အင်ဒို နီရှား ဘာလဲ ဘယ်လဲ

by Hla Soewai - Oct 12 2022

အင်ဒိုနီရှားသည် မြန်မာအရေးနှင့် ပတ်သက်၍ သမိုင်း ၏ မှန်ကန်သော ဖက်မှ ရပ်တည်ရန် ရွေးချယ် ရဖို့ ဖြစ်လာနေသည်ဟု ခေါင်းစဉ်ဖြင့် ဂျကာတာ ပို့စ် သတင်းစာကြီးတွင် ပါရှိလာသော ဆောင်းပါးအား ကောက်နှုတ် တင်ပြပါသည်။

 

အင်ဒိုနီရှားသည် အာဆီယံဥက္ကဌ အဖြစ် တာဝန်ယူရမည့် အချိန်တွင် သမိုင်း၏ လမ်းဆုံလမ်းခွသို့ ရောက်နေချိန်နှင့်လည်း တိုက်ဆိုင်နေပြီ ဖြစ်သည်။

 

ငြိမ်းချမ်းသာယာပြီး တရားဥပဒေ စိုးမိုးသည့် ဒီမိုကရေစီ လူဘောင် ထူထောင်နိုင်ရေး အတွက် မြန်မာပြည်သူတို့၏ ရုန်းကန် တိုက်ပွဲဝင်နေမှု ဖက်က ရပ်တည်သွားမည်လော၊ သို့တည်း မဟုတ် တရားမဝင်သည့် အပြင် နိုင်ငံကို ထိန်းချုပ်နိုင်ရေးတွင် ပို၍ ပင် ယုတ်လျော့လာနေပြီး လူမဆန်စွာ ကြမ်းကြုပ် ရက်စက်သည့် နည်းလမ်း တခုတည်းဖြင့်သာ အကြမ်းဖက် အုပ်ချုပ်နေရသည့် စစ်တပ်ဖက်ကပဲ ရပ်တည်သွားမည်လော ဆိုသည်ကို အင်ဒိုနီရှားကဲ့သို့ပင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ ရွေးချယ်ကြရတော့မည် ဖြစ်သည်။

 

မကြာမီက ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူ လေးဦးအား ဂရုစိုက်စရာ မလိုသည့် သဘော နှင့် ကွပ်မျက်ခဲ့မှု၊ စစ်ကိုင်းတိုင်းအတွင်းရှိ မူလတန်းကျောင်းအား ဗုံးကြဲ တိုက်ခိုက်ခဲ့မှု သည်သာ ကမ္ဘာသတင်းမီဒီယာများတွင် အထင်အရှား ထွက်ပေါ်ခဲ့သည်။

 

တခါတရံတွင် တရားမဝင် အာဏာသိမ်းမှုသည် ပင်လျှင် အောင်မြင်သွားတတ်သည်၊ အာဏာသိမ်း အဖွဲ့သည် ချက်ခြင်းလို အနေအထားအသစ် တခုကို တည်ဆောက်လာနိုင်ပြီး လူထုက လည်း မတတ်သာ၍ လက်ပိုက် ကြည့်နေရသည် ကြားတွင်ပင် ကုလ အဖွဲ့ဝင် နိုင်ငံ များကလည်း လက်ခံခဲ့ကြသည်။

 

သို့သော် မြန်မာတွင်ကား ထိုသို့သော အနေအထားမျိုး မရှိ၊ အစိုးရဝန်ထမ်းများ သိန်းနှင့် ချီ၍ သပိတ်မှောက်ခဲ့ကြပြီး အာဏာဖီဆန်ခဲ့ကြသည်။ သန်းချီသော လူထုကြီးက လမ်းပေါ်တက်၍ ဆန္ဒပြခဲ့ကြသည်။ ခုခံတော်လှန်မည့် အင်အားစုများနှင့် ပူးပေါင်းခြင်း၊ ရံပုံငွေ ရှာပေးခြင်း၊ ကြားဖြတ် အစိုးရ အဖွဲ့ကို ထောက်ခံခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

 

စစ်တပ်၏ အာဏာသိမ်းမှုသည် ၎င်းတို့ကိုယ်တိုင် ပြဋ္ဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအား ချိုးဖောက်ခဲ့ကြသည်သာမက လက်ရှိလုပ်ရပ်ကြောင့် ထိုဖွဲ့စည်းပုံဖြင့်အသိအမှတ်ပြု ခံ ရယုံမျှသာ ရှိသည့် ပါးလွှာသော အကာအရံလေး သည်ပင် လေနှင့်အတူ လွင့်ပါးကွယ်ပျောက်သွားခဲ့ရလေပြီ။

 

၎င်းတို့အား ဗီတိုအာဏာ သာမက အထူးအခွင့်အရေးများ ပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံသည်လည်း ဥပဒေကြောင်းအရရော၊ နိုင်ငံရေး အရရော နိဠိတံ သွားခဲ့ရပြီ ဖြစ်သည်။ စစ်တပ်သည် တိုင်းပြည်ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်နေပါသည်ဟုလည်း မပြောနိုင်တော့ပေ။

 

လက်ရှိ ပေါ်ပေါက်လာသော အမျိုးသား ညီညွတ်ရေး အစိုးရသည် မြန်မာပြည်တွင် တွေ့ခဲ့ရသမျှ အစိုးရထဲတွင် လူထု လူတန်းစား အလွှာစုံနှင့် တိုင်းရင်းသား ပေါင်းစုံ ပါဝင်သည့် ပထမဦးဆုံး အစိုးရမျိုး ဖြစ်သည်။ NUG သည် စစ်အာဏာသိမ်း အဖွဲ့၏ တရားဝင်မှု ကို ငြင်းပယ်နိုင်ရန် နှင့် ပညာရေး၊ ကျန်းမာရေး အစရှိသည့် လူမှုရေး လုပ်ငန်းများ ပံ့ပိုးပေးနိုင်ရန် အဓိက ဦးစားပေးလာပြီး ဖွဲ့စည်းပုံ အသစ် ပေါ်ထွန်းလာရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီ ဖြစ်သည်။

 

၂၀၂၂ ဇန်နဝါရီလတွင် အွန်လိုင်းမှ ပြုလုပ်ခဲ့သော ပြည်သူ ညီလာခံကြီးမှ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် စာတမ်းကို အတည်ပြုကာ ဥပဒေကြောင်းအရ ခိုင်ခံ့သော အုတ်မြစ်ကို ချနိုင်ခဲ့သည်၊ ထို ပဋိညာဉ် စာတမ်းပေါ် မူတည်ပြီး စစ်တပ်ထံမှ အာဏာ ပြန်ရသည်နှင့် အစစ်အမှန် ဖွဲ့စည်းပုံ အဖြစ် ကူးပြောင်းသွားပေတော့မည်။

 

ယင်းသည် ရိုဟင်ဂျာ များ အပါအဝင် တိုင်းရင်းသား များ အတွက် မျိုးဆက်ပေါင်းများစွာ အတွင်း ပထမဆုံး ‌ထွက်ပေါ်လာသည့် အခွင့်အလန်းလည်း ဖြစ်သည်။

 

စစ်တပ်၏ အပြောများကို လက်ခံပြီး ၎င်းတို့ ပြုလုပ်မည် ဆိုသည့် ၂၀၂၃ ရွေးကောက်ပွဲဖြင့် လိမ်ညာ ဝါဒဖြန့်လာမည်ကို လက်ခံမည်ဆိုက မြန်မာပြည်သူတို့အပေါ် ပြောင်ပြောင်တင်းတင်း သစ္စာဖေါက်သလို ဖြစ်သွားမည်သာမက အာဆီယံ၏ တရားဥပဒေ စိုးမိုးပြီး အခြေခံ လူ့အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များ အာမခံသည့် မူလ ပဋိညာဉ်စာတမ်း အပြင် ၂၀၂၅ တွင် ပေါ်ထွက်လာမည့် အာဆီယံ လူအစည်းအရုံးကြီး အပေါ် ရည်မှန်းချက်များကိုပါ အလဲထိုးနှက်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

 

မြန်မာ စစ်ခေါင်းဆောင်များဖက်က အာဆီယံမှ ချမှတ်ထားသော အချက် ငါးချက် ဖြင့် ချည်နှောင်ထား၍ မရဆိုသည်ကို ၎င်းတို့၏ အပြောများ၊ ကြေညာချက်များတွင် အကြိမ်ကြိမ် ထည့်သွင်းပြောဆိုခဲ့ပြီးလည်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့ လုပ်ရပ်များသည် အဆိုပါ အချက် ငါးချက်နှင့် ပြောင်ပြောင်ကြီး ဆန့်ကျင်နေပြန်သည်။

 

၂၀၂၀ ရွေးကောက်ပွဲတွင် လူထုမဲ ၈၀ ရာနှုန်းကျော်ဖြင့် အနိုင်ရရှိထားခဲ့သော နိုင်ငံတော် အတိုင်ပင်ခံအား လုပ်ကြံ ပုဒ်မများဖြင့် တရားစွဲဆိုကာ ယခု အချိန်အထိ ထောင်ဒဏ် ၂၃ နှစ် ဒဏ်ခတ်ထားခဲ့ပြီး ဖြစ်သည်။ ထိုသို့သော လူမျိုးများကို ဆုလဒ်များ ပေးသင့်ပါသလော။

 

အင်ဒိုနီးရှားသည် ကာလကြာမြင့်စွာ ကတည်းကပင် ပြည်တွင်းရေးကို ဝင်မစွက် ရန်နှင့် အာဆီယံ၏ ကြားနေမှု ကို ထိန်းသိမ်းပါမည် ဆိုသော ကတိပြုထားပြီး ဖြစ်၍ ‌ဤသည်ကပင် မြန်မာ အရေးကို ဖြေရှင်းနိုင်မည့် ထိရောက်သော ကိရိယာ တန်ဆာပလာများ ဖြစ်နေသည်။

 

သို့သော် ယခုလို ပုံပျက် ပန်းပျက် ကျူးလွန်နေသော မတရားမှုများကို တွေ့နေရပါလျက် ဖိနှိပ်သူများ နှင့် သွားရောက် ပေါင်းစုံနိုင်ရေးကို ဦးတည်မည့် ကျောက်ရုပ် ကြားနေဝါဒကိုသာ လက်ကိုင်ပြုမည်ဆိုက အာဆီယံ၏ ရပ်တည်ထားသော မူဝါဒများ အတွက် မည်သို့မျှ တရားမျှတမှု ရှိလိမ့်မည် မဟုတ်ပေ။

 

ထို့အတွက် အင်ဒိုနီးရှားသည် မိမိတို့နှင့် စိတ်တူ ကိုယ်တူ ပါတနာများ နှင့် လက်တွဲပြီး နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များအား ၎င်းတို့အတွက် အနာဂတ် ဆိုသည်မှာ ရှိမည်မဟုတ်တော့ကြောင်း၊ မြန်မာပြည်သူများ၏ စစ်မှန်သော ဒီမိုကရေစီ နှင့် အလုံးစုံ ငြိမ်းချမ်းရေး ရရှိနိုင်မည့် လုပ်ငန်းစဉ်များနှင့်သာ ပူးပေါင်းမည် ဖြစ်ကြောင်း ရှင်းလင်းစွာ အသိပေးရမည် ဖြစ်သည်။

 

မြန်မာပြည်သူ များသည် အင်ဒိုနီးရှား၏ ဦးဆောင်မှု အောက် ရောက်ရှိလာမည့် အာဆီယံကို မျှော်လင့်တကြီး ဖြင့် စောင့်ကြည့်နေကြမည်သာ ဖြစ်သည်။ အာဆီယံ အတွက်လည်း မြန်မာပြည်တွင်း ပြိုကွဲလာမှု ကြောင့် ဒေသတွင်း ဆိုးရွားသော အကျိုးဆက်များ ခံစားရမည့် အရေးမှ ကာကွယ်နိုင်မည့် နောက်ဆုံး အခွင့်အလန်းလည်း ဖြစ်ပေတော့သည်။

 

မြန့်မာအရေးအား နိုင်ငံတကာမှ ဖြေရှင်းပေးရန် မီ‌ဒီယာ များ မှ တဆင့် ယခုလို အပူတပြင်း တောင်းဆို သံများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချအောင်ရမည်!!!