စင်္ကာပူတွင် တိမ်းရှောင်နေသော တေဇ

by Hla Soewai - Oct 21 2022

တေဇသည် စင်္ကာပူတွင် တိမ်းရှောင်နေသည် ဆိုသော်လည်း စင်တိုစာ ကျွန်းပေါ်ရှိ ဒေါ်လာ ၁၅ သန်း တန် သူ၏ သုံးထပ်မြင့် ဗီလာကြီး ရှေ့တွင် အမြဲလို ရပ်ထားသော Ferrari 8 Spider နှင့် မာစီဒီးစ် ကားကြီး နှစ်စင်းဖြင့် မာရီနာ ဘေး ကာဆီနို သို့ ငွေအိတ်ကြီး သယ်ကာ သွားရောက် သုံးဖြုံးကစားနေနိုင်သူ ဖြစ်သည်ဟု ဘဏ္ဍာရေး သတင်းများကို ဦးစားပေး ဖေါ်ပြလေ့ရှိသည့် Bloomberg News တွင် ဖေါ်ပြထားသည်။

 

စင်္ကာပူတွင် အိမ် နှစ်လုံး ပိုင်ဆိုင်ထားပြီး တေဇ တို့ မိသားစုအတွက် အပန်းဖြေစရာ ကစားကွင်း တခုလို အသုံး ချနေသည်မှာ ကာလကြာမြင့်လှပြီလည်း ဖြစ်သည်။

 

အမေရိကန်သည် တေဇ ကို နာမည်ပျက်စာရင်း သွင်းပြီး ပိတ်ဆို့ ဒဏ်ခတ်ထားခဲ့မှုအား ၂၀၁၆ တွင် ပြန်လည် ရုပ်သိမ်းပေးခဲ့သော်လည်း စစ်တပ်မှ အာဏာလု ပြီးနောက် ပြန်လည် ထားရှိလာသည်။ အဓိက သည်က စစ်တပ်အား လက်နက် နှင့် လိုအပ်သည့် ပစ္စည်းများ ရရှိအောင် ပံ့ပိုးပေးနေသော ကြောင့် ဖြစ်သည်။ တေဇ၏ သား နှစ်ဦး ဖြစ်သော ပြည့်ဖြိုး နှင့် ထူးထက်အားလည်း အလားတူ ဒဏ်ခတ် ပိတ်ဆို့ခဲ့သည်။

 

စင်္ကာပူ အပါအဝင် အာရှ နိုင်ငံ အတော်များများက မြန်မာအား စီးပွားရေး ဒဏ်ခတ်မှု လုပ်ရန် လိုလိုလားလား မရှိခဲ့ပေ။ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံးက ထိုသို့လုပ်မည်ဆိုလျှင် မြန်မာပြည်သူများသာ ထိခိုက် နစ်နာလိမ့် မည်ဟု ပြောခဲ့ဖူးသည်။ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဘာလာခရစ်ရှန်ကလည်း မိမိတို့ နိုင်ငံ ၏ ဩဇာသက် ရောက်နိုင်မှု အတိုင်းအတာကို အလွန်အကျွံ ယူဆမထားသင့်ဟု ဆိုသည်။

 

အမေရိကန်၏ ဖိအားများ နှင့် ကမ္ဘာ ဘဏ္ဍာရေး ပုလိပ်ကြီး ဖြစ်သော FATF မှ နာမည်ပျက်စာရင်း သွင်းရန် ရှိနေမှုများကြောင့် စင်္ကာပူသည် ထိုအနေအထားကို ကြာရှည် တောင့်ခံထားဖို့ ခဲယဉ်းလာမည် ဖြစ်သည်။ ထို့ပြင် အခြားနိုင်ငံ ပြည်တွင်းရေးကို မစွက်ဖက်ရေး ဆိုသော မူမှ လမ်းခွဲထွက်လာပြီး စစ်အာ ဏာသိမ်း အဖွဲ့အား ပြစ်တင် ရှုတ်ချလာခဲ့ပြီး မြန်မာသို့ ငွေကြေးစီးဝင်မှုများကို အသေအချာ စီစစ်ရန် ဘဏ်များအား ညွှန်ကြား လာခဲ့သည်။

 

သို့သော် လက်နက် ကုန်သည်ဟု စွပ်စွဲခံထားရသူ တေဇ ကတော့ စင်္ကာပူမှ နေ၍ သူ့လုပ်ငန်းများကို ပြောင် ပြောင်တင်းတင်း ဆက်လက်လုပ်ကိုင်နေနိုင်ဆဲပင် ဖြစ်သည်။

 

စင်္ကာပူသည် မြန်မာ စစ်တပ်အား ဘဏ္ဍာရေးအရ အသက်ဆက်နိုင်အောင် နှင့် လက်နက်ခဲယမ်းများ နှင့် အပိုပစ္စည်း ရရှိနိုင်သည့် လမ်းကြောင်းကြီး အဖြစ် ဆက်လက်ရှိနေဆဲပင် ဝါရှင်တန် ရှိ အမျိုးသား စစ် ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာက ထောက်ပြခဲ့သည်။

 

၂၀၀၇ ခုနှစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပေါက်ကြားလာသော ကြေးနန်းများတွင် တေဇသည် ရုရှား သံအမတ်ကို ချဥ်းကပ်ပြီး MI-17 ရဟတ်ယာဉ်များ နှင့် MIG-29 တိုက်လေယာဉ်များ ဝယ်ယူနိုင်အောင် တာဝန်ယူ လုပ်ဆောင်ပေးခဲ့သည့် နံပတ်ဝမ်း ကရိုနီ ဟု ဖေါ်ပြထားခဲ့သည်။ ၂၀၁၇ ခုနှစ် အတွင်း ပေါက်ကြား လာသော စာရွက်စာတမ်းများအရ တေဇ၏ Myanmar Avia Export Co. သည် JSC Russians Helicopter ၏ အစုစပ် ပါတနာ ဖြစ်သည်ဟု သိရသည်။

 

၂၀၂၁ မေလ အတွင်း တွင် တေဇသည် ရုရှားသို့ အာဏာသိမ်း အဖွဲ့ လေတပ် ဦးစီးချုပ် ခရီးစဉ် မတိုင်မီ ရုရှားသို့ အရင် ရောက်ရှိလာခဲ့ပြန်သည်။ နိုင်ငံ အများအပြားလည်း လက်နက်များ ဝယ်ယူနေသော်လည်း နိုင်ငံ ကာကွယ် ရေး အတွက် စုဆောင်းထားခြင်းမျိုးသာ ဖြစ်ပြီး မြန်မာ စစ်တပ်ကတော့ ထိုလက်နက်များကို ၎င်းတို့ နိုင်ငံသား များအား သတ်ဖြတ် နှိမ်နှင်းရာတွင် ထုတ်သုံးနေသည့် နိုင်ငံ ဖြစ်သည်။

 

၂၀၁၉ ခုနှစ် တွင် ထုတ်ပြန်သော ကုလ လူ့အခွင့်အရေး ကော်မရှင်၏ အစီရင်ခံစာတွင် တေဇ၏ ထူး ဂရု အား မြန်မာ၏ “အကြီးမားဆုံး ရပ်တည်နေသော ကရိုနီ ကုမ္ပဏီများ” တွင် တခုအပါအဝင် ဖြစ်သည်ဟု ပါရှိခဲ့သည်။

 

တေဇနှင့် ပတ်သက်၍ စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းအား မေးမြန်းသည်ကို “ဒီကိစ္စနဲ့ပတ်သက်ပြီး အကြိမ် တထောင် မေးလည်း မဖြေ” ဟု အီးမေးလ်ဖြင့် အကြောင်းပြန်လာခဲ့သည်။

 

အသက် ၅၈ နှစ်ရှိ တေဇ သည် ပူတာအိုရှိ ၎င်း၏ ကိုယ်ပိုင် အပန်းဖြေ စခန်း တွင် ပြုလုပ်ခဲ့သော မိနစ် ၉၀ ကြာ အင်တာဗျူးတွင် မိမိသည် သယ်ယူပို့ဆောင်ရေး ပစ္စည်း များကိုသာ ထောက်ပံ့ပေးခြင်း ဖြစ်ပြီး လက်နက် မပါဟု ငြင်းဆိုသွားခဲ့သည်။ ဒဏ်ခတ်ခံရမှုကြောင့် အာမခံ ထား၍မရတော့သဖြင့် သူ၏ လေကြောင်းလိုင်းကို ပိတ်ပစ် ခဲ့ရပြီး ယခုအခါ ကျန်းမာရေးကြောင့် ယခင်ကထက် စာလျှင် အလုပ်ကို တဝက်ခန့် လျော့ပြီး အနားယူနေ သည် ဟု ဆိုသည်။ ၂၀၂၁ တွင် ကိုဗစ် ကန့်သတ်ချက်များကြောင့် ရုရှားသို့ သွားခဲ့ခြင်းလည်း မရှိဟု ငြင်းဆိုသွားသည်။ စင်္ကာပူ လူဝင်မှု ရုံးကတော့ ၂၀၂၁ တွင် တေဇ ၏ ခရီးသွားမှု ရာဇဝင်ကို ဖြေကြားရန် ငြင်းဆိုခဲ့ပြန်သည်။ ထိုသတင်းကို ဖေါ်ပြခဲ့သော ဧရာဝတီကမူ ကမူ ၎င်းတို့၏ သတင်းခိုင်မာမှုရှိကြောင်း ပြောဆိုခဲ့သည်။

 

ယခုနှစ် စောစောပိုင်း တွင် အမေရိကန် ၏ လပ်ဗီဂပ်စ် ဆင်း ကော်ပိုရေးရှင်း ပိုင် စင်္ကာပူရှိ မာရီနာ ဘေး ဆင်း ကာဆီနိုမှ တေဇအား လာရောက် ကစားခွင့် မပြုတော့စု ဆိုသည်။ ယင်းသည် တေဇ အတွက် သက်သာရာ သက်သာကြောင်း ဖြစ်သွားခဲ့ပုံရသည်။ ၎င်းနှင့် နီးစပ်သော လောင်းကစား အသိုက်အဝန်းမှ ကိုးမီး ကစားရာတွင် ဒေါ်လာ သန်း ၇၀ ရှုံးသွားခဲ့သည်ဟု ဆိုသည်။

 

တေဇ၏ ထူး ဂရုသည် ယခင် ဝန်ထမ်း အင်အား ၆၀,၀၀၀ ရှိရှာမှ ၁၅,၀၀၀ အထိ လျော့ချခဲ့ရကြောင်း သား ဖြစ်သူ ပြည့်ဖြိုးက ဆိုသည်။

 

အမေရိကန်၏ နောက်ထပ် စာရင်းတွင် ပါဝင်သော လက်နက်ကုန်သည် များ သည် နိုင်ထွဋ်အောင်၊ အောင် လှိုင်ဦး၊ ထွန်းလှိုင် နှင့် သမီးဖြစ်သူ မသက်နှင်းလှိုင် (တေဇ၏ သား ပြည်ဖြိုး၏ ဇနီး) တို့ဖြစ်ပြီး ၎င်းတို့ အားလုံး သည် စင်္ကာပူတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီများကို အခြေပြု၍ လှုပ်ရှားနေကြသည်။

 

သို့သော် ပဲရစ်တွင် အခြေစိုက်သည့် ကမ္ဘာ ဘဏ္ဍာရေး ပုလိပ် ကြီး Financial Action Task Force ၏ အစည်း အဝေးသည် ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့တွင် စတင်စည်းဝေးနေပြီး မြန်မာ အား အီရန် နှင့် မြောက်ကို ရီးယား ပြီးလျှင် တတိယမြောက် နာမည်ပျက် အမည်စာရင်းထဲ ထည့်သွင်းဖို့ အရေး ဆွေးနွေးနေကြပြီဟု သိရသည်။ မြန်မာသည် အာဏာမသိမ်းမီ နှစ် များက စီးပွားရေး တိုးတက်မှု နှုန်း ၁၀.၅ ရာနှုန်း ဖြင့် ကမ္ဘာတွင် လျှင်မြန်စွာ တိုးတက်နေသော နိုင်ငံများ စာရင်းတွင် ပါဝင်ခဲ့သည်ဟု Bloomberg News မှ ရေးသားထားသော ဆောင်းပါးရှည်ကြီးအား အကျဉ်းချုံး တင်ပြလိုက်ရပါသည်။

 

ဆောင်းပါး အရှည် ဖတ်လိုပါက အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု နိုင်ပါသည်။

https://www.bnnbloomberg.ca/sanctioned-myanmar-tycoons...

 

နောက်ထပ် ထွက်ပေါ်လာသော သတင်းအရ အောက်တိုဘာ ၁၄ ရက်နေ့ နေ့စွဲဖြင့် ရန်ကုန်ရှိ အမေရိကန် သံရုံးမှ ထုတ်ပြန်ခဲ့သော မြန်မာ နိုင်ငံ အတွက် USAID (နိုင်ငံတကာ ဖွံ့ဖြိုးမှု အမေရိကန် အေဂျင်စီ) ၏ စာတွင် FATF ၏ နာမည်ပျက်စာရင်းထဲ ထည့်သွင်းရန် ရှိနေသည့် အလားအလာများကြောင့် လူတဦးချင်းစီ၊ စီးပွားရေး လုပ်ငန်း များ နှင့် အဖွဲ့အစည်း များသည် ဘဏ်စာရင်း ဖွင့်လှစ်ခြင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ အတွက် နိုင်ငံတကာ တွင် ငွေပေးငွေယူ ပြုလုပ်ခြင်းများ အခက်အခဲရှိလာနိုင်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင် နိုင်ရန် မိမိတို့၏ ပါတနာ များကို အကြောင်းကြားပါသည် ဟု ပါရှိလာခဲ့ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!