ကန် နိုင်ငံခြားရေး ဝန်ကြီး၏ ကျေညာ ချက် နှင့် အီးယူ၏ ထပ်မံ အရေးယူလာမှု

by Hla Soewai - Nov 10 2022

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် မှ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ၏ နှစ်နှစ်တာ အထိမ်းအမှတ် အဖြစ် ယမန်နေ့က ကျေညာချက်ထုတ်ပြန်ခဲ့သည်။

 

ထိုကျေညာချက်တွင် စစ်အာဏာသိမ်း အဖွဲ့ စီစဉ်ထားသော “အတုအယောင်” ရွေးကောက်ပွဲသည် လက်ရှိ အခင်း အကျင်းတွင် မည်သည့်နည်းနှင့်မျှ လွတ်လပ်ပြီး တရားမျှတမှု ရှိနိုင်မည် မဟုတ်ဟု ဆိုကာ နိုင်ငံတကာ အားလည်း အသိအမှတ်မပြုရန် တိုက်တွန်းသွားသည်။ ထိုအစား အားလုံး ပါဝင်ပြီး ဖွံ့ဖြိုးတိုးတက်လာမည့် နိုင်ငံတော် ပေါ်ထွန်းရေးအား ရှေးရှုပြီး ဒီမိုကရေစီ လိုလားသော ခေါင်းဆောင်များ နှင့် အဓိပ္ပါယ် ရှိရှိ ထိတွေ့ ဆက်ဆံသွားရန်လည်း တိုက်တွန်း အပ်ပေသည်။

 

ထိုတိုက်တွန်းချက်သည် လာမည့် သောကြာနေ့တွင် ပြုလုပ်မည့် အာဆီယံ ထိပ်သီး အစည်းအဝေး တွင် သက်ရောက်မှု ရှိလာမည်လား ဆိုသည်က စောင့်ကြည့်ရမည်သာ ဖြစ်သည်။

 

အမေရိကန် ပြည်ထောင်စုသည် မိမိတို့၏ မဟာမိတ်များ ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံများ နှင့်အတူ စစ်အာဏာသိမ်း အဖွဲ့၏ ရက်စက်ကြမ်းကြုပ်မှု များ အတွက် အကျိုးဆက်များ ဖြစ်ပေါ်လာအောင် ဆက်လက်၍ အတူ လက်တွဲ စီမံဆောင်ရွက်သွားမည်။

 

အကျိုးတူ ပူးပေါင်းနေသော နိုင်ငံများနှင့်အတူ တရားမျှတမှု၊ တာဝန်ခံမှု ဖြစ်ပေါ်လာစေရန် နှင့် စစ်အာဏာသိမ်း အဖွဲ့ အတွက် ဝင်ငွေ ရရာရကြောင်း အရင်းအမြစ်များကိုလည်း မရရှိနိုင်စေရန် မဆုပ်မနစ် ဆက်လက် လုပ် ဆောင်သွားမည် ဖြစ်သည်။

 

တဆက်တည်းမှာပင် စစ်အာဏာသိမ်း အဖွဲ့အား လက်ရှိ ကျူးလွန်နေသော အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ပြည်သူများ၏ ဆန္ဒ နှင့် ဒီမိုကရေစီ၊ တရားဥပဒေ စိုးမိုးရေး နှင့် လူဂုဏ်သိက္ခာ နှင့် အညီ နေထိုင်ခွင့်ရရေး တောင်းဆိုနေမှုများကို လေးစားလိုက်နာရန် ဖိအား ပေးသွားမည်လည်း ဖြစ်သည် အစရှိသဖြင့် ပါရှိလာခဲ့သည်။

 

ကန် နိုင်ငံခြားရေး ဝန်ကြီး၏ ကျေညာချက်သည် ယခင်နှင့်မတူ သိသိသာသာ ပြင်းထန်လာခဲ့သည်။

 

အီးယူသည်လည်း ပြည်ပ စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဆိုသူ ကံဇော်၊ တရားရုံးချုပ် တရားသူကြီး ထွန်းထွန်းဦး နှင့် အခြား ထိပ်တန်း စစ်အရာရှိကြီးများ စုစုပေါင်း ၁၉ ဦးအား ဒဏ်ခတ် ပိတ်ဆို့ အရေးယူ ကြောင်း ကျေညာခဲ့သည်။ ထို့အတွက် အီးယူ မှ အရေးယူခဲ့သော လူပုဂ္ဂိုလ် စုစုပေါင်း ၈၄ ဦး နှင့် ကုမ္ပဏီ ၁၁ ခု ရှိသွားခဲ့ပြီ ဖြစ်သည်။

 

အီးယူ၏ ကျေညာချက်တွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ၊ စစ်ရာဇဝတ်မှုများ နှင့် လူသားများ အပေါ် ရာဇဝတ်မှုများ ကျူးလွန်နေသူများအား ဖြစ်နိုင်သမျှသော နည်းလမ်းများဖြင့် တရားဥပဒေ အဆုံးအမ ခံယူ နိုင်ရန် ကြိုးပမ်းသွားမည် ဆိုသော ကျေညာချက် အောက်တွင် ပါရှိလာခဲ့သူများ ဖြစ်၍ လောလောဆယ်တွင် ထိရောက်မှု မရှိလှဟု ပြော၍ ရသော်လည်း ၎င်းတို့အားလုံးသည် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်ခေါင်းဆောင်များ နှင့် ကြံရာပါ များ ဖြစ်သည်ဆိုသည့် မှတ်တမ်း ဝင်သွားခဲ့လေသည်။ လွတ်ရာလွတ်ကြောင်း အဖြစ် မင်းအောင်လှိုင် နှင့် သေအတူ ရှင်မကွာ ရပ်တည်သွားနိုင်မှသာ ဖြစ်ပေတော့မည်။ မင်းအောင်လှိုင် ကလည်း ထိုသို့ ဒဏ်ခတ်လေ ၎င်းအား သစ္စာခံသူများ တိုးလာလေဟု ယူဆမည် ဖြစ်သည်။

 

အမေရိကန် ပြည်ထောင်စုကလည်း ယနေ့ပင် လက်နက် ပွဲစား ကျော်မင်းဦး နှင့် သူ၏ Sky Aviator ကုမ္ပဏီအား ဒဏ်ခတ်သည့် စာရင်းထဲ ထည့်သွင်းခဲ့ပြန်သည်။

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ရွေးကောက်ပွဲ နှစ်နှစ်မြောက် ထုတ်ပြန်ချက်တွင် နိုင်ငံတော် အတိုင်ပင်ခံ လွတ်မြောက်ရေး အတွက် နိုင်ငံတကာမှ ဖိအားပေးကြရန် နှင့် သို့မှသာ မြန်မာ အကျပ်အတည်းအား မည်သို့ မည်ပုံ ဖြေရှင်းနိုင်မည်ကို သူမနှင့် နိုင်ငံခြား အထူး သံတမန်များ ဆွေးနွေး အဖြေရှာနိုင်‌ရေး အတွက် လမ်းပွင့် သွားမည် ဖြစ်ကြောင်း ပါရှိခဲ့သည်။

 

လက်ရှိတွင် နိုင်ငံတကာ သည် မြန်မာ အရေး အား အကြမ်းဖက် စစ်ခေါင်းဆောင်များ နှင့် သက်ဆိုင်နေသည့် အဖွဲ့အစည်းများ အကြား ဆွေးနွေးကြရန် ပြောဆိုနေကြခြင်းသည် လက်တွေ့ ပြဿနာကို အပြီးအပိုင် ဖြေရှင်းလိုစိတ် မရှိဘဲ ဘရိတ်အုပ် ချောင်ထိုးထားရန် ကြံစည်နေကြခြင်း ဖြစ်သည်။

 

နိုင်ငံတကာ အနေဖြင့် ထိုကဲ့သို့ အပြီးအပိုင် ဖြေရှင်းနိုင်ရေးသည် စစ်ရေးနည်းလမ်းမှ အပ အခြား မရှိတော့ သည်ကို သိရှိထားကြပြီး ဖြစ်၍ ဘရိတ်အုပ်နိုင်ရန် ကြိုးပမ်းနေကြခြင်းလည်း ဖြစ်ပေသည်။

 

စစ်ကောင်စီသည် “အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး” ခေါင်းစဉ်တပ်ကာ ၎င်းတို့၏ ရက်စက်ကြမ်းကြုပ်သည့် လုပ်ရပ်များကို ဖုံးကွယ်ပြီး လူတောထဲ ဝင်ဆန့်နိုင်ရန် အထူး ကြိုးပမ်းလျှက် ရှိသော်လည်း ပြည်သူများက လက်နက်အင်အား အဆမတန် သာလွန်သော အကြမ်းဖက် စစ်တပ်ကို ရရာ လက်နက်များ ဖြင့် တွန်းလှန် လာနေကြသည့် အဖြစ်ကပင် အာဏာသိမ်း အဖွဲ့၏ ရှေ့ကဖုံး နောက်ကပေါ် ဆိုသည့် သရုပ်မှန်ကို နေ့စဉ်နှင့် အမျှ ထင်ဟပ်လျှက် ရှိနေပေသည်။

 

မင်းအောင်လှိုင်သည် ဆင်ဖြူတော်ကြောင့် ဘုန်းတန်ခိုး တက်လာသည်ဟု ဂုဏ်ယူနေသော်ငြားလည်း လာမည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ပင် တက်ရောက်ရန် လူလူသူသူ ဖိတ်ကြား မခံခဲ့ရပေ။ လက်နက်ရောင်း နေသော ရုရှားမှ လွဲ၍ မည်သည့် နိုင်ငံကမျှလည်း အရေးတယူ ဖိတ်ခေါ်ခဲ့ခြင်း မခံရသော အဖြစ်ကလည်း မည်သို့ပင် ဆိုစေ ၎င်းအတွက် အခံရအခက်ဆုံး ဆူးကြီး တချောင်း စိုက်ဝင်နေခြင်းဖြစ်သည်။

 

(ပုံတွင် နိုဝင်ဘာ ၈ ရက်နေ့ တွင် မြင်းခြံမြို့နယ် အတွင်း ရှိ အိမ်ခြေတထောင်ခန့် ရှိသော ပျား ကျေးရွာ သို့ အကြမ်းဖက် စစ်တပ် မှ ဝင်ရောက်လာပြီး မီးတင်ရှို့နေသည့် မြင်ကွင်း ကို တွေ့ရစဉ် - ခေတ်သစ် သတင်း)

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!