အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ဆွေးနွေးရန် အာဆီယံ သဘောတူပြီ

by Hla Soewai - Nov 14 2022

သောကြာနေ့က စတင်ခဲ့သော အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး က မြန်မာနိုင်ငံ အတွင်း တစထက် တစ အရှိန် မြင့်လာနေပြီ ဖြစ်သော သွေးထွက်သံယို မှုများ အဆုံးသတ်ရန် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ဆွေးနွေးရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

 

ထို့ပြင် လက်တွေ့ကျကျ နှင့် ပြတ်ပြတ်သားသား ဖြေရှင်းနိုင်ပြီး တိုးတက်မှု ရှိမရှိ တိုင်းတာနိုင်မည့် အချိန်ဇယား‌ ရေးဆွဲရန် နိုင်ငံခြားရေး ဝန်ကြီးများအား တာဝန်ပေးလိုက်ပြီ ဟု သိရသည်။ 

 

အဆိုပါ အချိန်ဇယားအား အာဏာသိမ်း အဖွဲ့၏ အတုအယောင် ရွေးကောက်ပွဲ မတိုင်မီ အထိ သတ်မှတ် လိမ့်မည်ဟု မျှော်လင့်ရပေသည်၊ သို့မှလည်း ရွေးကောက်ပွဲ အား အသိအမှတ် ပြုမည် မဟုတ်ဟု ဆုံးဖြတ်ရန် လမ်းပွင့်သွားမည် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် နိုင်ငံတကာက ၎င်းအား လက်ခံလာဖို့ ထက် လက်နက်အားကိုးဖြင့် ပြည်တွင်း တွင် အာဏာကို ဆုပ်ကိုင်ပြီး အသက်ဆက်နိုင်ဖို့သာ အဓိကထားသူ ဖြစ်၍ အချိန်ဇယားကို အရေးစိုက်ခြင်မှ စိုက်မည် ဖြစ်သော်လည်း NUG နှင့် အာဆီယံတို့ ဆွေးနွေးမည့် အရေးက ၎င်းအား လောလောဆယ် အကြီးအကျယ် အရှိုက်ထိုးခံ လိုက်ရခြင်းပင် ဖြစ်သည်။

 

ယခုလို NUG နှင့် မကြာမီ ဆွေးနွေးရန် ပါဝင်သည့်အချက် ၁၅ ချက်အားလည်း နှစ်ရက်ကြာ အကြိတ်အနယ် ဆွေးနွေးပြီးနောက် ထုတ်ပြန်လာခဲ့ခြင်းလည်း ဖြစ်သည်။

 

ထိုသို့ အနေအထား အထိ ဖြစ်လာအောင် မြန်မာပြည်သူတို့မှ နှစ်နှစ်နီးပါး ကြာလာသည့် အထိ မလျော့သော ဇွဲဖြင့် စစ်အာဏာသိမ်း အဖွဲ့ကို မဆုပ်မနစ် ဆန့်ကျင်ခဲ့ကြခြင်းကြောင့် အာဆီယံသည် မည်သို့မျှ လိပ်ပြာမလုံတော့ပဲ ယခုလို လှုပ်လာခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် အပေါင်းအပါများလည်း အစည်းအဝေး တက်ရောက်ခွင့် ကို ဆက်လက် ပိတ်ဆို့သွားမည် ဖြစ်သည်ဟုလည်း ပါရှိသည်။

 

သို့သော်လည်း နိုင်ငံခြားရေး နှင့် ထိပ်သီး‌ ဆွေးနွေးပွဲများသာ တက်ရောက်ခွင့်ပိတ်ပင်ထား‌ သော်လည်း အာဆီယံ ‌ဘောင်အတွင်း ရှိ အခြား အစည်းအဝေးများကို ဆက်၍ တက်ခွင့် ပေးနေခြင်းအား လူ့အခွင့်အရေး အဖွဲ့များက မကျေမနပ် ဖြစ်နေကြသည်။

 

ဥပမာ အားဖြင့် မကြာမီက အပြစ်မဲ့ ပြည်သူများအား လေကြောင်းမှ တိုက်ခိုက်မှု တွင် ဒုတိယ တာဝန် အရှိဆုံး ထွန်းအောင်သည် အာဆီယံ လေတပ်ဦးစီးချုပ် အစည်းအဝေး တက်ရောက်ခွင့်ပေးခဲ့ယုံမျှမက အလှည့်ကျ ဥက္ကဌ ရာထူးပင် လွှဲပြောင်းပေးခဲ့ကြသည်။

 

သို့သော် သိသာထင်ရှားစွာ ကွဲထွက်လာသည်က အာဏာရှင် စိတ်ဓါတ် ရိုးတွင်းချင်ဆီထိ စွဲနေသော ဟွန်ဆန် နှင့် မားကိုစ် ဂျူနီယာ တို့ ကတော့ စိတ်ရှည်ရှည် ထားကြဖို့ အသံထွက်လာခဲ့သည်။

 

အစည်းအဝေး အနားသို့ ယောင်ရွေ့ပင် ကပ်ခွင့်မရရှာသော ဝဏ္ဏ မောင်လွင်ကမူ မျှော်လင့်ထားပြီး ဖြစ်သည့် အတိုင်း "တရားမဝင် အကြမ်းဖက် အဖွဲ့အစည်း" နှင့် မည်သို့ ပုစံ နှင့် ဆက်သွယ်မှု မျိုး မဆို ရှုတ်ချကြောင်း" ကျေညာချက် ထုတ်ပြန်လာခဲ့သည်။ သို့သော် အစည်းအဝေးပင် တက်ခွင့်မရသော ၎င်းတို့အား မည်သူမျှ အဖက်လုပ်မည် မဟုတ်ဆိုသည်ကို မေ့လျော့နေဟန် ရှိသည်။

 

စနေနေ့တွင် ဂျိုး ဘိုင်ဒင်သည် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးသို့ လာရောက် ပူးပေါင်းမည် ဖြစ်ပြီး မြန်မာ အရေးအား အဓိကထား ‌ ဆွေးနွေးမည် ဖြစ်သည်ဟု သိရသည်။

 

နောက်တနေ့တွင် ဖနွမ်းပင်တွင်ပင် ပြုလုပ်မည့် အာဆီယံ၊ တရုတ်၊ ရုရှား၊ ဩစတေးလျှ၊ နယူးဇီလန် မှ ခေါင်းဆောင်များပါ တက်ရောက်မည့် အရှေ့အာရှ ထိပ်သီး တွေ့ဆုံပွဲသို့ပါ တက်ရောက်မည် ဖြစ်သည်။ ထိုအစည်းအဝေးများသို့ တရုတ် ဝန်ကြီးချုပ် နှင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီးတို့ တက်ရောက်ရန် ရှိနေသည်။

 

ဘာလီတွင် ပြုလုပ်မည့် G-20 ‌ဆွေးနွေးပွဲ တက်ရောက်လာမည့် ရှီကျင့်ပင် နှင့် အမေရိကန်သမ္မတ ဘိုင်ဒင် တို့ မျက်နှာခြင်းဆိုင် ‌တွေ့ဆုံဆွေးနွေးရန် ရှိနေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!