တော်လှန်ရေး အလှည့်အပြောင်း ဖြစ်လာစေမည့် Absolute Evil

by Hla Soewai - Nov 03 2022

မြန်မာသည် စစ်အာဏာရှင် အဆက်ဆက် လက်အောက်တွင် နှစ်ပေါင်း ၆၀ နီးပါး ကျဆင်းခဲ့ရပြီး စစ်ခေါင်းဆောင် အပျော့၊ အပြင်းများ နှင့် ကြုံခဲ့ရပြီး ဖြစ်သည်။ သို့သော် နှစ်ဆယ့်တစ်ရာစု တွင်တော့ စစ်အာဏာရှင် စနစ်သည် တဖြေးဖြေး မီးဇာကုန် ဆီခမ်းသည့် အဖြစ် ဦးတည်လာခဲ့သည်။

 

ထိုသို့သော အချိန်တွင် စစ်အာဏာရှင်စနစ်ကို အသက်သွင်းလိုသူများသည် နောက်ဆုံးမီးစာကို အားကုန်သုံးကာ တထိန်ထိန် ညီးအောင်း ကြိုးစား

ပမ်းစား ထွန်းညှိလာနေပြီ ဖြစ်သည်။

 

ထိုသို့ လုပ်ရန် အတွက် သဘာဝ ကျစွာ absolute Evil ဆိုသည်က နောက်ဆုံးအကြိမ် အဖြစ် ပေါ်ထွန်းလာစမြဲ ဖြစ်ပြီး နိုင်ငံသည် အရင့်အရင် ကထက် ပို၍ ကြမ်းကြုပ် ရက်စက်သည့် အဆိုးဝါးဆုံး အနေအထားနှင့် ကြုံတွေ့နေရခြင်းလည်း ဖြစ်သည်။

 

Absolute Evil ဆိုသည်က လူများ အဖို့ ၎င်း၏ အတွင်းစိတ်တွင် ဘာကို ရည်ရွယ်နေသည်ကို မည်သို့မျှ နားမလည် နိုင်တော့သည့် အဆင့်တွင် ရှိခြင်းကို ဆိုလိုသည်ဟု အမေရိကန် နိုင်ငံရေး သိပ္ပံ အကျော်အမော်လည်း ဖြစ်၊ စာအုပ်ပေါင်းများစွာကို ရေးသားထုတ်ဝေခဲ့သည့် Hannah Arendt မှ သူမ၏ "The Origin of Totalitarianism" တွင် ဖေါ်ပြထားခဲ့သည်။

 

မင်းအောင်လှိုင်သည် တောထဲက ရှာတွေ့လာသော အဖြူရောင်ရှိသည့် ဆင်အား သွားတွေ့ကာ နာမည်ပေး ကင်ပွန်းတပ် ပြီး "ဆင်ဖြူသည် ဘုန်းတံခိုး နှင့် ပြည့်စုံသော မင်းကောင်းမင်းမြတ် လက်ထက်တွင် သာ ပေါ်ထွန်းကြောင်း အဓိပ္ပါယ်ရသည့် သီချင်းလည်း ထုတ်လွှင့် နေသည်ဟု သိရသည်။

 

ထိုအကြောင်းကို မည်သို့မျှ ထိန်ချန်ထားခြင်း မရှိပဲ ၎င်းဘုန်းကံတက်လာပြီ ဟု အထင်ရောက်ကာ လူထုကို မချွင်းမချန် အသိပေးလိုသည့် အသိညဏ်က လူတို့ မည်သို့မျှပင် နားလည်ရာ နားလည်ကြောင်း မဖြစ်စေနိုင်ပေ။

 

မင်းအောင်လှိုင်တော့ မသိ ဓါတ်ပုံထဲတွင် နောက်ကရပ်နေသော သူသည် လက်အုပ်ပင်ချီနေသေးသည်။ ဆင် သတ္တဝါကိုလား၊ မင်းအောင်လှိုင် လင်မယားကိုလား ဆိုသည်ကတော့ ကွဲကွဲပြားပြား မသိနိုင်ပေ။

 

ဤသည်ကို ကြည့်က အဆိုပါ စစ်ဗိုလ်ချုပ်များ၏ အ‌ တွေး အခေါ် သည် ၁၈-၁၉ ရာစုနှစ်များထဲက မထွက်နိုင်၊ မည်သို့သော စာပေ ဗဟုသုတမှလည်း လိုက်စားခဲ့ပုံမရ သည်ကို အထင်အရှား တွေ့နေရပေသည်၊ ၎င်းတို့ကဲ့သို့ အဖြစ်ဆိုးမျိုး၊ လူရီစရာ ဖြစ်ရမည့် ဘဝမျိူး မကြုံရလေအောင် မိမိတို့ ရင်သွေးများ အတွေး အခေါ် ရင့်ကျက်အောင် အပြင်စာများ ဖတ်သည့် အ‌လေ့အထ ကို မိဘများက ပျိုးထောင်ပေးသင့်ပေသည်။

 

"မူးကြီးမတ်ကြီးများ နယ်စပ်‌ဒေသတွင် ပုန်ကန်ထကြွနေသူများကို နှိမ်နှင်းမှ ဖြစ်ပေတော့မည်။"

 

"သင့်မြတ်လှကြောင်းပါ ဘုရား"

 

မင်းဆရာ ကိုးကွယ်သော ဆရာတော်များကလည်း လက်ရှိ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကို နယ်စပ်ဒေသရှိ ပုန်ကန်ထကြွနေသူများဟုပင် သဘောထားနေကြသည်။

 

၎င်းကြောင့် ရွာ‌ ပေါင်းများစွာ မီးရှို့ခံရ ‌၍ လူပေါင်း ၁.၁ သန်းခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်များသည် မင်းတရားကြီးအား ပုန်ကန်နေ၍ ဖြစ်သည်ဟု မှတ်ယူထားကြသည်။

 

အားလုံး၏ အတွေးအခေါ်များသည် အထက်ပါ နယ်ပယ်ထဲက မထွက်နိုင် ဆိုသည်က ထင်ရှားသည်ထက် ထင်ရှားလာနေသည်။

 

ကျန်သည်ကို အပထား၊ ထိုသို့သော လူမျိုးများ၏ အတွေး အခေါ် အယူအဆများနှင့် အုပ်ချုပ်ခံနေရသည်ကပင် လွန်စွာ ရှက်ဖို့ကောင်းပြီး ကမ္ဘာအလယ်တွင် မျက်နှာ ငယ်နေရပေပြီ။

 

စစ်ကောင်စီ သည် လူကြားမကောင်းအောင် တိုက်‌လေယာဉ်များ နှင့် နိုင်ငံအနှံ့ တိုက်ခိုက်လာနေသည် မှာ လပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။

 

ဧရာဝတီ သတင်းမှ အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ပြောကြားချက်အား ကိုးကား ဖေါ်ပြရာတွင် အာဏာသိမ်းပြီး ချိန်မှစ၍ လေကြောင်းမှ အကြိမ်ပေါင်း ၂၄၀ ကျော် တိုက်ခိုက်ပြီး ဖြစ်သည်ဟု ဆိုသည်။

 

ထိုသို့ လေကြောင်းတိုက်ခိုက်မှု များသည် တိကျသေချာခြင်း မရှိသည့်အပြင် ပြည်သူတို့၏ ပူးပေါင်းမှု မရှိသဖြင့် မြေပြင် ဒလန်များ၏ သတင်းများကိုသာ အားကိုး အားထားပြုနေရသည်၊ ထို့အတွက်လည်း လက်ယက်ကုန်း၊ အနန့်ပါ ကဲ့သို့ ကမ္ဘာက ထိတ်လန့် တုန်လှုပ်သွားရလောက်အောင် အစွမ်းပြနိုင်ခဲ့သည်။

 

‌ဧရာဝတီ မှ ဆက်လက်ဖေါ်ပြရာတွင် ထိုဖြစ်ရပ်ဆိုးများ အတွက် အဓိက တာဝန် ရှိသူအဖြစ် ကံဆိုးမိုးမှောင်ကျလာခဲ့ရသူသည် လုံခြုံရေး ထူထပ်စွာ ချထားသည့် နေပြည်တော် စစ်ရုံးချုပ် ရှိ လေအေးစက် တပ်ထားသော အခန်းတွင် ထိုင်နေသည့် လေတပ် ဦးစီးချုပ် ထွန်းအောင် ဆိုသူပင် ဖြစ်သည်ဟု ထောက်ပြလာခဲ့သည်။

 

အာဏာသိမ်း အဖွဲ့သည် လေကြောင်း အားကိုး၍ မြေပြင်ကို စိုးမိုး၍ မရ၊ ‌ကြည်းတပ်ကို မဖြစ်မနေ သုံးကို သုံးရမည်ဖြစ်သည်၊ လေကြောင်းအားကိုး၍သာ နိုင်စတမ်းဆိုက ပူတင်သည် ရုရှားတခွင် လူငယ် သုံးသိန်းခန့်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ဆွဲလားရမ်းလား လုပ်စရာ လိုမည် မဟုတ်ပေ။

 

လေကြောင်းမှ တိုက်ခိုက်မှု ကြောင့် ပြည်သူကာကွယ်ရေး တပ်များကို အရှိန်တန့်အောင်လုပ်နိုင်ခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူ အပြီးတွင် ထုံးစံ အတိုင်း နယ်မြေစိုးမိုးရေး ဆိုကာ အသေခံ တက်ခိုင်းခဲ့သော မြေပြင်တပ်များသည် အမြဲလို ဖရိုဖရဲဖြစ်ကာ အကျအဆုံးများပြီး တပ်ကို စွန့်ခွာ ထွက်ပြေးကုန်ကြပြန်သည်။ လေကြောင်းမှ အသာစီးယူကာ တိုက်ခိုက်ကာ ၎င်းတို့အကြား စိတ်ဓါတ်မြင့်တင်ပေးနေရသော်လည်း နယ်မြေကတော့ မစိုးမိုး နိုင်ပဲ နာမည် ပျက်သည်ထက် ပျက်၊ စစ်စရိတ်များ ထောင်းလာသည်သာ အဖတ်တင်ခဲ့သည်။

 

သို့သော် ထိုသို့ တဖက်သတ် အနိုင်ကျင့် တိုက်ခိုက်နေမှု ကို မည်သူမျှ ကြာကြာငြိမ်ခံနေကြမည်မဟုတ်၊ အချိန်ကြာလာသည်နှင့် အမျှ မိမိတို့ တွင် လေကြောင်းရန် ကာကွယ်ရေး အတွက် မည်သည့်နည်းနှင့် ဆို လိုအပ်သည့် လက်နက်များကို မရအရ ယူလာကြတော့မည်လည်း ဖြစ်သည်။

 

ဤသည်က တော်လှန်ရေးကို အဆုံးအဖြတ် ပေးလာတော့မည့် အလှည့်အပြောင်းကြီးလည်း ဖြစ်ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!