ကချင်ခေါင်းဆောင်များအား လုပ်ကြံခြင်းလေ

by Hla Soewai - Oct 28 2022

အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်များက တဖြေးဖြေး နှင့် ပို၍ ကြမ်းကြုပ်ရက်စက်လာနေပြီ ဖြစ်ရာ ထိုအ‌ကြောင်း များကို ရေးကြရသူများပင် စက်ဆုတ်ရွံရှာမှု နှင့် အတူ တုန်လှုပ်လာနေရပြီ ဖြစ်သည်။

 

စီဒီအမ် ကျောင်းဆရာ တဦးအား ခေါင်းဖြတ်သတ်ပြီး ခေါင်းပြတ်အား ကျောင်းခြံစည်းရိုးတွင် စိုက်ထားခဲ့မှု (ထိုသို့ ကျူးလွန်ခဲ့မှုအား အမေရိကန်မှ ပြစ်တင် ရှုတ်ချလာခဲ့သဖြင့် ကမ္ဘာသိ ကျော်ကြားသွားခဲ့ရသည်)၊ အမေရိကန်သည် ထိုနည်းဖြင့် ကမ္ဘာသိ အောင် တင်ပြပေးနေခြင်းလည်း ဖြစ်သည်။

 

ယခုလည်း ဖားကန့် တွင် လူသတ်ပွဲကြီးကို ကျူးလွန်ခဲ့ပြန်သည်။ ကေအိုင်အိုမှ ဦးစီးကျင်းပသော ၆၂ နှစ်မြောက် ကေအိုင်အို နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲကို တိုက်လေယာဉ် သုံးစီးဖြင့် တနင်္ဂနွေ ည ၈း၄၀ တွင် စတင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကချင် အနုပညာရှင်များ အပါအဝင် လူပေါင်း ငါးဆယ်ခန့် ပွဲချင်းပြီး သေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းများက ဆိုသည်။ နောက်ဆုံးရရှိသော ကချင် သတင်းများအရ ၆၀ နှင့် ၈၀ အကြား ရှိနေသည်ဟု သိရသည်။

 

ဒဏ်ရာရရှိသူ ရာချီ ရှိခဲ့သော်လည်း ဖားကန့်၊ မြစ်ကြီးနား ဆေးရုံများသို့ သယ်ယူ မသွားနိုင်အောင် လမ်းများ ပိတ်ဆို့၍ တားမြစ်ထားသည်ဟု ဆိုသည်။

 

တရုတ်သတင်းဌာန CGTN မှ ဗွေဆော်ဦး သတင်းထွက်ပေါ်လာပြီး ဂီတပွဲတော်အား မြန်မာစစ်တပ်မှ ဗုံးကြဲ ခဲ့သဖြင့် လူ သုံးဆယ်ကျော် သေဆုံးသွားကြောင်း ဆိုထားသည်။

 

ထိုလုပ်ရပ်သည် အခမ်းအနားသို့ ရောက်ရှိလာမည့် ကေအိုင်အို၊ ကေအိုင်အေ ခေါင်းဆောင်ပိုင်း ကို ရည်ရွယ် ချက်ရှိရှိ လုပ်ကြံခြင်းပင် ဖြစ်သည်ဟု မယူဆလျှင် အခြားမည်သို့များ ယူဆနိုင်ပေဦးမည်နည်း။ လိုင်ဇာသည် တရုတ် နယ်စပ်နှင့် ထိစပ်နေ၍ တိုက်လေယာဉ်များသည် တရုတ်နယ်နမိတ်ထဲ ဝင်ပြီး ပြန်ကွေ့ရမည် သဘော ဖြစ်နေ၍ မတတ်သာသောကြောင့် လက်ပိုက်ကြည့်နေရခြင်းသာ ဖြစ်သည်။

 

ရန်ကုန်ရှိ အနောက်နိုင်ငံ သံရုံးများက ယခု ဖြစ်ရပ်အပေါ် နိုင်ငံသည် မတည်မငြိမ် နှင့် အကျပ်အတည်း ကျ ရောက်နေမှု များမှာ စစ်ကောင်စီကြောင့် ဖြစ်ရသည်ကို မီးမောင်းထိုးပြနေပြီး အရပ်သားပြည်သူများကို ကာကွယ်ပေးရန် ဆိုသည့် တာဝန်ကို အလေးမထားကြောင်း ပြောင်ပြောင်တင်းတင်း ပြဆိုလိုက်ခြင်း ဖြစ်သည်ဟု ပူးတွဲ ကြေညာချက်တွင် ဖေါ်ပြလာခဲ့သည်။ ဆိုလိုသည်မှာ နောက်ဆက်တွဲ ဖြစ်ရပ်များ အတွက် ၎င်းတို့ တွင်သာ တာဝန်ရှိသည်ဟူ၍ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ မှ အရပ်သားများ သတ်ဖြတ်ခံနေရမှုအား ကာကွယ်နိုင်ရန် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အား အမြန်ဆုံး ဝင်ရောက် အရေးယူပေးရန် အပူတပြင်း ပန်ကြားလာခဲ့သည်။

 

အားလုံးအဖို့ စိတ်ဝင်စားစရာ ကောင်းနေသည်မှာ စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းမှ မည်သို့မည်ပုံ လီဆယ် ပြောဆိုလာမည်နည်း ဆိုသည်ကိုပင် ဖြစ်သည်။

 

၎င်းတို့အဖို့ ပြဿနာ တရပ်နှင့် ကြုံလာရလေသည်။ ဤသည်ကား ပြည်တွင်းတွင် ဖြစ်ပွားလာနေသော တော်လှန်ရေးကြီးအား လေကြောင်း တခုတည်း အားကိုး၍ တိုက်ခိုက်နေရခြင်းပင် ဖြစ်သည်။ လေကြောင်းမှ တိုက်ခိုက်ခြင်းသည် ရန်သူကို လူစုကွဲအောင်သာ ပြုလုပ်နိုင်ပြီး စခန်းသိမ်း တိုက်ပွဲများ၊ နယ်မြေ စိုးမိုးနိုင်ရေးများ အတွက် ကြည်းတပ်အင်အားကို သုံး၍မရအောင် အထိနာ လာနေရသည့် ပြဿနာပင် ဖြစ်သည်။ ယင်းနှင့်အတူ စစ်စရိတ်များက ထောင်းသည်ထက် ထောင်းလာနေပြီ ဖြစ်သည်။

 

ဤသို့ဖြင့် စစ်အာဏာသိမ်း တပ်များသည် လှုပ်ရှားမှု တွင် ဘောင်ကျဉ်းသည်ထက် ကျဉ်းလာနေရသည်။

 

ဖားကန့်တွင် လက်နက်ဆို၍ အပ်တို တချောင်းမျှပင် ကိုင်မလာသူများကို ဥပဒေမဲ့ ဗုံးကြဲ၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှု ကြီးသည် စစ်ရာဇဝတ်မှု များ အတွက် အငြင်းပွားစရာ မရှိအောင် နောက်ထပ်တမှု တိုးသွားခဲ့ ပြန်ပြီ ဖြစ်သည်။

 

ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူး ကမူ ကြောက်စရာ ကောင်းလောက်အောင် စကားကို ထိန်းထိန်း သိမ်းသိမ်း ပြောဆိုသွားသည်။ ကေအိုင်အေ မှ မည်သို့ မည်ပုံ တုန့်ပြန်လာမည်ကိုကား မသိရသေးပေ။ သို့သော် ယခုဖြစ်ရပ်သည် ကချင်တိုင်းရင်းသား များကိုသာ မက မြန်မာတပြည်လုံးရှိ တိုင်းရင်းသား ပြည်သူ အားလုံးကို စစ်ကြေညာလိုက်ခြင်းလည်း ဖြစ်ပေသည်။

 

၎င်းတို့အတွက် ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်‌အောင် ချိန်ကိုက် ကျူးလွန်နေသည်အလား ထင်မှတ်ရသည်။ လာမည့် ကြာသပတေးနေ့တွင် မြန်မာ အရေး ဆွေးနွေးရန် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အရေးပေါ် အစည်းအဝေးကြီး က ရှိနေသည်။ ယခင်ကလည်း ထိုသို့ အစည်းအဝေး မလုပ်မီ မှာပင် ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော်တို့အား ကြိုးပေးကွပ်မျက်ခဲ့ပြန်သည်။

 

ဤသည်ကို ကြည့်လျှင် မင်းအောင်လှိုင်သည် အာဆီယံ အား လုံးဝဂရုမစိုက်သည်သာမက အဖွဲ့ကြီးမှ ထုတ်ပစ်လည်း အရေး မဟုတ် ဆိုသည်ကို သွယ်ဝိုက်ပြောဆိုနေခြင်းပင် ဖြစ်သည်။

 

သူ၏ လူသားတဦးတွင် ရှိသင့်ရှိထိုက်သော ဆင်ခြင်တုံတရား ကင်းမဲ့နေခြင်းမှာ ကြောက်မက်ဖွယ် ကောင်း လောက်အောင် အန္တရာယ် များလာနေပြီ။ ထိုသို့သော လူမျိုးသည် ငြိမ်းချမ်းရေး စကားကို သူ့အိမ်ရှေ့သို့ လူအုပ်ကြီး မရောက်လာမချင်း ပြောဆိုမည့်သူ မဟုတ်ဆိုသည်ကို တနိုင်ငံလုံးက သိထားကြပြီး ဖြစ်သော်လည်း အာဆီယံ နိုင်ငံများ သိနားလည်ရန် အချိန်တန်နေပြီ ဖြစ်သည်။

 

မြန်မာ ပြည်သူများ အဖို့က တိုက်ပွဲကို အနိုင်တိုက်နိုင်မှသာ ဖြစ်ပေတော့မည်။ မင်းအောင်လှိုင်သည် အနည်း ငယ်မျှ အသာစီး ရသွားခဲ့လျှင်ပင် ရှေ့လျှောက် ၎င်းအား ဆန့်ကျင်ပုန်ကန်မှု များ ထပ်ပြီးဖြစ်မလာအောင် ယခုထက်ပို၍ ပြင်းထန်စွာ ဖိနှိပ်လာတော့မည်ကား ကျိန်းသေနေပေသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူများ အားလည်း တဦးမကျန် ဓါတ်ပုံ များ နှင့် တိုက်ကာ လိုက်လံဖမ်းဆီးတော့မည် ဖြစ်သည်။ ယခုအထိ သူ့တွင် ထိုသို့ လုပ်ရန် အခွင့်မသာသေး၍ စောင့်နေရခြင်းမျိုးသာ ဖြစ်သည်။

 

ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများ အား လေယာဉ် ဖြင့် ဗုံးကြဲသတ်ဖြတ်ရန် အမိန့်ပေး စေခိုင်းနေသူသည် လူမြင်ကွင်း သို့ အဘယ်မျက်နှာမျိုး နှင့် ထွက်ထွက်လာနေသည်ကို နားမလည် နိုင်အောင် ဖြစ်နေရသည်။

 

တိုင်းပြည်အတွင်း ပုန်ကန်ဆန့်ကျင်သူများ မရှိတော့လျှင် သူ့ကို နိုင်ငံတကာ က တရားဝင် သမ္မတကြီး အဖြစ် မဖြစ်မနေ အသိအမှတ် ပြုလာရတော့မည်ဟု မင်းအောင်လှိုင်၏ စိတ်ထဲ စွဲနေသည်မှာလည်း ပြဿနာ ဖြစ်လာနေသည်။

 

မည်သို့ပင် ဖြစ်စေ မင်းအောင်လှိုင်သည် အနိုင်ရရေး ဂမူးရှူးထိုး ဖြစ်လာသည်နှင့် အမျှ ကိုယ့်သေတွင်း ကို နက်သည်ထက် နက်အောင် တူးလာနေမှုကို အဆိုးထဲက အကောင်း အဖြစ်သာ သတ်မှတ်ရပေတော့မည်။

 

ယခုလည်း မကြာမီက ကမ္ဘာငွေကြေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ Financial Action Task Force မှ အမည် ပျက်စာရင်း အား ပထမ ဆုံးအကြိမ် ထည့်သွင်း အရေးယူလာမည့် လုပ်ရပ်အတွက် ဝါဒဖြန့်ချီရေး သမား များက မစိုးရိမ်ကြရန်၊ ယခင်ကလည်း ယခုလို ကြေညာခဲ့ပြီး ၂၀၁၆ တွင် ပြန်လည် လွတ်မြောက်လာခဲ့၍ အဆန်း တကြယ် မဟုတ်ကြောင်း လူထုကို လိမ်ညာ လှည့်ဖျားလာကြသည်။ တကယ်တမ်း တွင် ယခင်က စောင့်ကြည့်ရုံ အဆင့် မီးခိုးရောင် Grey List ထဲ မှ ပယ်ဖျက်ပေးခဲ့သည်။ ယခုအခါ အမှန်တကယ် အရေး ယူလာတော့မည့် အမည်းရောင် Black list နာမည်ပျက် စာရင်းထဲ ပထမဆုံးအကြိမ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။ လူထုအား လိမ်ညာ လှည့်ဖျားသည့် အထဲတွင် ဗဟိုဘဏ်မှ တာဝန်ရှိသူများက ထိပ်ဆုံးမှ ပါလာ ကြသည်မှာ အံ့ဩဖွယ်ပင် ဖြစ်သည်။

 

သို့သော် ထိုသို့ ကြေညာခံရမှုအား ယခင်ကလို ဂျစ်ကန်ကန် အပြောမျိုး မကြားရတော့ဘဲ အမြန်ဆုံး လွတ်မြောက်နိုင်ရေး စီမံချက် ချ လုပ်ဆောင်နေပါသည်ဟု သနားစဖွယ် ပြောဆိုလာကြသည်ကို တွေ့ရပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!