မြန်မာစစ်တပ် ဆက်လက် အကြမ်းဖက်နေပါက ဘေးထွက်ထိုင်ကြည့်နေမည် မဟုတ်ဟု ကန် သတိပေး

by Hla Soewai - Nov 11 2022

လာမည့် အာဆီယံ အစည်းအဝေး နှင့် တဆက်တည်း ဆိုသလို ကျင်းပမည့် G-20 ၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေးများအား အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၊ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် တို့ အပါအဝင် အမေရိကန်ဖက်မှ တပြုံတခေါင်းကြီး တက်ရောက်လာဖို့ ရှိနေပေသည်။

 

ယင်းမှာ အမေရိကန်၏ အနာဂတ် လုံခြုံရေး နှင့် ကြွယ်ဝ ချမ်းသာရေးသည် အင်ဒို-ပစိဖိတ် ဒေသအပေါ် လုံးဝ မှီခိုနေကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှ နှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဒင်နီရယ် ကရစ်တင်ဘရင့်က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

အမေရိကန် သည် ဒေသတွင်း နိုင်ငံများ အား မိမိ၏ အခိုင်အမာ နှင့် ရေရှည် အာမခံချက်ပေးသွားမည်ကိုလည်း ထပ်လောင်း ကတိကဝတ်ပြုသွားမည် ဖြစ်ကြောင်း မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး စင်တာ၏ ဝါရှင်တန် တွင် ပြုလုပ်သော စားပွဲဝိုင်း ဆွေးနွေးပွဲတွင် ပြောဆိုသွားခဲ့သည်။

 

ထို့အပြင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့မှ အကြမ်းဖက် သတ်ဖြတ်နေမှုများ ရပ်တန့်သွားအောင် မည်သို့မည်ပုံ ထပ်မံ ဖိအားပေး အရေးယူသွားနိုင်မည့် အစီအစဉ်များကိုလည်း အာဆီယံ နိုင်ငံခေါင်းဆောင်များနှင့် ဆွေးနွေး သွားမည် ဖြစ်သည်ဟု ကရစ်တင်ဘရင့်က ပြောဆိုခဲ့သည်။

 

“မိမိတို့ အနေဖြင့် ထိုသို့ အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန်နေခြင်းကို မည်သို့မျှ ဘေးထိုင်ကြည့် နေသွားမည် မဟုတ်” ဟု လည်း ပြောဆိုသွားခဲ့သည်။ ယင်းသည် အာဆီယံကိုပါ အမေရိကန် သဘောထား ကို အသိပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။

 

အာဆီယံသည် ၎င်းတို့၏ အချက် ငါးချက်ပါ အစီအစဉ်မှာ အောင်မြင်ခြင်း မရှိခဲ့သည်ကို လူသိရှင်ကြား ဝန်ခံထားခဲ့ပြီး ဖြစ်သည်။ အင်ဒိုနီရှား နိုင်ငံခြားရေ ဝန်ကြီးကမူ ထိုသို့ မအောင်မြင်ဖြစ်ခဲ့ရခြင်း အတွက် မြန်မာ စစ်ခေါင်းဆောင်များ အပေါ်တွင် လုံးလုံးလျားလျား တာဝန်ရှိသည်ဟု ဝေဖန် ပြောဆိုခဲ့ပြီး ဖြစ်သည်။ အင်ဒိုနီရှားသည် မြန်မာ အရေးကြောင့် အာဆီယံ ဥက္ကဌ အဖြစ် လေးလံသော ဝန်ထုတ်ဝန်ပိုးကြီးကို ထမ်းရွက် ရပေတော့မည်။

 

ဩဂုတ်လအတွင်း ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် တိုးတက်မှုများ ဖေါ်ဆောင်နိုင်ခြင်း မရှိမှုအတွက် ပြစ်တင်ဝေဖန်ကြောင်း ပူးတွဲကျေညာချက်တွင် ဖေါ်ပြခဲ့ကြသည်။

 

ဖိလစ်ပိုင် သမ္မတ မားကိုးစ် ဂျူနီယာသည်လည်း မြန်မာအရေး နှင့် ပတ်သက်၍ သူ့နိုင်ငံ၏ ပေါ်လစီ ရေးရာ မိန့်ခွန်းကို ပြောကြားရန် ရှိသည်ဟု သိရသည်။

 

လက်ရှိ အာဆီယံ အစည်းအဝေးသို့ မြန်မာပြည်သူတို့၏ မိတ်ဆွေကြီး မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုက်ဖူဒင်သည် နိုဝင်ဘာ ၁၉ တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကြီး အတွက် လှည့်လည် မဲဆွယ်နေရ၍ လိုက်ပါလာနိုင်မည် မဟုတ်ဟု သိရသည်။

 

မင်းအောင်လှိုင်နှင့် အဖွဲ့သည် လူထု တော်လှန်ရေး အား အစွမ်းကုန် ကြမ်းရမ်းပြီး အချိန်တိုတို နှင့် ချေမှုန်း နိုင်မည်ဆိုလျှင် အားလုံး၏ ပါးစပ်များ ပိတ်သွားကြမည် ဖြစ်သည်ဟု မျှော်လင့်ခဲ့သော်လည်း ၎င်းတို့ ထင် ထားသလို ဖြစ်မလာဘဲ အချိန် ကြာညောင်းလာသည်နှင့်အမျှ အာဆီယံ အပါအဝင် နိုင်ငံတကာ ခေါင်းဆောင် များ ၏ အသိစိတ်တွင် မည်သို့မျှ လိပ်ပြာ လုံစွာဖြင့် နေလို့ မရအောင် အမဲစက် စွန်းထင်းလာခဲ့ပြီ ဖြစ်သည်။

 

အာဆီယံ အနေဖြင့် အနည်းဆုံး မြန်မာ အား အသင်းဝင် အဖြစ်မှ ရပ်စဲခြင်း၊ အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံခြင်း မျိုး ဆုံးဖြတ်ချက် ချသင့်ကြောင်းလည်း ဂျပန်ထုတ် The Diplomat မှ ထောက်ပြသွားခဲ့သည်။

 

လောလောဆယ်တွင်တော့ အမေရိကန်တို့၏ အာရှ-ပစိဖိတ် ဒေသ အပေါ် ထားရှိသော ကတိကဝတ်များသည် မည်မျှ ခိုင်မာကြောင်း ပြသရန် မြန်မာသည် စံနမူနာ Test case ဖြစ်လာခဲ့ချေပြီ။

 

နောက်ထပ် သတင်းတခု အဖြစ် စစ်ကောင်စီသည် အသက် ၇၀ ကျော် အရွယ်ရှိနေပြီ ဖြစ်သော ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်း နှင့် ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်နိုင် တို့ နှစ်ဦးအား အသက်အရွယ်နှင့် ကျန်းမာရေး ကို ထောက်ထား၍ ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းထုတ်ပြန်လာခဲ့သည်။

 

၎င်းတို့ နှစ်ဦး ကို အဘယ်ကြောင့် မဲမသမာမှု ဖြစ်ရသည် ဆိုသည် အပေါ် ခိုင်လုံသော အကြောင်းပြချက် မပေးနိုင်၍ ဆိုကာ ထောင် သုံးနှစ် ချခဲ့ခြင်းလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!