မလေးရှား နိုင်ငံခြားရေး ဝန်ကြီး အတွက် ဆုတောင်းပေးကြပါစို့

by Hla Soewai - Oct 13 2022

မလေးရှား ဝန်ကြီးချုပ် အစ္စမေး ဆာဘရီ ရာကွတ်သည် နိုဝင်ဘာလ ဆန်းတွင် ရွေးကောက်ပွဲအသစ် ကျင်းပရန် ပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။

 

ထို့အတွက် ရာကွတ်၏ ညွှန်ပေါင်း အစိုးရ အဖွဲ့တွင် အမတ်နေရာ ၂၈ နေရာဖြင့် လူနည်းစု အဖြစ် ပါဝင်နေသော နိုင်ငံခြားရေး ဝန်ကြီး ဆိုက်ဖူဒင်၏ BERSATU ပါတီ၏ ရွေးကောက်ပွဲ တွင် အခြေအနေ ကောင်းလာနိုင်မှု အပေါ် ၎င်း၏ ရာထူး ဆက်လက် တည်မြဲရေးသည် တည်မှီနေပြီ ဖြစ်သည်။

 

သို့သော် BERSATU ပါတီမှ ဥက္ကဌ ဖြစ်သူ မူယစ်ဒင် ယာဆင် သည် ၂၀၂၁ ဩဂုတ်လတွင် ဝန်ကြီးချုပ် အဖြစ်မှ နှုတ်ထွက် သွားခဲ့ချိန်မှစ၍ ၎င်း၏ ပါတီအား ညွန်ပေါင်း အစိုးရ အဖွဲ့အတွင်း လိုလိုလားလား မဆက်ဆံကြတော့ပေ။

 

ထို့အတွက်လာမည့် ရွေးကောက်ပွဲတွင် ယခင်ကထက် အခြေအနေကောင်းဖို့ လိုနေသည်ဟု လေ့လာသူ များ သုံးသပ်နေကြသည်။

 

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးသည် အာဆီယံ အဖွဲ့အတွင်း မြန်မာပြည်သူတို့၏ အရေးအတွက် ကိုယ်ရော စိတ်ပါ နှစ်ပြီး ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံတိုက်ပွဲ ဝင်နေသည့်အပြင် အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင်များ နှင့် ကိုယ်တိုင် ကိုယ်ကျ တွေ့ဆုံဆွေးနွေးခဲ့သည့် ပုဂ္ဂိုလ်ကြီးလည်း ဖြစ်နေသည်။

 

ယခုထိလည်း လာမည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် အချက် ငါးချက် ကို ဆက်လက် ဆွဲကိုင်မထားသင့်တော့ကြောင်း ဦးဆောင်စည်းရုံးနေပြီ ဖြစ်သည်။

 

သေချာသည်က နောက်တက်လာမည့် နိုင်ငံခြားရေးအသစ်သည် မြန်မာပြည်သူတို့၏ အရေးကို ဆိုက်ဖူ‌ဒင်လောက် ဦးစားပေးမည် မဟုတ်ပေ။

 

မြန်မာအရေးအား ပေလျကံ လစ်လျု ရှုနေမှုများသည် ကမ္ဘာတဝှမ်း တွင် မင်းအောင်လှိုင်ကဲ့သို့ စစ်တပ်ကို ပိုင်လျှင် လုပ်ချင်တာလုပ်လို့ ရသည် ဆိုသော ကိုယ်ကျိုးကြည့် အတ္တ သမားများ ပေါ်ထွက်လာအောင် အားပေးအားမြှောက် ပြုနေပြီး ကမ္ဘာ တည်ငြိမ်ရေးကို ချိမ်းခြောက်လာပေတော့မည်။

 

အာဆီယံသည်လည်း အဖွဲ့ကြီး တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း ယခုလို ၎င်းတို့ ရပ်တည်မှု ကို ခြိမ်းချောက်လာနေသည့် အန္တရာယ်ကြီးနှင့် ပထမဆုံး အကြိမ် ကြုံ‌ တွေ့လာပြီကို ရိပ်စားမိလာကြပြီး ထိပ်သီး အစည်းအဝေး မတိုင်မီ အောက်တိုဘာ ၂၇ တွင် မြန်မာအရေး ဆွေးနွေးရန် နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံကြမည် ဖြစ်သည်။ 

 

ထူးခြားသည်က မြန်မာအပေါ် အာဆီယံ ဖွဲ့စည်းပုံပါ ပုဒ်မ ၇ နှင့် အရေးယူမည့် ကိစ္စလည်း ပါဝင်လာခဲ့ခြင်းပင် ဖြစ်သည်။ ၂၁ လ ကြာမျှ စောင့်ကြည့်လာခဲ့သည် အာဆီယံ၏ သည်းခံမှု အတိုင်းသည် ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။ ပုဒ်မ ၇ သည် အာဆီယံကို ထိခိုက်လာမည့် အရေးပေါ် အခြေအနေများကို လိုအပ်သလို အရေးယူ ရန် ဖြစ်သည်။ ထို့အတွက် စစ်ကောင်စီသည် အာဆီယံ အသိုက်အဝန်းထဲ ပြန်ဝင်နိုင်ရေး ကြိုးစားမည်လော၊ သို့မဟုတ် ထုတ်ပယ်ခံရသည်အထိ စောင့်မည်လော ဆိုသည်ကို ဆုံးဖြတ်ရန် ရက် ၃၀ ပဲ ကျန်တော့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

 

မည်သို့သော အခြေအနေမျိုး ပင် ဖြစ်စေ ပြည်သူတို့၏ တူမီးနှင့် စတင်ခဲ့သော တော်လှန်ရေး သည် စနစ်တကျ စုစည်း လာနိုင်ပြီး အရှိန်ရလာနေပြီ ဖြစ်သည်၊ ယခုအခါ လေကြောင်းရန် ကာကွယ်ရေး အတွက် လေယာဉ်ပစ် လက်နက်များ ရှိလာနေပြီ ဖြစ်၍ ဒေသ အချို့တွင် ဖြန့်ချထားနိုင်ရန် စီစဉ်နေပြီဟု ဆက်သွယ်ရေး၊ သတင်း နှင့် နည်းပညာ ဝန်ကြီး ဦးထင်လင်းအောင်ကလည်း ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်သည်။ စစ်ကောင်စီ ကို ဘင်္ဂလား ပင်လယ်အော်ထဲ တနှစ် အတွင်း မောင်းချနိုင်ရန် အသေးစိတ် အစီအစဉ်များ ချမှတ်ထားပြီး ဖြစ်သည်ဟုလည်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ် မှ ဆောင်းပါးရှင် ဒေါက်တာ တဦးကမူ ရက်စက် ကြမ်းကြုပ်ခြင်းသည် မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံပါ အဓိက ဝိသေသ လက္ခဏာ ဖြစ်နေသည်။ အာဏာ ငမ်းငမ်းတက် စစ်ဗိုလ်ချုပ်များ၏ သည်းငြည်း မခံနိုင်လောက် နုံနဲလှပြီး ပညာမဲ့ လူမဆန်သူများ နှင့် ဖွဲ့စည်းထားသော ကိုယ်ပိုင် စစ်တပ်ကို ပြည်ပနိုင်ငံများ မှ ဝင်ရောက်တိုက်ခိုက် ပြီး ဖျက်သိမ်းပစ်ကာ စစ်ဗိုလ်ချုပ် များကို ဟိဂ်သို့ ပို့ပြစ်မှသာ ပြဿနာ ပြီးဆုံးသွားမည်ဟု ပင် ရေးသားလာခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် ‌မုချ အောင်ရမည်!!!