အီရန် အမျိုးသမီးများ၏ တော်လှန်ရေး

by Hla Soewai - Oct 17 2022

ည ဆယ်နာရီ ထိုးတိုင်း တက္ကသိုလ် ကျောင်းသူ တဦး ဖြစ်သည့် မာဗက်ရှ်သည် ငါးထပ် ရှိ သူမ၏ တိုက်ခန်း ပြတင်းပေါက်ကို ဖွင့်ပြီး “Women, Life, Freedom” ဟု စတင် ဟစ်ကြွေးလာခဲ့သည်။ မကြာမီမှာပင် အနီးအနား ရှိ တိုက်ခန်းများမှ အမျိုးသမီးများလည်း လိုက်လံ ကြွေးကြော်လာခဲ့ကြပြီး အနီးအနားရှိ တမြို့လုံးနီးပါး သို့ ချက်ခြင်းဆိုသလို ကူးစက်သွားခဲ့သည်။ တိုက်တန်းလျား များ၏ အောက် လမ်းမများ ပေါ်တွင် အဓိကရုဏ်း နှိမ်နှင်းရေး ရဲများက ကင်းလှည့်လျက် ရှိနေကြသည်။

 

“အကြောင်းမဲ့ ယိုစိမ့်ခဲ့ရသည့် သွေးများသည် အချိန်တန်သည်အထိ ဆူပွက်နေမည်သာ ဖြစ်သည်” ဟူသော အီရန်၏ ဆိုရိုးစကား သည် ပြန်လည် ခေတ်စားလာခဲ့ပြီ ဖြစ်သည်။

 

အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကလေး မာရှာ အမီနီ အား ဆံပင်များ ကျောပေါ် ဖြန့်ချထားမှု ဖြင့် စာရိတ္တ ထိန်းသိမ်းရေး ရဲများ က ဖမ်းဆီး သွားပြီးနောက် သတ်ဖြတ်ခံခဲ့ရမှု အပေါ် ကန့်ကွက် ဆန္ဒပြပွဲများက တလ ကြာလာသည့် တိုင် နိုင်ငံအနှံ့တွင် ဆက်လက် ဖြစ်ပွားနေဆဲပင် ဖြစ်သည်။ ဈေးကြီးများ နှင့် ရေနံတွင်းများ အထိ ပါ ပျံ့နှံ့လာခဲ့သည်။

 

အီရန်၏ အယာတိုလာများက ထိုသို့ ဆူပူ အုံကြွလာမှုများကို ထိန်းနိုင်ရန် ရုန်းကန်နေရဆဲဆိုသည့် လက္ခဏ အဖြစ် ရဲများနေရာတွင် ဝါဒ သဘောတရားများ ရိုက်သွင်း လေ့ကျင့်ပေးထားသည့် ဘစိချ် ဆိုသည့် စစ်ရဲများ နှင့် အစားထိုးလာခဲ့သည်။ သို့သော် စစ်တပ်ကို ယခုထက်ထိ ထုတ်သုံးခြင်း မရှိသေး၍ ၎င်းတို့၏ သစ္စာခံမှု အတိုင်းအတာ ကို စောင့်ကြည့်ရဖို့ ရှိနေသည်။ အစိုးရ သတင်းထုတ်ပြန်ချက်များတွင်တော့ ထိုသို့ အမျိုးသမီးထုကြီး၏ အုံကြွမှုအား ပြည်ပ အကြံအစည်များဟု ရှုတ်ချပြောဆိုခဲ့ကြသည်။

 

အမျိုးသမီးများ၏ အယာတိုလာများ အပေါ် အာခံလာမှုသည် စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင် ဖြစ်ပွားလာခဲ့သည်။ ရဲများက ခေါင်းကို ခြုံမထားသော အမျိုးသမီးများအား တုတ်များဖြင့် ရိုက်နှက်လာကြသည်။ နောက်ပိုင်းတွင် အမျိုးသမီးတိုင်းလိုလို ပုဝါများ လွှင့်ပစ်လာသည့် အခါတွင်တော့ ကျင်စက်များ၊ ရေ ပိုက်များ၊ မျက်ရည်ယိုဗုံးများ နှင့် တခါတရံတွင် လေသေနတ်များ သုံး၍ နှိမ်နှင်းလာခဲ့ကြသည်။

 

ထိုသို့ အမျိုးသမီးများ အပေါ် ရက်စက်စွာ ပြုကျင့်လာမှုများ ကို လက်ပိုက်ကြည့်မနေနိုင်တော့ပဲ အမျိုးသားများ ဝင်ရောက်လာကြသည်။ အချို့က တန်းစီရပ်နေသည့် ရဲများကို အတင်း ဝင်လုံးပြီး ဒရွတ်တိုက်ဆွဲကာ ကန်ကျောက် ရိုက်နှက်ခဲ့ကြသည်။ မြို့ များတွင် ခဲများနှင့် ဝိုင်းဝန်းပစ်ပေါက်ခံရသဖြင့် ရဲများ ထွက်ပြေးကုန်သည်။

 

ထိုသို့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ ရဲအဖွဲ့ အရှက်တကွဲ နှင့် ကြုံလာရချိန်တွင်တော့ အယာတိုလာများသည် ဘစိချ် စစ်ရဲများ နှင့် အစားထိုးလာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရဲများကဲ့သို့ မဟုတ်ပဲ အယာတိုလာ တို့အား အကာအကွယ် ပေးရန် ဖွဲ့စည်းထားသည့် အစ္စလမ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ ၏ လက်အောက်ခံများ ဖြစ်သည်။

 

ဘစိချ်များသည် အရပ်ဝတ်နှင့် ဖြစ်ပြီး အင်္ကျီ အနက် သို့မဟုတ် ပျောက်ကြား ဝတ်စုံများ ဝတ်ကာ မော်တော်ဆိုင်ကယ်များ နှင့် လှုပ်ရှားလာကြသည်။ ပစ္စတိုများကိုင်ဆောင်ထားပြီး စက်သေနတ်များ ပါ ကိုင်ဆောင်လာသည်ကို နောက်ပိုင်းတွင် တွေ့လာရသည်။

 

အစ္စလမ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ ၏ ထောက်လှန်းရေးများသည် တက်ကြွစွာ လှုပ်ရှားနေသူများဟု သံသယ ရှိသည့် အိမ်များကို ဝင်ရောက်စီးနင်း ဖမ်းဆီးကာ လက်ကိုင်ဖုန်းများကို သိမ်းယူခဲ့ကြသည်။ ထို့ပြင် ၎င်းတို့ မွေးထားသော ဒလန်များအားလည်း သတင်းပေးရန် ဖုန်းမက်ဆေ့ချ် များ ဖြင့် အကြောင်းကြားခဲ့ပြန်သည်။

 

ထိုသို့ ဖိနှိပ်လာသည့် အခါတွင်တော့ ကနဦး ဖြစ်ပေါ်လာခဲ့သည့် အပျော်များ နေရာတွင် အကြောက်တရားက ဖုံးလွှမ်းလာခဲ့ကြသည်။ ဆန္ဒပြပွဲများ စတင် ဖြစ်ပွားလာစဉ်က လုံခြုံရေး များသည် မျက်နှာကို အဝတ်များ စီးထားခဲ့ကြရာမှ နောက်ပိုင်းတွင် ဆန္ဒပြသူများ အဝတ်စီးလာရသည် ဘဝ ရောက်လာသည်။

 

ဘစိချ် များသည် တက်ကြွလှုပ်ရှားသူ များ စုဝေးနေသည်ဟု သံသယ ရှိသည့် ကော်ဖီဆိုင်များကို ဝင်ရောက် ဖျက်ဆီးခဲ့ကြပြီး ပိတ်ပစ်ခဲ့ကြသည်။ အာယာတိုလာများ ရုံးထိုင်သည့် တရားရုံးများကလည်း ဖမ်းဆီးခံရသူများကို အကျဉ်းရုံး စီစဉ်ပြီး ထောင်ဒဏ်များ ချမှတ်ပေးခဲ့ပြန်သည်။ ရုပ်ရှင် ဒါရိုက်တာ များ အသင်း ဥက္ကဌ အားလည်း ဖမ်းဆီးခံ အဖွဲ့ဝင် ဒါရိုက်တာ သုံးဦးအား ပြန်လွှတ်ပေးရန် တောင်းဆိုသည့်စာကို လက်မှတ်ရေးထိုးခဲ့မှုဖြင့် ထောင်ဒဏ် နှစ်နှစ် အပြစ်ပေးခံခဲ့ရသည်။

 

ဤသို့ဖြင့် အကျဉ်းထောင်များ မဆံ့ဖြစ်လာ၍ ကုန်လှောင်ရုံများကို သိမ်းယူပြီး အကျဉ်းစခန်းများ အဖြစ် သုံးလာခဲ့ကြရသည်။ ထိုကုန်လှောင်ရုံ အနီး ဖြတ်သွားသူများက မချိမဆန့် အော်ဟစ်သံများကိုပင် ကြားခဲ့ရသည်ဟု ပြောလာခဲ့သည်။ တီဟီရန်ရှိ တက်ကြွလှုပ်ရှားသူများလည်း တောင်တန်းဒေသများ ဖက် တိမ်းရှောင်ကုန်ကြသည်။

 

ယခင်လို လူစုလူဝေးဖြင့် မဟုတ်တော့သော်လည်း ကန့်ကွက်ဆန္ဒပြမှုများက ဆက်လက် ဖြစ်ပေါ်နေဆဲပင် ဖြစ်သည်။ ခေါင်းဆောင်များ မရှိတော့သည့် နောက်တွင် တီဟီရန် ရပ်ကွက်လူငယ်များ ဆိုသည့် အဖွဲ့များ ထွက်ပေါ်လာပြီး ဆန္ဒပြမည့် အချိန်နေရာတို့ အတွက် ဆော်ဩလာခဲ့ကြသည်။ ကျောင်းများ နှင့် ကောလိပ်များ သည်လည်း ဆန္ဒပြသူများ ဆက်လက် လှုပ်ရှား၍ ရနေဆဲပင် ဖြစ်သည်။

 

ရက်စက်ကြမ်းကြုပ်မှု ဖြင့် နာမည်ဆိုး တွင်လာသော လက်ရှိ သမ္မတဖြစ်သူ အီဘရာဟင် ရိုင်ဆီးလ် သည် တီဟီရန် ရှိ အယ် ဇာရာ တက္ကသိုလ် သို့ ရောက်ရှိလာစဉ်တွင် အား ကျောင်းသူများက ခေါင်းခြုံပုဝါများ ဝှေ့ရမ်းပြီး ကန့်ကွက်သည့် ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသည်။ တီဟီရန် ရှိ စာသင်ကျောင်းများသို့ ရောက်လာကြသော အရာရှိများကိုလည်း ကျောင်းသူများက မောင်းထုတ်ခဲ့ကြသည်။

 

လမ်းကြားများထဲရှိ နံရံများပေါ်တွင် အစိုးရ ဆန့်ကျင်‌ရေး စာသားများ၊ ရုပ်ပုံများ နှင့် ပြည့်နှက်ကုန်သည်။ ဆန္ဒပြနေသူများ၏ ပျမ်းမျှ အသက်သည် ၁၅ နှစ် ဖြစ်သည်ဟု အစ္စလမ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ ၏ တပ်မှုးတဦးက ထုတ်ဖေါ်ပြောဆိုခဲ့သည်။ နော်ဝေးရှိ လူ့အခွင့်အရေး အဖွဲ့တခုမှ ယခုအချိန်ထိ သတ်ဖြတ်ခံခဲ့ရသော ဆန္ဒပြသူ ၂၀၀ ကျော်တွင် ၂၃ ဦးသည် ကလေးသူငယ်များ ဖြစ်သည်ဟု ဆိုသည်။

 

ဆန္ဒပြမှုများ စတင်ဖြစ်ပွားစဉ်က ငြိမ်သက်နေခဲ့သည့် ပြည်နယ် များရှိ မြို့များ လည်း ယခုအခါ ပါဝင်လာခဲ့ပြီ ဖြစ်သည်။ လမ်းပေါ်တိုက်ပွဲများ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည့် နေရာများက သေဆုံးသူ ကပ်ဒ် အမျိုးသမီးငယ် မစ္စက် အမီနီ၏ မွေးရပ်ဖြစ်သော နိုင်ငံ အနောက်ပိုင်းရှိ ကပ်ဒ်ဒေသ၊ စစ္စတန် နှင့် အရှေ့ခြမ်းရှိ ဘလူချီစတန်တို့ ဖြစ်သည်။ ကပ်ဒ်မြို့တမြို့ ဖြစ်သော ဆာနန်ဒါဂျ် ရှိ အိမ်များတွင် စက်သေနတ်ကျည် ထိမှန်၍ အပေါက်ကြီးများ ဖြစ်ကျန်ရစ်သည်ကို ဗီဒီယို ရိုက်ပြခဲ့ကြသည်။

 

ထိုသို့ ပုန်ကန်မှုလေးများ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ရာမှ တော်လှန်ရေးကြီး အသွင် အပြည့်အဝ ကူးပြောင်းလာခဲ့မည် ဆိုလျှင် ပွက်ပွက်ဆူနေသော ဒယ်အိုးကြီးထဲသို့ နောက်ထပ် အစပ်အဟပ်များ ထပ်မံ ထည့်ဖို့ လိုအပ်လာပြီ ဖြစ်သည်။ စီးပွားရေး လုပ်ငန်းရှင်များက သတိကြီးစွာဖြင့် စောင့်ကြည့်နေပြီး ဆီရီယားလို အဖြစ်မျိုး ရောက်သွားမည်ကို စိုးရိမ်ပူပန်နေပုံရသည်။ အလုပ်ရှင်များအားလည်း သူတို့ လက်အောက် ဝန်ထမ်းများက ဆန္ဒပြမှုများကို ထောက်ခံကြောင်း တွစ်တာ ပေါ်တွင် ရေးပေးရန် ဖိအားပေးခြင်းလည်း ခံနေကြရသည်။

 

၁၉၇၉ ခုနှစ် တွင် ရှားဘုရင်အား ဖြုတ်ချခဲ့ရာတွင် အဓိက နေရာမှ ပါဝင်ခဲ့သည့် တီဟီရန် ရှိ ဈေးကြီး နှစ်ဈေးတွင် ပြီးခဲ့သည့် အပတ်အတွင်း ကွက်ကျား ကွက်ကျား ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့သည်။ အောက်တိုဘာ ၁၀ ရက်နေ့တွင် နိုင်ငံ တောင်ပိုင်းရှိ အဘာဒန် နှင့် အဆာလုရက် ရေနံတွင်းများတွင် အလုပ်သမား များ ဆန္ဒပြလာခဲ့ကြသည်။ အာဏာပိုင်များက ထိုဆန္ဒပြမှုများသည် လုပ်ခတိုးမြှင့်ရေး အတွက်သာ ဖြစ်သည်ဟု လျော့ပေါ့ ပြောဆိုခဲ့သော်ငြားလည်း အလုပ်သမားများ၏ ကြွေးကြော်သံများက “အာဏာရှင် ကျဆုံးရေး ဒို့အရေး” ဟု သာ ဖြစ်နေသည်။

 

ရက်သတ္တပတ်များစွာ တုံဏှိဘာဝေ နေလာကြသော အစ္စလမ် ဘုန်းတော်ကြီးများက ရေငုံနှုတ်ဆိပ်မနေကြတော့ပဲ ၎င်းတို့၏ ခေါင်းဆောင်ကြီး ဖြစ်သော အယာတိုလာ အလီ ခါမေနီအား ပြည်သူများ၏ အသံကို နားထောင်ပေးရန် တိုက်တွန်းလာကြသည်။ ယခုအထိတော့ အစ္စလမ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ နှင့် ဘစိချ် တို့၏ အကာအကွယ်ရထားသော အစ္စလမ် နိုင်ငံတော်၏ အဓိက အင်စတီကျူးရှင်းများက တော့ ကြံ့ကြံ့ခံရပ်တည်လျက် ရှိနေဆဲပင် ဖြစ်သည်။

 

သို့သော် ကျောင်းသားများ၏ လှုပ်ရှားမှု များ ဆက်လက်ဖြစ်ပေါ်နေခဲ့လျှင် သော်၎င်း၊ စီးပွားရေး အသိုက်အဝန်းမှ စတင် ယိမ်းယိုင်လာခဲ့လျှင်သော်၎င်း၊ စစ်တပ်တွင် အက်ကြောင်းထလာခဲ့လျှင်သော်၎င်း၊ အီရန် အမျိုးသမီးများ၏ တော်လှန်ရေး သည် အဆင့်သစ် တရပ်သို့ ကူးပြောင်းသွားတော့မည် သာ ဖြစ်သည်။

 

(၂၀၂၂ အောက်တိုဘာ ၁၂ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းတွင် ပါရှိသည့် “Despite lethal repression, Iran’s protests continue” အား ပြန်လည် တင်ပြသည်။)