် နှင့် တွေ့ဆုံရာတွင် အဓိကအချက် ဖြစ်လာနေသည်။
ယနေ့ ရှီကျင့်ပင် နှင့် သုံးနာရီကြာ တွေ့ဆုံခဲ့ပြီးနောက် ဘိုင်ဒင်သည် တရုတ် နှင့် စစ်အေးတိုက်ပွဲကြီးအသစ် စတင်တော့မည်ဟု ပြောဆိုမှုများကို ပယ်ချလိုက်ပြီး တိုင်ဝမ် အနေဖြင့် လတ်တလော ကျူးကျော် ခံရနိုင်သည့် ခြိမ်းခြောက်မှုမျိုး မရှိဟု ယုံကြည်ကြောင်း ပြောဆိုလာခဲ့သည်။