ရန်သူ့လက်သို့ ကျရောက်သွားသော စစ်သားသည် တန်ဖိုး မရှိတော့ဘူးလော

by Hla Soewai - Oct 17 2022

ခေတ်သစ် မီဒီယာမှ ထုတ်ပြန်သော စာရင်းအရ အောက်တိုဘာ ၁၆ ရက်နေ့ စာရင်းတွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး ဒေသ တိုက်ပွဲ၌ မင်းအောင်လှိုင်၏ တပ်သား ၁၆ ဦး အား အရှင်ဖမ်းဆီးရမိကြောင်း ဖေါ်ပြထားသည်။

 

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း ကမူ ရန်သူ့လက်တွင်း ကျရောက်သွားသော စစ်သည်များသည် ကိုယ်ညံ့၍ ကိုယ်ခံ ရခြင်းသာ ဖြစ်သောကြောင့် မိမိတို့ တာဝန် မယူနိုင်သည့် သဘော လက်လွတ်စပယ် ပြောသွားခဲ့ဖူးသည်။

 

ဤသည်ကို ကြည့်၍ မသိနားမလည်ရှာသော စစ်သည်များအဖို့ နိုင်ငံတကာ စစ်တပ်များ၏ ကျင့်ထုံးလောဟု ထင်စရာ ရှိနေ၍ အစ္စရေး ကာကွယ်ရေး တပ်မတော် Israel Defense Force (IDF) သည် ရန်သူ့လက်သို့ ကျသွား သော စစ်သည်တဦးအတွက် ပြန်လည် လွတ်မြောက်အောင် မည်မျှ အထိ ကြိုးပမ်းခဲ့ရသည်ကို အနည်းငယ် တင်ပြလိုပေသည်။

 

၂၀၀၆ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပါလက်စတိုင်း ဟာမားစ် တိုက်ခိုက်ရေး တပ်မှ အဖွဲ့ဝင် ၇ ဦးသည် လပေါင်း များစွာ ကြာအောင် ဂါဇာကမ်းမြှောင် ဒေသမှနေ၍ အစ္စရေး နယ်နမိတ် အတွင်းရှိ ရွာတရွာ ရောက်သည်အထိ လျှို့ဝှက်တူးထားသော လှိုဏ်ခေါင်းထဲမှ ထွက်လာခဲ့ကြပြီး အစ္စရေး ကင်းစခန်း အား ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြသည်။ စစ်သား နှစ်ဦး ကျဆုံးသွားပြီး ကျန်လူများ ဒဏ်ရာရရှိသွားခဲ့သည်။ ထိုနောက်တွင် အသက် ၂၀ အရွယ်ရှိ ဂီလတ် ရှာလစ် ဆိုသည့် အစ္စရေးစစ်သား တဦးမှာ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံခဲ့ ရသည်။

 

၎င်းတို့ ဖမ်းဆီးသွားကြောင်း သိသာစေရန် သူ၏ စစ်အင်္ကျီ ဂျက်ကက်အား အစ္စရေး-ဂါဇာ ခြံစည်းရိုးတွင် ချိတ်ထားခဲ့ကြသည်။

 

အစ္စရေး ထောက်လှန်းရေး ရှင်းဘက်၊ အာမန် နှင့် စစ်တပ် တို့ အားလုံး နည်းလမ်းပေါင်းစုံ ဖြင့် ကြိုးစား ရှာဖွေ သော်လည်း ဘယ်နေရာတွင် ဖမ်းဆီးထားမှန်း အစအန ရှာမရအောင် ဖြစ်ခဲ့ကြသည်။ လက်တုန့်ပြန်သည့် အနေဖြင့် ဂါဇာ ကမ်းမြှောင်ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၂၀၀ ခန့် သေဆုံးသွားခဲ့သည်။ အနောက်ဖက် ကမ်းပါးကိုလည်း ဝင်ရောက်စီးနင်းပြီး ဟာမားစ်အစိုးရ ဝန်ကြီးတဦးအား ဖမ်းဆီး ခေါ်ဆောင် လာနိုင်ခဲ့သည်။ သို့သော် ရှာလစ်အား ပြန်လွှတ်ပေးရေး အတွက်ကား ဟာမားစ်ဖက်မှ လားလားမျှပင် အလျော့မပေးခဲ့ကြပေ။ အစ္စရေး က ရှာလစ်၏အသက် အန္တရာယ် ထိခိုက်သွားမည် ဆိုလျှင် “ကောင်းကင်ကြီး ပြိုကျသွားမတတ်” တုန့်ပြန်မည်ဟု ကြိမ်းဝါးခဲ့ကြသည်။

 

အစ္စရေး ဝန်ကြီးချုပ် နာသန်ရာဟူး၊ ကာကွယ်ရေး ဝန်ကြီး အီဟု ဘာလတ် တို့ကလည်း လွတ်မြောက်ရေး အတွက် ကိုယ်ရောစိတ်ပါ နှစ်၍ လုံးပမ်းခဲ့ကြသည်။

 

အစ္စရေးသည် စစ်ရေးသာမက သံတမန်‌ရေး အရပါ နည်းလမ်းပေါင်းစုံ ကြိုးပမ်းခဲ့သည်။ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးမှလည်း ရှာလစ်ကို စစ်သုံ့ပန်း အဖြစ် သတ်မှတ်ပြီး ဂျီနီဗာ ကွန်ဗင်ရှင်း အရ မိသားစု ဝင်များနှင့် ဆက် သွယ်ခွင့် ပြုရန်ပင် တောင်းဆိုလာခဲ့သည်။

 

နောက်ဆုံးငါး နှစ်အကြာ ၂၀၁၁ တွင် အစ္စရေးသည် ဟာမားစ် အဖွဲ့နှင့် သဘောတူညီချက်ရရှိပြီး ပါလက်စတိုင်း အကျဉ်းသား ၁,၀၂၇ ဦး နှင့် အစ္စရေး စစ်သား ရှာလစ်ကို အလဲအလှယ် လုပ်ခဲ့ရသည်။ အစ္စရေး ဝန်ကြီးချုပ် နာသန်ရာဟူး ကိုယ်တိုင် လက်ခံကြိုဆိုခဲ့သည်။ အစ္စရေး သမ္မတ ရှီမွန် ပီရက်ဇ် မှလည်း နောက်ပိုင်းတွင် ရှာလစ် အိမ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားပြီး ဂုဏ်ပြု ချီးကျူးစကား ပြောဆိုခဲ့သည်။

 

အဖမ်းခံရစဉ်က တပ်ကြပ် အဆင့်သာ ရှိသော ဂီလတ် ရှာလစ်အား တပ်ကြပ်ကြီး ပထမ အဆင့် အဖြစ် ရာထူး တိုး ချီးမြှင့်ခဲ့သည်။

 

ထိုအကြောင်းများကို မင်းအောင်လှိုင် တပ်သားများ ကြားသိပါက မည်သို့မျှ ယုံနိုင်စရာ ရှိမည် မဟုတ်၊ ၎င်းတို့ အတွက် ထိုသို့ ဖြစ်လာဖို့မှာ မိုးပေါ်က ကျလာသော အပ်တချောင်း နှင့် လူပြည်က အပ်တချောင်း ထိရန်ကမှ ဖြစ်နိုင်သေးသည်ဟု ယူဆကြမည်သာ ဖြစ်သည်။

 

ဇော်မင်းထွန်းသည် ထိုသို့ အဖမ်းဆီးခံရမှုများ၊ တပ်မှ ထွက်ပြေးနေသည့် သတင်းများကြောင့် အရှက်တကွဲ အကျိုး နည်း ဖြစ်လာနေသည့်အတွက် ရှက်ရမ်းရမ်းပြီး မပြောသင့် မဆိုသင့် သည်ကို ခွဲခြား ချင့်ချိန် နိုင်စွမ်း မရှိ၊ ၎င်းတို့ အာဏာ တည်မြဲရေး အတွက် အသက်ပေး တိုက်နေရသော လူများ အပေါ် လုံးဝညှာတာ ရကောင်း မှန်း မသိ၊ ကျေးဇူးမဲ့ စကား ပြောသွားခြင်း ဖြစ်သည်။

 

ယခုအခါ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းများသုံးပြီး မင်းအောင်လှိုင် တပ်များကို တိုက်ခိုက်လာ နေသည့် သတင်းများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

 

ယခုအခါ ပို၍ စနစ်ကျပြီး ပို၍ လည်း စစ်စွမ်းရည် ထက်မြက်လာသော ပြည်သူ့ကာကွယ်ရေး တပ်များကို စစ်ကောင်စီ သည် တနေ့တခြား ထိတ်လန့်လာနေပြီး နေပြည်တော်အား ခံတပ်ကြီးသဖွယ် ပြင်ဆင်လာနေပြီ ဟု Frontier Myanmar တွင် ဖေါ်ပြထားသည်။

 

အာဏာသိမ်းပြီး ရက် ၆၀၀ ကျော်လာခဲ့သည့် အချိန် နေပြည်တော်တွင် ယခုလို လုံခြုံရေး တင်းကျပ်လာရသည့် အထိ ပြည်သူ့ကာကွယ်ရေး တပ်များက စွမ်းဆောင်နိုင်ခဲ့သည်ကို ကြည့်၍ မိမိတို့ အောင်ပွဲခံလာနေပြီ ဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ထုတ်ဖေါ်ပြောဆိုလာပြီး ပြည်သူများ ဖက်ကသာ ဆက်လက် ထောက်ခံမှု ပေးကြပါရန် တောင်းဆိုသွားခဲ့သည်။

 

အကယ်၍သာ ၎င်းတို့အပေါ် ယခုကဲ့သို့ လက်နက်ကိုင် ခုခံတိုက်ခိုက်နိုင်ခြင်း မရှိလျှင် မြို့များ ရွာများတွင် “သေရဲတဲ့ကောင် ထွက်ခဲ့” ဟု အလိုတော်ရိ ဒလန်များ နှင့် ပေါင်းကာ သေနတ်များ ကိုင်ဆောင်ပြီး နေ့စဉ်လို ဗိုလ်ကျ အနိုင်ကျင့် ခံနေကြရတော့မည်ကား မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!