အမေရိကန် လွတ်လပ်ရေး ၏ တမန်တော် ဆင်မြူရယ် အဒမ် (၆)
အင်္ဂလိပ် အစိုးရမှ ဆင်မြူရယ် အဒမ် အား အမေရိကား ကိုလိုနီ နယ်မြေများတွင် လူထုကို ဆူပူထကြွရန် အဓိက လှုံ့ဆော်နေသူ အဖြစ် သတ်မှတ်လာပြီ ဖြစ်သည်။ အဒမ် နှင့် အတူတွဲ၍ လှုပ်ရှားနေသူ ဂျွန် ဟင်ကော့မှ “ဆင်မြူရယ် အဒမ်၏ ကလောင်ဖျားမှ ထွက်လာသော မှင်တစက် တိုင်း သည် သူတို့ အတွက် အဆိပ်ပြင်းသော မြွေတကောင်၏ အစွယ်များကဲ့သို့ ဖြစ်လာနေသည်” ဟု မှတ်ချက်ချခဲ့ဖူးသည်။ နောက်တဦးကလည်း အကယ်၍သာ အမေရိကန် လွတ်လပ်ရေး စစ်ပွဲကြီး မအောင်မြင်ခဲ့လျှင် အရင်ဆုံး ကြိုးစင်ပေါ်တက်ရမည့်သူသည် ဆင်မြူရယ် အဒမ်ပင် ဖြစ်လိမ့်မည်” ဟု ဆိုပြန်သည်။
အမေရိကား ကိုလိုနီ နယ်သားများက ဗြိတိသျှ တို့၏ လ္ဘက်ခြောက် အခွန် စည်းကြပ်မှုအား ဆက်လက် ကန့်ကွက်နေခဲ့ကြစဉ်အတွင်း အခွန်ကို ရှောင်တိမ်းနိုင်ရန် လ္ဘက်ခြောက်များကို မှောင်ခိုသွင်းယူလာခဲ့ကြသည်။ ဗြိတိသျှ တို့ အတွက် အဓိက ဝင်ငွေ ရှာပေးနေသည့် အရှေ့အိန္ဒိယ ကုမ္ပဏီသည် ဝင်ငွေများ ကျဆင်းလာနေပြီ လက်ကျန် ပစ္စည်းများ တောင်ပုံရာပုံ ဖြစ်လာနေသည်ကို ရိပ်စားမိလာကြသည်။ ထို့အတွက် ဗြိတိသျှ ပါလီမန် မှ ၁၇၇၃ မေလ တွင် အမေရိကန် ကိုလိုနီ နယ်များအတွက် လ္ဘက်ခြောက် ရောင်းချခွင့်ကို တဦးတည်း လက်ဝါးကြီး အုပ်နိုင်မည့် လ္ဘက်ခြောက် ဥပဒေ ကို ပြဋ္ဌာန်းပေးခဲ့သည်။ ဤသည်က အမေရိကားရှိ ကုန်သည်များ၏ လုပ်ပိုင်ခွင့်များကို သပ်လျိုလိုက်ခြင်း ဖြစ်ပြီး ကိုလိုနီ နယ်မြေများ၏ လွတ်လပ်စွာ စီးပွားရေး လုပ်ကိုင်ခွင့်များကို ထပ်မံ ချေဖျက်တိုက်စားလိုက်သည့် လုပ်ရပ်အဖြစ် ရှုမြင်လာသည်။
အဒမ်နှင့် သူ၏ မက်ဆာချူးဆက် စာပေးစာယူ ကော်မတီ မှ ချက်ခြင်းဆိုသလိုပင် အခြားကိုလိုနီ နယ်မြေများ ရှိ ကော်မတီများထံ စာရေးသား ပေးပို့လိုက်ပြီး စည်းလုံးညီညွတ်ကြရန် အချိန်တန်ပြီဟု နှိုးဆော်လာခဲ့သည်။ အားလုံးက တညီတညွတ်တည်းပင် အရှေ့အိန္ဒိယ ကုမ္ပဏီမှ တင်သွင်းလာသော လ္ဘက်ခြောက်များကို လက်မခံရန် သဘောတူညီမှု ရရှိခဲ့ကြသည်။ ထို့ပြဿသည် ဘော်စတွန်တွင် ပြဿနာသည် ချက်ခြင်းဆိုသလိုပင် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
အရှေ့ အိန္ဒိယ ကုမ္ပဏီမှ လ္ဘက်ခြောက် သေတ္တာကြီး ၁၁၄ လုံး သယ်ဆောင်လာသော သင်္ဘောသည် ဘော်စတွန် ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် အခါတွင်တော့ ထောင်ပေါင်းများစွာသော ဘော်စတွန် မြို့ခံလူထုက ကန့်ကွက်ဆန္ဒပြလာကြသည်။ နောက်ထပ် သင်္ဘောများ ဆိုက်ကပ်လာသည့် အခါတွင်တော့ လွတ်လပ်ရေး၏ သားကောင်းများ အဖွဲ့သည် စတင်လှုပ်ရှားလာခဲ့ပေတော့သည်။
၁၇၇၃ ဒီဇင်ဘာလ ၏ အအေးဓါတ်လွန်ကဲနေသော ညတည တွင် လွတ်လပ်ရေး သားကောင်းများသည် ဌာနေ အင်ဒီယန်း များကဲ့သို့ ဝတ်ဆင်ကာ ဆိပ်ကမ်းတွင် ကပ်ထားသော သင်္ဘောများပေါ် တက်လာခဲ့ကြပြီး လ္ဘက်ခြောက်သေတ္တာ စုစုပေါင်း ၃၂၄ လုံးကို ရေထဲသို့ ပစ်ချလိုက်ကြသည်။ ထိုအထဲတွင် အဒမ် ပါဝင်ခဲ့ခြင်း မရှိသော်လည်း ထိုသတင်းကို အားလုံးသိအောင် ဖြန့်ခဲ့ရာတွင်တော့ ထိပ်ဆုံးမှ ပါဝင်လာခဲ့သည်။
ဒီတကြိမ်တွင်တော့ ဗြိတိသျှ အာဏာပိုင်များက ၎င်းတို့အား အမြဲတမ်း ပုန်ကန်ဆန့်ကျင်နေကြသည့် ဘော်စတွန် မြို့နေလူထု အား သင်ခန်းစာ ကောင်းကောင်း ပေးရတော့မည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ဤသို့ဖြင့် ၁၇၇၄ ခုနှစ်တွင် နွေဦးပေါက်တွင် ပါလီမန်မှ ကိုလိုနီ နယ်သားများ၏ အာခံမှုများကို အလျှင်အမြန် အဆုံးသတ်နိုင်ရန် ဥပဒေများ ဆက်တိုက်ဆိုသလို ပြဋ္ဌာန်းလာခဲ့ပေတော့သည်။
ထိုဥပဒေများအား နိုင့်ထက် စီးနင်း ပြဋ္ဌာန်းသော ဥပဒေများ ဟု ထင်ရှားလာခဲ့သည်။ ထိုအထဲတွင် ဘော်စတွန် ဆိပ်ကမ်းအား ပိတ်ဆို့ထားရေး၊ ဆုံးရှုံးသွားရသော လ္ဘက်ခြောက်များ အတွက် လျော်ကြေး ပြန်မရမချင်း ကုန်သွယ်မှု များ ရပ်တန့်ထားရန် တို့ ပါဝင်သည်။ မြို့များတွင် လူထု အစည်းအဝေးများ ပြုလုပ်ခြင်းအားလည်း ကန့်သတ်မှုများ ပြုလုပ်ရန်လည်း ကန့်သတ်ပစ်ခဲ့ပြီး ဘုရင်ခံ၏ အာဏာအား ကိုလိုနီ လွှတ်တော်များထက် ပို၍ တိုးမြှင့်ပေးလာခဲ့သည်။ ထို့အပြင် ဆင်မြူရယ် အဒမ် မှ လူထု၏ နိုင်ငံရေး စိတ်ဓါတ်များ နိုးကြားလာစေရန် အသုံးချခဲ့သည် လွတ်လပ်စွာ သတင်းရေးသား ဖြန့်ချီမှုများလည်း ကန့်သတ်ချုပ်ချယ်ခံရသည့် အထဲတွင် ပါဝင်လာခဲ့သည်။
ဘော်စတွန် မြို့ခံများ မကြိုက်သည့် လုပ်ရပ်အား ဒဏ်ခတ်သည့် အနေဖြင့် ထပ်မံပြုလုပ်လာခဲ့သည်၊ ဤသည်ကား Quartering Acts ခေါ် တပ်များ စခန်းချမှု ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြန်ပြီး ကိုလိုနီနယ်မြေများ ရှိ အဆောက်အဦးများ၊ အိမ်များကို ပိုင်ရှင်၏ ခွင့်ပြုချက် တောင်းခံစရာ မလိုပဲ အသုံးပြုခွင့် ပေးလာခဲ့သည်။ ထပ်မံ ထည့်သွင်းလာပြန်သည်က သေဒဏ်ကျခံထိုက်သည့် ပြစ်မှုကြီးများ ကျုးလွန်သည်ဟု စွပ်စွဲခံထားရသူ များကို အင်္ဂလန်တွင်သာ အမှုစစ်ရမည် ဆိုသည့် အပိုဒ်ပင် ဖြစ်သည်။ ဆိုလိုသည်က အင်္ဂလိပ် ထီးနန်းမှ ၎င်းတို့ အတွက် အမှုတော် ထမ်းရွက်ရန် စေလွှတ်ထားသူများကို ကိုလိုနီ နယ်မြေ များတွင် တရားစီရင်ခြင်းမှ ကင်းလွတ်စေရန် ပင် ဖြစ်သည်။
ဗြိတိသျှ အစိုးရသည် ထိုကဲ့သို့ နိုင်ထက်စီးနင်း ဥပဒေများ ပြဋ္ဌာန်းလိုက်ခြင်းဖြင့် ကိုလိုနီ နယ်မြေများတွင် ပုန်ကန်လိုသူများ ငြိမ်သက်သွားလိမ့်မည်ဟု ယူဆခဲ့ကြသည်၊ သို့သော် ၎င်းတို့ ယူဆထားမှုများ နှင့် ဆန့်ကျင်ဖက် ဖြစ်လာခဲ့သည်။ ဗြိတိသျှ တို့၏ ဖိနှိပ်လာမှုများကြောင့် ၎င်းတို့ လက်အောက်မှ လွတ်မြောက်မှ ဖြစ်တော့မည်ဟူသော လူထု၏ အမြင် သည် ပို၍ ခိုင်မာလာသည့်အပြင် တစည်းတလုံးတည်း ဖြစ်လာအောင် ဖန်တီးပေးသလို ဖြစ်လာခဲ့ရသည်။ “မကောင်းဆိုးဝါး တို့ ၏ ကျိန်စာ အသင့်ခံရသလို မိမိတို့၏ စိတ်ဓါတ်များ အား ရိုက်ချိုး ချေဖျက်ရန် ခြိမ်းခြောက်လာမှု များသည် အားလုံး၏ ညီညွတ်စွာ တွန်းလှန်မှု ဖြင့် ကျေပျက်သွားစေရမည်ဟု” ဆင်မြူရဉ် အဒမ်မှ သတင်းစာမှတဆင့် ကြိမ်းဝါးလာခဲ့သည်။