ညီရင်းအကို သွေးစည်းမှု နှင့် အဓမ္မ ဝါဒ အားပြိုင်မှုကြားမှ ပြင်သစ် တော်လှန်ရေး (နိဂုံးပိုင်း)
ဂျက်ကိုဘင် ခေါင်းဆောင်များက အကြမ်းဖက် မှုများ နှင့် ပြင်သစ်အား ခေတ်မီ နိုင်ငံ ထူထောင်ရန် ကြိုးပမ်း နေချိန်တွင် တဖက်တွင်လည်း ပြည်ပရန် ကို ရင်ဆိုင်နိုင်ရန် အမျိုးသား ညီလာခံသည် စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်းလာခဲ့သည်။ ထိုဥပဒေအရ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား လက်မထပ်ရသေးသူများ၊ ကလေးမရှိသူများ အားလုံး မဖြစ်မနေ စစ်မှု ထမ်းရန် လိုအပ်လာခဲ့သည်။
ဤသို့ဖြင့် ပြင်သစ် သည် လူပေါင်း ၇၀၀,၀၀၀ ခန့်ကို စစ်ထဲဆွဲသွင်းနိုင်ခဲ့သည်။ အားလုံးသည် အသစ် စပ်ဆိုထားသော နိုင်ငံတော် သီချင်း ဖြစ်သည့် "La Marseille" ကို ကျယ်လောင်စွာ ဟစ်ကြွေးပြီး စစ်မြေပြင်သို့ ချီတက်ခဲ့ကြသည်။
ထိုသီချင်း စာသားများတွင် လွတ်လပ်မှုများ ထွန်းကားရာ အဖ ပြင်သစ်မြေကို ကာကွယ်မည်ဟု ကြွေးကြော်ထားခဲ့သည်။
၁၇၉၃ နှင့် ၁၇၉၄ ဆောင်းရာသီများတွင် ပြင်သစ်သည် ပြည်တွင်း ပုန်ကန်မှုများကို နှိမ်နှင်းထားနိုင်ခဲ့သည်။ တချိန်တည်းမှာပင် ဩစတီးယား၏ ကျုးကျော်မှု ကို တွန်းလှန်နိုင်ခဲ့ပြီး ဗြိတိန်အားလည်း ရှေ့တိုးမလာအောင် ဟန့်တားထားနိုင်ခဲ့သည်။
ရိုစ်စပရီး၏ လုပ်ဖေါ်ကိုင်ဖက်များက စစ်ရေး အခြေ အနေ အရေးသာလာသည့် အတွက် ပြည်တွင်းတွင် အကြမ်းဖက်မှုများ လျော့လျော့ပေါ့ပေါ့ လုပ်ရန် အချိန်တန်ပြီဟု ကျိုးကြောင်းပြ ပြောဆိုလာခဲ့ကြသည်။ ထိုအထဲတွင် ပြည်သူ့ လုံခြုံရေး ကော်မတီတွင် ရိုစပရီးကဲ့သို့ပင် ဩဇာတက္ကိမ ရှိသူ ဂျော့်ခ်ျ ဒန်တန်သည် ထိပ်ဆုံးမှ ပါဝင်လာခဲ့သည်။
ရိုစပရီးသည် ထိုသို့ သဘောထား ကွဲလွဲမှု ကို သည်းမခံနိုင် ဖြစ်လာပြီး ၁၇၉၄ ဧပြီလ အစောပိုင်းတွင် ဒန်တန် ဂိုဏ်းသား ဆိုသူများအား ခေါင်းဖြတ်စက် ရှိရာသို့ ပိုပေးနိုင်သည် အထိ အစွမ်းပြနိုင်လာခဲ့သည်။
၁၇၉၄ ဇွန်လထဲတွင် 22 Prairial ဥပဒေကြီးကို ပြဋ္ဌာန်းလာခဲ့သည်။ ဤဥပဒေအရ နိုင်ငံသားတိုင်းသည် တော်လှန်ရေး အား ဖျက်လိုဖျက်ဆီး လုပ်နေသည်ဟု သံသယရှိသူတိုင်းအား ဖမ်းဆီးပြီး တရားသူကြီး ရှေ့မှောက်သို့ ခေါ်ယူလာနိုင် ခွင့် ရှိသည့် အပြင် တရားခံများအားလည်း ရှေ့နေ များမှ လျှောက်လှဲပေးရန် မလို၊ တရားစီရင်ရာတွင်လည်း ကွင်းလုံးကျွတ် လွတ်စေ နှင့် သေဒဏ် နှစ်မျိုးသာ စီရင်ရမည် အစရှိသဖြင့် ပါရှိလာခဲ့သည်။ ထိုဥပဒေဖြင့် တနိုင်ငံလုံး အကြောက်တရားဖြင့် ပြားပြားဝပ်နေအောင် စီမံလာခြင်းလည်း ဖြစ်သည်။
ထိုလမှာပင် ပြင်သစ်တို့သည် ဩစတီယား အပေါ် စစ်ရေးအရ ပြတ်ပြတ်သားသား အနိုင်ရရှိ သွားခဲ့ပြီဖြစ်၍ ပြည်ပမှ ကျုးကျော်လာမည့် အန္တရာယ်လည်း အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ စစ်ပွဲအတွင်း အရေးပေါ် အခြေအနေ ကျေညာထားခဲ့ပြီး တိုင်းပြည်အား အကြောက်တရား ဖြင့် အုပ်ချုပ်နေမှုသည် ဆက်ပြီး အကျုံးမဝင်တော့သဖြင့် အဆုံးသတ်တော့မည်ဟု အများက မျှော်လင့်ထားခဲ့ကြသည်။
သို့သော် မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။ ထိုအစား ရက်သတ္တပတ် အနည်းငယ်အကြာတွင် ရိုစပရီးသည် နောက်ထပ် လူတစုအား သစ္စာဖေါက်များဟု စွပ်စွဲကာ ကားစင်တင်လာခဲ့သည်။ ရိုစပရီး၏ လုပ်ရပ်အား အမျိုးသား ညီလာခံ အဖွဲ့ဝင်များသည် မည်သို့မျှ သည်းမခံနိုင်အောင် ဖြစ်လာခဲ့ကြသည်။
ရိုစပရီး၏ လုပ်ဖေါ်ကိုင်ဖက် ဖြစ်ခဲ့သူများ၊ နောက်လိုက်များသည် ပြင်သစ် နိုင်ငံသားပေါင်း မြောက်မြားစွာ ခေါင်းဖြတ်စက်အောက်တွင် အသက်ဆုံးရှုံးနေကြရသည်ကို သိမြင်လာပြီး သူတို့ အလှည့်မရောက်မီ အရင်လက်ဦးအောင် လုပ်ဖို့ ကြံလာကြသည်။
ဤသို့ဖြင့် ၁၇၉၄ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် ရိုစပရီး ထောက်ခံသူများနှင့် အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ ထိုတိုက်ပွဲတွင် ရိုစပရီးသည် ကိုယ့်ကိုကိုယ် သေနတ်နှင့် အဆုံးစီရင်ရန် ကြိုးစားခဲ့သော်လည်း ဟန့်တား နိုင်လိုက်သဖြင့် ဘယ်ဖက် မေးရိုးအောက်တွင်သာ ဒဏ်ရာ ရရှိသွားခဲ့သည်။
နောက်ဆုံးတွင် ရိုစပရီး ဆန့်ကျင်ရေး အဖွဲ့မှ အနိုင်ရရှိသွားခဲ့သည်။ ရိုစပရီအားလည်း ဖမ်းဆီး ကွပ်မျက် နိုင်ခဲ့သည်။ ဤသို့ဖြင့် ပြင်သစ် တော်လှန်ရေးသည် နောက်ထပ် အလှည့်အပြောင်းကြီးနှင့် ကြုံခဲ့ရပြန်သည်။
ရိုစပရီး နောက်တွင် သာမီဒိုရီယန် တန်ပြန်အင်အားစု ပေါ်ထွက်လာပြီး ပြည်သူ့လုံခြုံရေး ကော်မတီ၏ အာဏာ အချို့ကို ခွဲဝေ ယူလာကာ အမျိုးသားညီလာခံ၏ လုပ်ပိုင်ခွင့်များကို ပြန်လည် ပြဋ္ဌာန်းပေးလာခဲ့သည်။ နောက်နှစ် အနည်းငယ်အကြာတွင် တဖက်စွန်း ရောက်သူများကို သန့်စင်ပစ်နိုင်ခဲ့သည် နှင့်အမျှ အကြမ်းဖက်မှုများကို ထိန်းချုပ်လာနိုင်ခဲ့သည်။
လူသားအားလုံး လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်၊ ညီရင်းအကိုပမာ သွေးစည်းခွင့် ရှိရမည်ဟူသော ကြွေးကြော်သံများဖြင့် ပေါ်ထွက်လာသော ပြင်သစ် တော်လှန်ရေးသည် ခေတ်သစ် တခုသို့ ပြောင်းလဲပေးနိုင်ခဲ့သည်။ သို့သော်လည်း တန်ဖိုးကြီးစွာ ပေးဆပ်ခဲ့ကြရသည်။
နောက်ပိုင်းတွင် ထိုအကြောင်းကို ဆိုဗီယက် တော်လှန်ရေး ကဗျာဆရာ ဗလာဒီမာ မာယာကော့စကီးမှ တော်လှန်ရေးသည် ပါဝင်ဆင်နွှဲခဲ့သူများအား အတင်းအဓမ္မ ဆွဲမွှေရမ်းပစ်ခဲ့ပြီး ဘေးမှ ရပ်ကြည့်သူများအား မည်သို့မျှ မသိနိုင်မှု ဆီသို့ တွန်းပို့ပစ်ခဲ့သည်ဟု သုံးသပ်သွားခဲ့သည်။
မိမိတို့ အနေဖြင့် ဖြစ်ပေါ်လာသော တော်လှန်ရေး တိုင်းသည် အကြမ်းဖက်မှုများ နှင့် အကြောက်တရားများ ရောနှောလာခဲ့လျှင် အံအားသင့်စရာမလို၊ ထိုသို့ ဖြစ်မလာမှသာ အံ့အားသင့်စရာ ဖြစ်ကောင်း ဖြစ်လာနိုင်စရာ ရှိပေသည်။
(ဆက်လက်ပြီး "ဟေတီ၏ ဒီမိုကရေစီ မြေစမ်းခရမ်းပျိုး ခြင်း နှင့် ကျဆုံးသွားခဲ့မှု" အား တင်ပြသွားပါမည်)