သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(51)

by Hla Soewai - Oct 12 2022

သမိုင်း အဆက်ဆက် တော်လှန်ရေး ကောက်ကြောင်းများ (၅၁)

***************

 

အမေရိကန် လွတ်လပ်ရေး ၏ တမန်တော် ဆင်မြူရယ် အဒမ် (၄)

 

ဗြိတိသျှ တို့သည် လက်မလျော့သေးပဲ ဝင်ငွေရရာ ရကြောင်းအဖြစ် ၁၇၆၇ ခုနှစ်တွင် Townshend ဆိုသည့် အက်ဥပ‌ဒေကို ပြဋ္ဌာန်းပြီး နောက်တကြိမ် ကြိုးပမ်းလာကြပြန်သည်၊ ထိုဥပဒေသည် သွင်းကုန် အခွန်များ ကောက်ခံရန် အတွက် ဖြစ်ပြီး ဖန်၊ ကြွေထည်၊ စက္ကူ၊ ခဲ၊ လဘက်ခြောက်အစရှိသည့် သွင်းကုန်အမျိုးမျိုး အပေါ် အခွန်စည်းကျပ်လာခဲ့ကြသည်။

 

ထိုလုပ်ငန်းများကို ကြီးကြပ်ရန် ဘော်စတွန်တွင် အမေရိကန် အကောက်ခွန်များ ဆိုင်ရာ ဘုတ် အဖွဲ့အား ဖွဲ့စည်းပေးလာခဲ့သည်။ ဘော်စတွန်အား ရွေးချယ်ခဲ့မှုကပင် ဗြိတိသျှတို့ ပြဿနာကို ဖိတ်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ ဘော်စတွန်သည် အရှေ့ခြမ်း ‌ဆိပ်ကမ်းမြို့ကြီးများတွင် ပုန်ကန် ဆန့်ကျင်မှု အပြင်းထန်ဆုံး မြို့ ဖြစ်နေသောကြောင့်ပင်။

 

အဒမ်သည် မက်ဆာချုးဆက် လွှတ်တော် စာရေး လည်း ဖြစ်သည့် သူ၏ လုပ်ပိုင်ခွင့်ကို အသုံးချကာ ကိုလိုနီ နယ်သားများ အားလုံးသည် Townshend ဥပဒေအား ဆန့်ကျင်သည့် အနေဖြင့် အကောက်ခွန်စည်းကြပ်ပြီးသား မည်သည့် ကုန်ပစ္စည်းကို မဆို ဝယ်ယူခြင်း မပြုရန် တောင်းဆိုသည့် စာချွန်လွှာကို ရေးသား ပြုစုလာခဲ့သည်။

 

၁၇၆၉ ခုနှစ် ကုန်ပိုင်း အရောက်တွင် အမေရိကန် ကိုလိုနီ နယ်မြေ အားလုံးနီးပါးသည် အခွန်ကောက်ခံသည့် ဗြိတိသျှ ကုန်ပစ္စည်းမှန်သမျှကို သပိတ်မှောက်လာခဲ့ကြသည်။ ထိုသို့ သပိတ်မှောက်မှု ထိရောက်စေရန် အားလုံး၏ ထောက်ခံမှု ရဖို့ လိုအပ်လာသည်။ ကိုလိုနီ နယ်သား တဦးစီသည် မိမိ၏ အခွင့်အရေးများကို ကာကွယ်ကြရန် တောင်းဆိုသည့် လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ပြီး၊ ကုန်သည်များ၊ အလုပ်သမားများ၊ လွတ်လပ်ခွင့် ရထားသော လူမည်းများ နှင့် အမျိုးသမီးများလည်း တက်ညီလက်ညီ ပါဝင်လာခဲ့ကြသည်။

 

ထိုသို့ နေရာ အနှံ့အပြားမှ ထောက်ခံလာမှု နှင့် အတူ ကိုလိုနီ နယ်သား အချင်းချင်း ကြား နှင့် နယ်မြေတခု နှင့် တခု အကြား အရေးပါသော ဆက်ဆံရေး ကို ထူထောင်နိုင်ခဲ့ကြသည်။ ထို့အပြင် မိမိတို့၏ လွတ်လပ်ခွင့်များကို မိမိတို့ဖာသာ ကာကွယ်မှ ဖြစ်မည် ဆိုသော အသိအမြင်များ ရရှိလာခဲ့ကြသည်။ တဦးချင်း အသိမှသည် စုပေါင်း ဆောင်ရွက်လာကြသဖြင့် ထိရောက်မှု ရှိလာခဲ့သည်။

 

အကောက်ခွန် ဦးစီး အဖွဲ့သည် ဘော်စတွန်တွင် ရုံးထိုင်ပြီး မကြာမီမှာပင် ၎င်းတို့ အဖွဲ့နှင့် ပါဝင်သူ တဦးချင်းစီအား ဆန့်ကျင်သည့် အဓိကရုဏ်းများ ပေါ်ပေါက်လာခဲ့သည်။ အခြေအနေက စိုးရိမ်စရာ ဖြစ်လာသည့် အတွက် ဗြိတိသျှ တို့ဖက်မှ တပ်မကြီး ငါးခု စေလွှတ်ကာ ငြိမ်ဝပ်ပိပြားရေး ကို ထိန်းသိမ်းရသည်အထိ ဖြစ်လာခဲ့သည်။

 

လူဦးရေ ၁၆,၀၀၀ သာ ရှိသော ဘော်စတွန် တွင် အပေါ်ကုတ် အင်္ကျီ အနီ ဝတ်ဆင်ထားကြသော ဗြိတိသျှ တပ်သား ၂,၀၀၀ သည် နေရာတိုင်းလိုလို တွေ့လာခဲ့ရသည်။ တပ်များသည် မြို့ရှိ အထင်ကရ အဆောက်အအုံများ နှင့် လွှတ်တော်ထဲတွင် တပ်စွဲခဲ့ကြသည်။ ထိုသို့ တပ်စွဲရာတွင်လည်း မြို့ခံများကို လားလားမျှပင် ခွင့်တောင်းခံခြင်း မရှိခဲ့ပြန်သဖြင့် အခြေအနေများ တင်းမာလာခဲ့သည်။

 

၁၇၇၀ မတ်လတွင် လူအုပ်ကြီးသည် အကောက်ခွန်ရုံးကို စောင့်ကြပ်နေသော ဗြိတိသျှ ကုတ်နီ စစ်သား တဦး ဖြစ်သည့် ဟူးခ်ျ ဝှိုက်ကို ရန်စလာကြသည်။ ဟူးခ်ျ ဝှိုက် အား ဆဲဆိုကြိမ်းမောင်းပြီး နှင်းခဲများနှင့် ပစ်ပေါက်ခဲ့ကြသည်။ သူ့အား အကူအညီပေးရန် ရောက်လာသော ဗြိတိသျှ တပ်သားများအားလည်း နှင်းခဲများ၊ ရေခဲတုံးများ၊ တုတ်များ နှင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ကြပြန်သည်။ ထို့နောက်တွင်တော့ သေနတ်သံများ ထွက်ပေါ်လာခဲ့တော့သည်။ ကိုလိုနီ နယ်သား များဖက်မှ ငါးဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။

 

ဆင်မြူရယ် အဒမ် မှ ထိုဖြစ်ရပ်ကို အခွင့်ကောင်းယူကာ "သွေးထွက်သံယို ဖြစ်ခဲ့သော လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး" ဟု ဆိုကာ မီးလောင်ရာ လေပင့် လှုံ့ဆော်လာခဲ့သည်။ သူပြောသည့် အတိုင်းပင် ထိုဖြစ်ရပ်အား "ဘော်စတွန် လူသတ်ပွဲကြီး" အဖြစ် သမိုင်း မှတ်တမ်းဝင်သွားခဲ့သည်။

 

အဒမ် နှင့် လွတ်လပ်ရေး သူရဲကောင်းများသည် သေဆုံးသွားသူများ၏ ဈာပန အခမ်းအနားကို ဦးဆောင် ပြုလုပ်လာခဲ့ရာ ကိုလိုနီ နယ်သား ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး ဗြိတိသျှ တို့ အပေါ် ပို၍ အညိုးထားလာခဲ့ကြသည်။

 

ဘော်စတွန်မှ ငွေထည်လက်မှု ပညာရှင်လည်း ဖြစ်၊ ဝါဒ ဖြန့်ချီရေးသမားလည်း ဖြစ်သော ရူဗီယားသည် ထိုလူသတ်ပွဲကြီးအား ကြေးပြားပေါ်တွင် ထွင်းထု ပေးခဲ့သည်။ ထိုစဉ်က ဓါတ်ပုံ အတတ်ပညာ မထွန်းကားသေး၍ လူအများ ကြည့်ရှု့နိုင်ရန် ဖြန့်ဝေပေးနိုင်စေသည့် အမြန်ဆုံး နည်းလမ်းလည်း ဖြစ်သည်။

 

ရူဗီယား၏ ကြေးပြားပေါ်တွင် စစ်ကုတ်အင်္ကျီ အနီများ ဝတ်ဆင်ထားသော ဗြိတိသျှ စစ်သားများသည် တည်ငြိမ်စွာဖြင့် တန်းစီရပ်နေကြပြီး ထိတ်လန့်တုန်လှုပ်လာသော လူအုပ်ကြီးကို သွေးအေးအေး ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ပုံကို သရုပ်ဖေါ်ထားသည်။

 

ထိုဖြစ်စဉ်အား အပြန်အလှန် ထိတွေ့ မှု ဟု မပေါ်လွင်စေပဲ သွေးအေးအေး ဖြင့် သတ်ဖြတ်ခဲ့ခြင်း ဆိုသည်အား ထင်ရှားအောင် ဖန်တီးခဲ့ခြင်းပင် ဖြစ်သည်။ ‌၎င်း၏ သရုပ်ဖေါ်မှုသည် ရည်ရွယ်သည် အတိုင်း လူထုကို သွေးဆောင်နိုင်ခဲ့သည်။