မင်းအောင်လှိုင်၏ လျှပ်စစ် ကားရထား အိမ်မက်များ ထပ်မံရိုက်ချိုးခံရ

by Hla Soewai - Oct 17 2022

စစ်ကောင်စီ မှ ခေါ်ယူသော ဆိုလာပြား တပ်ဆင်ရေး စီမံကိန်းများ အား ပြည်ပမှ မည်သူမှ စိတ်ဝင်စားခြင်း မရှိကြတော့ပဲ အေးရှား ဝါးလ်၏ လက်ခွဲ Gold Energy နှင့် Zeya အဖွဲ့ နှစ်ဖွဲ့သာ ရန်ကုန် နှင့် သာစည် မြို့များအတွက် တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ကြသည်ဟု ဧရာဝတီ မှ ပေါက်ကြားလာသော စာရွက်စာတမ်းများအား ကိုးကား၍ ဖေါ်ပြလာခဲ့သည်။

 

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ အတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး နှင့် ဧရာဝတီ တိုင်းတွင် မီဂါဝတ် ၆၅၀ အထိ ထုတ်လုပ်နိုင်မည့် ဆိုလာပြား တပ်ဆင်ရေး စီမံကိန်း ၁၈ ခု အတွက် တင်ဒါ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

 

တရုတ် ကုမ္ပဏီ များ လည်း စိတ်ဝင်စားခြင်း မရှိတော့ပဲ လုံခြုံရေး နှင့် ‌ငွေကြေး တည်ငြိမ်မှု မရှိသည့် အတွက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လက်ထက်တွင် ဆိုလာပြား စီမံကိန်း ၂၉ ခုတွင် တရုတ် ကုမ္ပဏီများက ၂၈ ခုအတွက် တင်ဒါအောင်မြင်ခဲ့သည်။

 

မည်သည့် ရုရှား ကုမ္ပဏီ တခုတလေမျှ လုပ်ငန်းများ လုပ်ရန် ရောက်ရှိလာခဲ့ခြင်း မရှိသေးပေ။

 

မင်းအောင်လှိုင်သည် ရုရှား၏ တပည့်ခံလိုက်ယုံဖြင့် သူ၏ အိမ်မက်များကို နျူကလီယား မှ အစအရာရာ အကုန်အကျ အကောင်အထည် ဖေါ်ပေးလာမည်ဟု စိတ်ကူးဖြင့် ဖဲရိုက်နေသူ ဖြစ်သည်၊ ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်းများ မြို့တိုင်းတွင် ဖွဲ့ရမည်ဟုပင် ပြောလာခဲ့သည်။

 

လက်ရှိတွင် တိုယိုတာ ကားကုမ္ပဏီ မှ လုပ်ငန်းများ ပြန်လည် စတင်လာခြင်းနှင့် ကျောက်ဖြူ အထူးစီးပွားရေး ဇုံတွင် တရုတ်၏ ဓါတ်အားပေးစက်ရုံ ဖွင့်လှစ်နိုင်ခဲ့ခြင်းတို့သည် ၎င်းတို့ ထောင်ထဲ ထည့်ထားသော သမ္မတကြီး ဦးဝင်းမြင့် အစိုးရ ကြိုးပမ်းခဲ့သည့် အသီးအပွင့် များ မှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။

 

၎င်းတို့ လက်ထက် ရင်းနှီးမြုပ်နှံရန် မည်သည့် ပြည်ပ ကုမ္ပဏီ မှ ထင်ထင်ပေါ်ပေါ် ရောက်လာခဲ့ခြင်း မရှိသေးပေ။

 

ဆိုလာစီမံကိန်းမျိုးကိုပင် ၎င်းတို့နှင့် တွဲလုပ်ရမည့် အရေးကို စိတ်မဝင်စားကြတော့၊ ဤဖြစ်စဉ်ကို ကြည့်က မင်းအောင်လှိုင်သည် လျပ်စစ် ကားရထားများ ဖြစ်နိုင် မဖြစ်နိုင်ကို ကိုယ့်နဖူးပေါ် ကိုယ်လက်တင်ပြီး စဉ်းစား ရတော့မည့် အချိန်ရောက်ပေပြီ။ ဘယ်လို စိတ်ကူးမျိုး နှင့် ထိုသို့သော စကားများကို ပြောဆိုနေသည်မသိ၊ ၎င်းသည် နောက်နှစ်ပေါင်းများစွာ တိုင် အုပ်ချုပ်နေဦးမည်ဟု စိတ်ဓါတ်စစ်ဆင်ရေး လုပ်ချင်နေသည်လားမသိ။

 

ယခုအခါ မင်းအောင်လှိုင် သည် ၎င်း ပိုင် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံထားရ၍ အိုးအိမ် စွန့်ခွာနေသူများ အား လက်ခံထားခြင်းကို ခွင့်မပြုတော့ပဲ တလ အချိန်ပေးကာ မီးလောင်ပြင်များ ရှိရာသို့ အတင်းအကျပ် ပြန်ခိုင်းနေသည်ဟု သတင်းများ တွင် ဖေါ်ပြလာခဲ့သည်။ မြန်မာပြည်တွင်း တိုက်ပွဲများ မရှိ၊ ဘေးရန်ကင်းရှင်းနေပြီကို ပြဆိုနိုင်ရန် ဖြစ်သည်။ ထိုသို့ စစ်ဘေးရှောင်များ ရှိနေသရွေ့ ပြည်ပ ရင်းနှီးမြုပ်နှံသူများ နှင့် ကမ္ဘာလှည့် ခရီးသွားများ ရောက်လာကြမည် မဟုတ်ဟု ယူဆနေဟန် ရှိသည်။

 

လက်ရှိတွင် အာဏာသိမ်း၍ ဖြစ်ပေါ်လာသော ပဋိပက္ခကြီးတွင် အထိခိုက်ဆုံး ဖြစ်လာရသည်က လူငယ်များ နှင့် စီဒီအမ် တွင် ပါဝင်နေသူများ ဖြစ်သည်ဟု အီတလီ ရှိ AsiaNews တွင် ရေးသားထားသည်။ လူငယ်များထဲတွင် PDF တွင် ပါဝင်နေသူများ၊ ပြည်ပသို့ ထွက်ခွာရန် ကြိုးစားနေသူများ နှင့် ပြည်တွင်းတွင်ပင် ဒီအတိုင်း နေသွားမည့် လူငယ်များဟူ၍ အုပ်စုကြီး သုံးစုခွဲ၍ ရသည်ဟု ဆိုသည်။

 

စီဒီအမ်တွင် ပါဝင်ခဲ့သူများအားလည်း အလုပ်ရှာ၍ မရအောင် လုပ်ထားပြန်သည်။

 

ယခုအခါ ပွင့်လင်းရာသီကို ရောက်လာပြီ ဖြစ်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာတော့မည် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ တနှစ် အတွင်း တော်လှန်ရေးကို အပြီးသတ် မည်ဟု ကြေညာထားသော်လည်း ပြည်ပ အကူအညီ မပါပဲ ထိုရည်မှန်းချက် ရောက်ရှိဖို့က ခဲယဉ်းနေဆဲပင် ဖြစ်သည်။

 

လက်ရှိ အနေအထားအရ ပြည်ပနိုင်ငံများက စစ်အာဏာရှင် များ နှင့် မဆက်ဆံကြသလို အမျိုးသား ညီညွတ်ရေး အစိုးရအားလည်း အမေရိကန် အပါအဝင် အနောက်နိုင်ငံများက "ဆက်သွယ်ရေး လမ်းကြောင်း" ဖွင့်ထားနိုင်ယုံ သဘောဖြင့် ဆက်ဆံ နေဆဲ ပင် ဖြစ်သည်။

 

ယမန်နေ့က ပြင်သစ် အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ခြင်း အပေါ် အပြင်းထန်ဆုံး စကား လုံးများဖြင့် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

ထိုသို့ feel-good သဘောမျိုး ပြောဆိုသည်များသည် မကြာခဏ ဆိုသလို ရှိနေ၍ အထူးအဆန်းလည်း မဟုတ်တော့၊ စစ်ကောင်စီ အဖို့လည်း မထူးဇတ် ခင်းထားသူများ ပီပီ ပန်းနဲ့ပေါက်သည်ကမှ နာဦးမည် ဆိုသလို ဖြစ်နေသည်။ သိရန် မျှသာ ထည့်သွင်းရေးသားခြင်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံစစ် မုချအောင်ရမည်!!!