မသောက်မိသော မိုးခါးရေ

by Hla Soewai - Nov 01 2022

ထိုရုပ်ရှင် ကို မလေးရှား နိုင်ငံ နီလန်းမြို့လေးတွင် ပြသရာ ပြည်ပရောက် မြန်မာများ ကြိတ်ကြိတ်တိုး ကြည့်ရှု့ခဲ့ကြပြီး အလှုငွေ သိန်းပေါင်း ၆၀၀ အထိ ရရှိ ခဲ့သည်ဟု ဆိုသည်။

 

ထိုလူများထဲတွင် လစာကောင်းကောင်းနှင့် မလေးရှားတွင် နေကြရသူများ ပါကောင်းမှ ပါမည် ဖြစ်သော်လည်း နိုင်ငံတွင်း နေခဲ့ကြစဉ်က စစ်အာဏာရှင်တို့၏ ဒဏ်ကို ကျောကော့အောင် ခံခဲ့ကြရသူများကတော့ ထိတ်ဆုံးက ပါဝင်နေသည်။

 

ထိုလူများသည် ယခုလို လာကြည့်နိုင်ဖို့ မည်မျှ အထိ စွန့်လွှတ်ခဲ့ရသည်ကို မလေးရှားတွင် နေဖူးသူတိုင်း သိနိုင်လောက်ပေသည်။ 

 

ယင်းနှင့် အတူ ရံပုံငွေ ဒေါ်လာ သိန်းချီ၍ ရှာပေးနိုင်ခဲ့သော ကိုပေါက် ၏ စွန့်လွှတ် အနစ်နာခံမှု နှင့် အနုပညာ အစွမ်းကိုလည်း လေးစား ဂုဏ်ယူစွာ ဦးညွှတ်မိပါသည်။

 

ထိုပုံလေး ကပင် မြန်မာပြည်သူတို့သည် စစ်အာဏာရှင်စနစ် ကို ဆုံးခန်းတိုင် တိုက်ဖျက်သွားမည် ဟု အပြီးအပိုင် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်ဆိုသည်ကို ပြဆိုနေပေသည်။

 

ထိုသို့ ပြည်သူများ ဖက် က ရန်ငါ ပြတ်နေချိန်တွင် မင်းအောင်လှိုင်က‌ တော့ ဘုရင်ရူး ရူးနေရင်း အချိန်ကုန်နေပြီ ဖြစ်သည်။ ဆင်ဖြူတော် ဆိုသည်ကို တကူးတက နေပြည်တော် သို့ သယ်ယူခြင်း၊ အောက်‌ ခြေ ၁၂ ပေ၊ ၁၈ ပေ မြင့် ရာဇပလ္လုင် ဆိုသည်အားလည်း အမွှေးနံ့သာများ ပက်ဖျန်းနေပြန်သည်ဟု ဆိုသည်။

 

ဘာသာ သာသနာ ကြည်ညိုပြမှ လူထု ထောက်ခံမှု ရမည်ဟု အယူတိမ်းနေရှာသူလည်း ဖြစ်သည်၊ တကယ်တမ်း တွင် ၎င်းတို့ အဖို့ လူထု အကြိုက် လိုက်လျောပြီး လုပ်ပြနိုင်သည့် အကွက် ဆို၍ ထိုတကွက်သာ စိတ်ကြိုက်လုပ်ပေးနိုင်၍လည်း ဖြစ်မည်ထင်သည်။ ထိုသို့သာ လူထုကြိုက်စတမ်းဆိုလျှင် သီရိလင်္ကာ သမ္မတပင် စင်္ကာပူ သို့ ထွက်ပြေးစရာ အကြောင်းမရှိ၊ 

 

ယခု သူ့ဘဝ က သမ္မတ‌တယောက် ဖြစ်လာနိုင်ဖို့ အရေး လူပေါင်းများစွာ ၏ အသက်ကို ရင်းပြီး လုပ်နေရပြီ ဖြစ်သည်၊ ထိုအကြောင်းကို စစ်တပ်ထဲရှိ လူတိုင်းလည်း သိပြီး ဖြစ်နေသည်။ ထိုသို့ အနေအထားက ရပ်ကွက်ထဲက လူပင် ငါမှာ စစ်တပ် နဲ့ လက်နက် ရှိရင် သူလို သမ္မတ ချက်ခြင်း လုပ်၍ ရသည်ဟု ပြောနိုင်သည် မဟုတ်ပါလား။ ၎င်း၏ မျက်နှာကို မြင်ရတိုင်း လည်း ပြည်သူများက မိမိတို့၏ ခေါင်းဆောင်ကို မတရားဖမ်းဆီး ချုပ်နှောင်ထားသူ ဟု အတွေးဝင်လာကြမည်သာ ဖြစ်သည်။

 

ကြိမ်းသေပေါက် နိုင်မည့် ရွေးကောက်ပွဲ ပင်လျှင် သူ့အဖို့ သမ္မတ ဖြစ်ရေး အတွက် ဗိုလ်သန်းဌေး လို လူမျိုးနှင့်ပင် မယှဉ်ရဲသဖြင့် လက်ဝေခံ ပါတီကြီးကိုမယုံရဲ၊ စိတ်မချရဲ ဖြစ်‌နေရရှာသည်၊ လက်ရှိ ‌ခေါင်းဆောင်ပိုင်းကို အတင်း ဖြုတ်ချ၍ လူယုံ တပည့်ကြီး အဖြစ် သစ္စာခံလာသော ခင်ရီ အား နှစ်ပေါက်တပေါက် ရိုက်ကာ ဥက္ကဌ နေရာတွင် အသင့်နေရာယူထားစေခဲ့သည်။ ထို့အပြင် စစ်အရာရှိများအားလည်း အငြိမ်းစား ယူစေပြီး ပါတီ ထိတ်တန်း ရာထူးများ တွင် နေရာယူခိုင်းခဲ့သည်။

 

၎င်းတို့အဖို့က lying power ကိုသာ အားကိုး နေရသည်၊ အလိမ်အညာ ဝါဒဖြန့်၍သာ လူထု အပေါ် လွှမ်းမိုး နိုင်မည် ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ပင် ခေါင်းဖေါ်နိုင်ခဲ့တော့မည် မဟုတ်။ ဇော်မင်းထွန်းသည် ဖားကန့်ဒေသ တေးဂီတ ဖျော်ဖြေပွဲ အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ မှု အပေါ် CNN ၏ မေးမြန်းချက်အား ဖြေကြားရာတွင် "မိမိတို့ တပ်မတော်မှ မည်သည့် အခါမျှ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခဲ့ခြင်း မရှိခဲ့" ဟုပင် ပြောရဲဆိုရဲ ရှိသူ ဖြစ်သည်။ ၎င်းတို့ ပါးစပ်ဖျားတွင် သေဆုံးသွားရသူများသည်ပင် nonperson ဖြစ်ရရှာသည်။

 

လူထု အဖို့က ၎င်းတို့၏ အလိမ်အညာ၊ ကြွားဝါမှုများ နှင့် ကျင့်သားရလာနေပြီမှာ ကြာပြီ ဖြစ်၍ မည်သို့မျှ မတိုးနိုင်တော့ ဆိုသည်ကိုလည်း ဆန်းစစ်သုံးသပ်နိုင်စွမ်း မရှိကြ။

 

ယခု အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေး အားလည်း ပြောင်ပြောင်

တင်းတင်း ပယ်ချလိုက်ပြီး ယခင် အချက် ငါးချက် ကို ယခုမှ ဘွာတေး လုပ်၍မရ ဟု ညစ်တွန်း တွန်းလာခဲ့ပြန်သည်။

 

အာဆီယံအဖို့ အကောင်အထည် ဖေါ်နေမှု များ နှေး ကွေး နေသည် ဆိုလျှင်ပင် စိတ်ရှည်ရှည်ထား စောင့်နိုင်သော်လည်း ယခုအခါ တခုတလေမျှပင် အကောင်အထည် ဖေါ်ခြင်း မရှိသည့် အတွက် ၎င်းတို့ အချက် ငါးချက် အလုပ် မဖြစ်တော့ကို ရိပ်စားမိ‌နေပြီ ဖြစ်သည်၊ ထို့အပြင် တရုတ် နှင့် အိန္ဒိယ မှ အာဏာသိမ်း အဖွဲ့အား လိုလိုလားလား ဆက်ဆံနေခြင်းကြောင့်လည်း ၎င်းတို့ အဖို့ စက္ကူကျား ဘဝ ရောက်နေရသည်။ ထို့မျှမကသေး အားလုံးကလည်း မြန်မာအရေး ဖြေရှင်းရန် ၎င်းတို့ အပေါ် ထိုးချနေသည့် အဖြစ်ကိုလည်း မခံမရပ်နိုင် ဖြစ်လာကြပေဦးမည်။

 

ထို့အတွက် ငါတို့ကတော့ အချက် ငါးချက်ပဲ၊ ဒီထက် ပိုမလုပ်နိုင်၊ ပိုလုပ်လျှင် အဖွဲ့ ပြိုကွဲသည်အထိ ဖြစ်မည်၊ မင်းတို့ လုပ်နိုင်လျင် လုပ်ဟု သဘောမျိုး ထုတ်ပြလာနိုင်စရာ ရှိနေသည်။

 

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးကတော့ လာမည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် ပွဲသိမ်းကစားကွက် ရွှေ့ရန် တွန်းအားပေး‌လာနေသည်။

 

သို့သော် စစ်အာဏာသိမ်း အဖွဲ့က ၎င်းတို့အား ယခုထက် ပို၍ ဖိအားပေးလာလျှင် အနှုတ်လက္ခဏာသာ ပြဖို့ရှိကြောင်း ပြောဆိုလိုက်ခြင်းဖြင့် အာဆီယံအား စက္ကူကျားသာသာ ယူဆကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

 

အာဆီယံဖက်က အလျော့ပေးလာလျှင်တော့ မင်းအောင်လှိုင်သည် ငါ့တွက်ကိန်း မှန်လေပြီ ဆိုကာ လက်ခမောင်းခတ်တော့မည်သာ ဖြစ်သည်။

 

သို့သော် ၎င်းအား နေ့စဉ် ခြောက်လှန့်နေမည်က ဗီယက်နမ်စစ် ၏ အိမ်မက်ဆိုးများပင် ဖြစ်သည်၊ ၎င်းအားထားနေရသည့် လေတပ်အင်အားထက် အဆပေါင်းများစွာ ရှိပြီး ကြဲချသည့် ဗုံးတန်ချိန်သည်လည်း ထောင်ချီ ရှိနေသည့်ကြားမှ ဗီယက်နမ် ပြည်သူတို့ အောင်ပွဲခံနိုင်ခဲ့သည့် ဖြစ်စဉ်ကြီးက အထင်အရှား ရှိနေပြီ ဖြစ်သည် မဟုတ်ပါလား။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!