ညီရင်းအကို သွေးစည်းမှု နှင့် အဓမ္မ ဝါဒ အားပြိုင်မှုကြားမှ ပြင်သစ် တော်လှန်ရေး (၃)
လူဝစ် ၁၆ ဘုရင်နှင့် မေရီအန်တိုနက် တို့ ထိမ်းမြားပြီး ရှစ် နှစ် အကြာတွင် သားသမီး ရတနာ ထွန်းကားလာခဲ့သည်။ ထိုအချိန်တွင် နိုင်ငံသားများ၏ ဘုရင် အပေါ် ကြည်ညိုမှု က လေထဲသို့ အငွေ့ပျံ ပျောက်ကွယ် သွားချိန်လည်း ဖြစ်သည်။ ထိုသို့သော အနေအထား ရောက်လာသည့်တိုင် တော်လှန်ရေး မီးတောက်ကြီး သူ့အရှိန်နှင့် သူ တောက်လောင်လာခဲ့ခြင်း မရှိသေးပေ။
တော်လှန်ရေး အတွက် မီးခြစ်ဆံ တချောင်းလိုအပ်နေသည်။ ထိုမီးခြစ်ဆံသည်က အမေရိကန် တော်လှန်ရေးကြီးမှ ထွက်ပေါ်လာသော ယမ်းမှုန့်များပင် ဖြစ်သည်။
တိုင်းတပါး၏ ကိုလိုနီ အပြုခံ ဘဝဖြင့် နေလာခဲ့ရသော လူများပင် လွတ်လပ်ခွင့်၊ ညီမျှခွင့် ရှိရမည် ဆိုသည့် စကားဖြင့် ၎င်းတို့ဂုတ်ပေါ် ခွစည်းထားသည့် ဘုရင်၏ အုပ်ချုပ်ရေး တံပိုးကြီးကို ခါချပြီး အစိုးရ စနစ်သစ် တရပ် တည်ထောင်နိုင်ရန်ပင် ပြောဆိုတိုင်ပင်နေကြပြီ ဆိုသည်ကို ကြားသိလာခဲ့ကြပြီ ဖြစ်သည်။
အမေရိကန် တော်လှန်ရေးသည် ပြင်သစ် နိုင်ငံသားတို့ ၏ ငုံလျိုးနေသော အမျိုးသားရေး စိတ်ဓါတ်ကို နှိုးဆွပေးလာခဲ့သည်။ တချိန်တည်းမှာပင် အမေရိကန် တော်လှန်ရေး တွင် ပြင်သစ်တို့ဝင်ရောက် ခြေရှုပ်နေမှု ကြောင့် နိုင်ငံ၏ စီးပွားရေး အပေါ် ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်၊ ကြွေးများ ထူပြောလာသည် နှင့်အမျှ ပြင်သစ် ပြည်သူများ အတွက် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်လာခဲ့ရသည်။
ထိုသို့ ဖြစ်နေချိန်တွင် ဘုရင်နှင့် မိဖုရားလည်း အသုံးအစွဲ မလျော့ပဲ တိုင်းပြည် ဘဏ္ဍာများကို ထင်သလို ဖြုန်းတီးပစ်လာနေကြသည်။ နိုင်ငံသားများ အဖို့က စားသောက်ကုန် ဈေးနှုန်းများ အဆမတန် မြင့်တက်လာနေသဖြင့် ပေါင်မုန့် တချပ် စားရဖို့ပင် သေလုမတတ် ရုန်းကန်နေကြရသည်။ ခါးမလုံ ဝမ်းမဝ ဘဝဖြင့် နေလာခဲ့ရသည်။
အခြေအနေ ဆိုးနေသည်ကို ပို၍ ဆိုးလာစေရန် အကြောင်းဖန်လာခဲ့ပြန်သည်၊ လူဝီ ၁၆ သည် သူ၏ ကုန်ခမ်းလာနေသော ဘဏ္ဍာတိုက်ကို ဖြည့်တင်းနိုင်ရန် ကြံရာမရ ဖြစ်လာသည့်အခါ ယခင်ကတည်းက လွတ်ငြိမ်းခွင့် ပြုထားသော ဘုန်းတော်ကြီးများ၊ သူကောင်းမျိုးနွယ်များ အပေါ် အခွန်ကောက်ရန် ကြံလာခဲ့ကြသည်။ သို့သော် ထိုသို့ အခွန်ကောက်မည့် အရေးကို ဘုရင်သည် တိုင်းပြည် စီးပွားရေး အား ပံ့ပိုးသည့် အနေဖြင့် အကူအညီပေးကြပါရန် ချော့မော ပြောဆိုခဲ့သည်။
သို့သော် ဘုရင်၏ တောင်းခံချက် ဖြင့် အခွန်စနစ်သစ်အား အလွယ်တကူ သဘောတူရမည့်အစား တခါက ၎င်းမြှောက်စားထားခဲ့သည့် အခွင့်ထူးခံများသည် နိုင်ငံ အနှံ ကိုယ်စားလှယ် များ တက်ရောက်ရသည့် Estates General ခေါ် လွှတ်တော်ကြီးကို ခေါ်ယူလိုက်ကြသည်။ ထိုကဲ့သို့ နိုင်ငံလုံးဆိုင်ရာ လွှတ်တော်ကြီးကို ၁၆၁၄ ခုနှစ်တွင် နောက်ဆုံးအကြိမ် ခေါ်ယူ ခဲ့ဖူးသည်။
ထိုလွှတ်တော်မှတဆင့် ပြင်သစ် အခွင့်ထူးခံ လူတန်းစား နှစ်ရပ်သည် သက်ဦးဆံပိုင်ဘုရင်စနစ် ၏ အာဏာများကို လျော့ပါးအောင် ထိုးနှက်တိုက်ခိုက် နိုင်ရန် နှင့် မိမိတို့ လွတ်လပ်ခွင့်များ ပိုမိုရရှိလာနိုင်ရန်၊ တင်နေသော ကြွေးမြီများအား ဆပ်နိုင်မည့် အခြားနည်းလမ်းများကို ရှာဖွေနိုင်ရန် တို့ကို ဆွေးနွေးတိုင်ပင် နိုင်လိမ့်မည်ဟု မျှော်လင်ခဲ့ကြသည်။
လူဝီ ၁၆ ဘုရင်လည်း မတတ်သာ တော့ပဲ နောက်ဆုံးတွင် အတိုင်ပင်ခံ လွှတ်တော် ခေါ်ယူခြင်းကို သဘောတူခဲ့ရသည်။ ပြင်သစ် တရားရုံးချုပ် မှ လွှတ်တော်အား ၁၆၁၄ တွင် ကျင်းပခဲ့သည့် အတိုင်း။တသွေမတိမ်း ပြုလုပ်ရမည်၊ လွှတ်တော် အရပ်ရပ်ကို သီးခြားစီ ခွဲ၍ ပြုလုပ်ရန် နှင့် မဲများကို လွှတ်တော် အလိုက် voting by order ဖြင့် ထည့်ရမည်ဟု ထုတ်ပြန်ကြေညာလာခဲ့သည်။
လယ်သမားများ၊ အနုပညာရှင်များ၊ ကုန်သည် နှင့် လူချမ်းသာ ဘူဇွာများ ပါဝင်သော တတိယ လူတန်းစားများ၏ လွှတ်တော်သည် နိုင်ငံရေးရာများတွင် ပြောရေးဆိုခွင့် ရှိနေသော်လည်း ဒုတိယ နှင့် ပထမ လူတန်းစားတို့၏ လွှတ်တော်ကို ကျော်၍ လုပ်ခွင့်မရရန် ပြဋ္ဌာန်းထားပြီးလည်း ဖြစ်သည်။
ပထမ နှင့် ဒုတိယ လူတန်းစားများ၏ လွှတ်တော် နှစ်ရပ် သည် သူ့အလိုလို မဟာမိတ်များ အဖြစ် ပေါင်းစည်းလာခဲ့ကြပြီး တတိယ လွှတ်တော်အား ပိတ်ဆို့ဟန့်တားလာခဲ့ကြသည်။
ပါရီ မြို့တော်ကြီးတွင် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။ "တတိယ လွှတ်တော်သည် ဘာကို ခေါ်သနည်း" ဆိုသည့် လက်ကမ်းစာစောင်ကို သာသနာဝန်ထမ်းတဦး ဖြစ်သူ အဘီ ဆီယပ်စ် မှ လူအများ အလွယ်တကူ နားလည်နိုင်စေမည့် စကားလုံးများသုံး၍ ရေးသားဖြန့်ဝေလာခဲ့သည်။
ထိုစာစောင်တွင် တတိယ လွှတ်တော်သည် နိုင်ငံ လူဦးရေ၏ ၉၅ ရာနှုန်းအား ကိုယ်စားပြုနေသော်လည်း ယခုအချိန်အထိ နိုင်ငံရေးရာများများတွင် ထိထိရောက်ရောက် ပြောနိုင်ဆိုနိုင်ခွင့် မရ ဖြစ်နေဆဲဟု ထောက်ပြလာခဲ့သည်။ ပြင်သစ် အုပ်ချုပ်ခံ လူတန်းစားများသည် ထိုသို့ မကျေမနပ် ညည်းတွားယုံဖြင့် တင်းတိမ်မနေကြတော့ပဲ နိုင်ငံရေးတွင် မျက်စိပွင့်နားပွင့် ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။
၁၇၈၉ နွေဦး အရောက်တွင် တော့ မည်သို့မျှ မဖြစ်နိုင်ဟု ထင်ထားသည်များ လက်တွေ့ ဖြစ်ပေါ်လာခဲ့တော့သည်။ ၁၇၈၉ မေလ တွင် အထွေထွေ လွှတ်တော်ကြီး စတင်ကျင်းပလာခဲ့သည့် အခါ တတိယ လွှတ်တော်အား တက်ရောက်လာသူ ကိုယ်စားလှယ်ဦးရေသည် နှစ်ဆနီးပါး ဖြစ်လာခဲ့သည်။ သို့သော်လည်း မဲပေးခြင်းသည် voting by order ဖြင့် ပထမ နှင့် ဒုတိယ လွှတ်တော်၏ မဲပေးနိုင်မှု နှင့် နှစ်ဆ တဆ ကွာဟလျက် ရှိနေဆဲပင် ဖြစ်သည်။ ဆိုလိုသည်က ကိုယ်စားလှယ် တဦးစီ၏ မဲကို ရေတွက်ခြင်း မပြုပဲ လွှတ်တော် သုံးရပ်ပေါင်း မဲဖြင့် ဆုံးဖြတ်ခြင်းပင် ဖြစ်သည်။ မည်သည့် ပြုပြင်ပြောင်းလဲရေးကို မဆို ၎င်းတို့ မလိုလားပါက နှစ်မဲ တမဲ အသာဖြင့် ပထမ နှင့် ဒုတိယ လွှတ်တော်တို့က ပိတ်ဆို့နိုင်သည်။
ထို့အတွက် တတိယ လွှတ်တော်သည် ၁၆၁၄ ကဲ့သို့ပင် အာဏာမရှိ ဖြစ်နေဆဲပင် ဖြစ်သည်။