အမေရိကန် လွတ်လပ်ရေး ၏ တမန်တော် ဆင်မြူရယ် အဒမ် (နိဂုံး)
ဆင်မြူရယ် အဒမ်သည် လက်ဆင်တန်မြို့ တိုက်ပွဲကြီးအား “တိုက်ပွဲ၏ လက်နက်အဖြစ် ကလောင်ဖျားမှ ဓါးသွားသို့ ပြောင်းလဲသွားပြီ” ဟု ပြောလာခဲ့သည်။ သူသည် ဗိုလ်ချုပ်ကြီး ဂိတ်ချ် ၏ အမိန့်ဖြင့် လက်ရဖမ်းဆီးရန် အမိန့်ထဲတွင် ပါဝင်ခဲ့သူလည်း ဖြစ်ပြီး ဗြိတိသျှ တို့နှင် တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် ကွန်းကော့ဒ်မြို့တွင် ရှိနေခဲ့သည်။ သို့သော် အဒမ်သည် အမေရိကန် တော်လှန်ရေး တွင် ကိုယ်ထိလက်ရောက် သေနတ်ကိုင်၍ ပါဝင်ခဲ့သူ မဟုတ်ပဲ ပညာရှင်တဦး၊ အမတ်တဦး နှင့် လူထု၏ အတွင်းစိတ်ကို လှုံ့ဆော်နိုင်သူ တဦး အဖြစ်သာ လှုပ်ရှားခဲ့သူ ဖြစ်သည်။
လက်ဆင်တန် နှင့် ကွန်းကော့ဒ် မြို့များတွင် တိုက်ပွဲများ ဖြစ်ပွားလာနေချိန်တွင် ဖီလာဒဲဖီယားသို့ ရောက်ရှိသွားပြီး ဒုတိယ မြောက် ကိုလိုနီနယ်မြေများ ကွန်ဂရက်သို့ တက်ရောက်ခဲ့သည်။
တကယ်တမ်းတွင် ထိုသို့ တိုက်ပွဲများ ဖြစ်ပွားလာ၍လည်း ဒုတိယ အကြိမ် ကွန်ဂရက်ကို ခေါ်ယူခဲ့ရခြင်းလည်း ဖြစ်သည်။ ပထမအကြိမ် ကွန်ဂရက်တွင် ထိုသို့ တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့် အရေးကို ထည့်သွင်းစဉ်းစားခဲ့ကြခြင်း မရှိသဖြင့် သေရေးရှင်ရေး နှင့် ရင်ဆိုင်လာရချိန်တွင် ဒုတိယ ကွန်ဂရက်ကို ခေါ်ယူ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဆင်မြူရယ် အဒမ်သည် သူ၏ အရင်နှီးဆုံး မိတ်ဆွေကြီးလည်း ဖြစ်ပြီး မက်ဆာချုးဆက် ယာယီ ကွန်ဂရက် ဥက္ကဌ လည်း ဖြစ်သူ ဒေါက်တာ ဂျိုးစက် ဝါရင်းသည် ၁၇၇၅ ခုနှစ် ဇွန်လ အတွင်း ဘန်ကာ ကုန်း တိုက်ပွဲတွင် ကျဆုံးသွားပြီ ဆိုသော သတင်းဆိုးကြီးကြောင့် ပေါ့ပေါ့ဆဆ သဘောထား၍ မရတော့ပဲ အားလုံး အဖို့ အန္တရာယ်နှင့် ချက်ခြင်းလက်ငင်းဆိုသလို ကြုံလာရပြီကို ရိပ်စားမိလာခဲ့သည်။ အဒမ် အဖို့က သူ၏ မိတ်ဆွေကြီး ကျဆုံးသွားရပြီ ဖြစ်သည့် အတွက် မည်သို့မျှ နောက်ပြန်ဆုပ်၍ မဖြစ်တော့ဟု လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ဖီလာဒဲဖီယား ကွန်ဂရက်မှ ကွန်တီနင်တယ် စစ်တပ်ကြီး ဖွဲ့စည်းရန် ခွင့်ပြုခဲ့ကြသည်။ ထိုစစ်တပ်ကြီးအား ဗာဂျီနီယား နယ်သား ဂျော့ချ် ဝါရှင်တန်အား စစ်သေနာပတိ အဖြစ် ခန့်အပ်လိုက်ကြသည်။ ကိုလိုနီ နယ်မြေများ၏ ခေါင်းဆောင်များက အင်္ဂလန် ပြည့်ရှင် တတိယ မြောက် ဂျော့ချ် ဘုရင်မင်းမြတ်အား ဝင်ရောက် ဖြန်ဖြေပေးရန် မေတ္တာရပ်ခံနေကြဆဲပင် ဖြစ်သည်။
၁၇၇၅ ခုနှစ် ဩဂုတ်လကုန်ပိုင်းတွင် အင်္ဂလန် ပြည့်ရှင်မှ ကိုလိုနီ နယ်သားများသည် “ပွင့်ပွင့်လင်းလင်း ပုန်ကန်လာကြပြီ” ဟု ကြေညာခဲ့သည်။ ဗြိတိသျှ ပါလီမန် ရှေ့မှောက်တွင် တတိယမြောက် ဂျော့ချ် ဘုရင်သည် မိမိအနေဖြင့် အင်အားကုန် ထုတ်သုံးပြီး သူပုန်ထမှုကို နှိမ်နှင်းပြီး ဗြိတိသျှ တို့၏ အာဏာကို ပြန်လည်ထားရှိသွားမည်” ထုတ်ဖေါ်ပြောဆိုခဲ့သည်။
ထိုသတင်းသည် ၁၇၇၆ အစောပိုင်းတွင် ဖီလာဒဲဖီယားသို့ ရောက်ရှိလာခဲ့သည်၊ တချိန်တည်းမှာပင် အင်္ဂလန်မှ လောလောလတ်လတ် ပြောင်းရွှေ့ဝင်ရောက်လာသူ သောမတ်စ် ပိန်းသည် ဂျော့ချ် ဘုရင် နှင့် ထီးနန်းကို တိုက်ရိုက် ရည်ရွယ်ပြီး “Common Sense” ဟူသော စာတမ်းကို ရေးသားထုတ်ဝေလာခဲ့သည်။ ပြီးခဲ့သည့် ရာစု နှစ်အတွင်း အင်္ဂလိပ် အတွေးအခေါ် ပညာရှင်ကြီး ဂျွန် လာ့ခ် ကဲ့သို့ပင် ပိန်း သည်လည်း အုပ်ချုပ်သူ အစိုးရတရပ်၏ အနှစ်သာရသည် အုပ်ချုပ်ခံပြည်သူများ နှင့် သဘောတူ စာချုပ် တရပ်လို ချုပ်ဆိုနိုင်မှ ဖြစ်မည် ဟု ဆိုပြီး ထီးနန်း ဆိုသည်က မည်သူမျှ တကယ်တမ်းတွင် သစ္စာခံခြင်း မရှိပဲ သဘာဝ မကျစွာ အုပ်ချုပ်မင်းလုပ်နေခြင်း ဖြစ်သည်ဟု သူ၏ အယူအဆ ကို တင်ပြလာခဲ့သည်။
ပိန်းသည် သူ၏ စာတန်းကို အချက်အလက်များ နှင့် လူများ၏ ဆင်ခြင်တုံတရားကို အခြေခံကာ သာမန်ပြည်သူများ အလွယ်တကူ နားလည်နိုင်အောင် ရေးသားခဲ့သည်။ “ကမ္ဘာကြီးကို နောက်တကြိမ် အသစ်က ပြန်စနိုင်အောင် လုပ်နိုင်တဲ့ ခွန်အား တွေ ကျုပ်တို့မှာ ပိုင်ဆိုင်နေပြီ” ဟု ကျုးရင့်ခဲ့ပြန်သည်။ ပိန်း ၏ “Common Sense” သည် ၁၇၇၆ နှစ်ကုန်တွင် စောင်ရေ တသိန်းခွဲအထိ ရောင်းချနိုင်ခဲ့ပြီး ဖြစ်သည်။ ထိုအချိန်က ပိန်း၏ စာတမ်းသည် လူထုအား လှုံ့ဆော်မှု ပေးနိုင်ခဲ့သည့် ဩဇာတိက္ကိမ အရှိဆုံး လက်ရာတခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
နောက်ပိုင်း ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဆင်မြူရယ် အဒမ်သည်လည်း လွတ်လပ်ရေး အတွက် လှုံ့ဆော်သည့် စာတမ်းကို ရေးသားခဲ့ပြန်သည်။
ဗာဂျီနီယား နယ် မှ စိုက်ခင်း ပိုင်ရှင် နှင့် ကိုယ်စားလှယ်တော်ကြီးလည်း ဖြစ်သည့် သောမတ်စ် ဂျက်ဖာဆန်အား ကိုလိုနီ နယ်မြေများ၏ လွတ်လပ်ရေး ကြေညာစာတမ်းကို ရေးသားပြုစုရန် တာဝန်ပေးခဲ့ကြသည်။ ဂျက်ဖာဆန်သည် သူ၏ စာတမ်းကို ဇွန်လ ၂၈ ရက်နေ့တွင် အပြီး ရေးသား တင်သွင်းနိုင်ခဲ့သည်။ ကွန်ဂရက်သည် ဂျက်ဖာဆန်၏ လွတ်လပ်ရေး ကြေညာစာတမ်းအပေါ် ခြောက်ရက်ခန့် အချိန်ယူ ဆွေးနွေးပြီး တည်းဖြတ် ပြင်ဆင်ခဲ့သည်။
ဤသို့ဖြင့် ၁၇၇၆ ဇူလိုင်လ ၄ ရက်နေ့တွင် ဆင်မြူရယ် အဒမ်သည် အချောကိုင်ပြီးသော စာတမ်းကို လက်မှတ်ရေးထိုးခဲ့သည်။ သူသည် ထိုစာတမ်းကို ပထမဆုံး လက်မှတ်ရေးထိုးခဲ့သည့် မက်ဆာချုးဆက်မှ ကိုယ်စားလှယ်လည်း ဖြစ်သည်။ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းသည် ဗြိတိသျှ တို့၏ ဖွဲ့စည်းပုံ သမိုင်းတွင် အမြစ်တွယ်လာခဲ့ရသည်။
လွတ်လပ်ရေး အတွက် ရုန်းကန်တိုက်ပွဲဝင်ခဲ့မှုများသည် လွတ်လပ်ခွင့် နှင့် အခွင့်အရေး များအား ခွဲခြား၍ ဖယ်ထုတ်၍ မဖြစ်နိုင်သည့် မွေးရာပါ အခွင့်အရေးများ အတွက် ဖြစ်သည်ကို ကိုလိုနီ နယ်သားများ၏ အသံ တွင် နက်ရှိုင်းစွာ စွဲထင်လာအောင် အဒမ်သည် ပြောင်းလဲပေးနိုင်ခဲ့သည်။
မွေးရာပါ အခွင့်အရေး ဆိုသည်စကားအား ဗြိတိသျှ တို့၏ ဖွဲ့စည်းပုံမှ ကောက်နှုတ်ယူခဲ့ယုံမက ဖန်ဆင်းရှင်၏ အယူဝါဒ အဖြစ်ပါ ပုံဖေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မွေးရာပါ အခွင့်အရေးများကို နင်းချေရန် ကြိုးစားသည့် မည်သို့သော အစိုးရမျိုး ကို မဆို ဖြုတ်ချပစ်ရမည် ဟူသော အယူအဆလည်း ခိုင်မာလာခဲ့သည်။ အနှစ်သာရအားဖြင့် အချုပ်အခြာအာဏာသည် အုပ်ချုပ်ခံ ပြည်သူများ၏ သဘောတူညီမှုမှသာ သက်ဆင်းလာရမည်ဟု ဆိုလိုရင်းပင် ဖြစ်သည်။
ဤသို့ဖြင့် ဆင်မြူရယ် အဒမ် အပါအဝင် လွတ်လပ်ရေး ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့သူများသည် “အခွန်အတုပ် စည်းကြပ်မှု နှင့် လုပ်ပိုင်ခွင့် အာဏာ နှင့် ပတ်သက်သည့် ကျဉ်းမြောင်းလှသော ပြဿနာတခုအား ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်၊ တန်းတူညီမျှ ရှိခွင့် နှင့် လူ့အခွင့်အရေးများ အတွက် တော်လှန်ရေးကြီး အသွင် ပြောင်းလဲပေးနိုင်ခဲ့သည်။”
အမေရိကန် တို့ လွတ်လပ်ရေး ကြေညာစာတမ်း ထုတ်ပြန်ပြီးသော်ငြားလည်း အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်ဖို့ လိုအပ်နေဆဲပင် ဖြစ်သည်။ “အဓမ္မဝါဒ ကျင့်သုံးသူများသည် ငရဲသားများ အလား အလွယ်တကူ အနိုင်ရရိုး ထုံးစံမရှိ” ဟု သောမတ်စ် ပိန်းသည် ၁၇၇၆ နှစ်ကုန်ပိုင်းတွင် ရေးသားခဲ့ပြန်သည်။ သို့သော်လည်း ကျွန်တော်တို့ အားလုံး သိခဲ့ကြသည့် အတိုင်းပင် ဂျော့ချ် ဝါရှင်တန် နှင့် သူ၏ ကွန်တီနင်တယ် တပ်တော်ကြီးသည် နောက်ဆုံးတွင် ဗြိတိသျှ တို့၏ ကြီးမားလှသော စစ်အင်အား အပေါ် အနိုင်ရရှိသွားခဲ့သည်။
အမေရိကား ကွန်ဂရက် သည် ဗြိတိသျှ တို့၏ ဗိုလ်ကျစိုးမိုးရေး ဝါဒ အစား ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အမြင်သစ် အတွေးသစ်များ နှင့် အစားထိုးသွားမည်ဟု ကတိကဝတ်ပြုခဲ့ကြသည်။
ဤသို့ဖြင့် သောမတ်စ် ဂျက်ဖာဆန် မှ “လွတ်လပ်ရေး၏ ဖခင်ကြီး” ဟု ကင်ပွန်းတပ် ခံခဲ့ရသည့် ဆင်မြူရယ် အဒမ် သည် သူ၏ မျှော်မှန်းခဲ့သည်များ ရရှိသွားခဲ့ပြီ ဖြစ်သည်။