အိုပက် ဆုံးဖြတ်ချက်ကြောင့် ရေနံ ဈေးနှုန်းများ မြင့်တက်လာ

by Hla Soewai - Oct 11 2022

ရေနံ တင်ပို့ရောင်းချသော နိုင်ငံများ အဖွဲ့ အိုပက်အား တခါတရံတွင် ရေနံ ဈေးကွက်၏ ဗဟိုဘဏ်ကြီးဟု ခေါ်ဆိုကြလေ့ ရှိသည်။ ဤသည်ကလည်း အိုပက် အဖွဲ့ဝင် နိုင်ငံများနှင့် ၎င်းတို့နှင့် အကျိုးတူ နိုင်ငံများ စုစုပေါင်း ၂၃ နိုင်ငံသည် ကမ္ဘာရေနံ ထုတ်လုပ်မှု၏ ၄၀ ရာနှုန်းကို ချုပ်ကိုင်ထားနိုင်ပြီး တလ တကြိမ် တွေ့ဆုံကာ မည်ရွေ့မည်မျှ ထုတ်လုပ်ကြမည် ဆိုသည်ကို သတ်မှတ် ဆုံးဖြတ်လေ့ ရှိသောကြောင့်ပင် ဖြစ်သည်။

 

ထိုသို့ ဆုံးဖြတ်ရာတွင်လည်း ဈေးနှုန်း အမြင့်ဆုံး ရရှိနိုင်ရေး နှင့် ဈေးကွက်တည်ငြိမ်မှု ရှိရေးကို အဓိက ဦးတည်ခဲ့ကြသည်။

 

အောက်တိုဘာ ၅ ရက်နေ့တွင် တွေ့ဆုံခဲ့မှုသည် အချိန်တိုတို နှင့် ပြီးဆုံးခဲ့သော်လည်း အငြင်းပွားစရာ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့သည်။ ထို ဆွေးနွေးပွဲတွင် ရုရှား ပါ ပါဝင်ခဲ့ပြီး ကိုဗစ် အပြီး ပထမ ဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

 

ဩစတီယား နိုင်ငံ ဗီယင်နာတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲ အပြီးတွင် ဝန်ကြီးများမှ ရေနံ ထုတ်လုပ်မှု ကို တနေ့လျှင် စည်ပေပါ နှစ်သန်း လျော့ချတော့မည်ဟု ကြေညာခဲ့သည်။ ယင်းသည် ကမ္ဘာရေနံ ထုတ်လုပ်မှု၏ ၂ ရာနှုန်းနှင့် ညီမျှသည့် ပမာဏ လည်း ဖြစ်သည်။

 

ဈေးကွက်တွင် လပေါင်းများစွာ မတည်မငြိမ် ဖြစ်မှု များ နှင့် အဖွဲ့ဝင် နိုင်ငံများ၏ ထုတ်လုပ်ရန် သတ်မှတ်ချက်များ ပြည့်မီအောင် မဆောင်ရွက်နိုင်ခဲ့မှုများကြောင့် ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်ရန် နှင့် ဈေးနှုန်းကို တဖန်ပြန်၍ ထိန်းချုပ်နိုင်ရန် ရည်ရွယ် လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။

 

အဖွဲ့ဝင် နိုင်ငံများသည် ရေနံ ဝယ်လိုအား ကျဆင်းလာမှုကို စိုးရိမ်ခဲ့ကြသည်။ ကမ္ဘာစံနှုန်း အဖြစ် သတ်မှတ်ထားသော ဘရင့် စံညွှန်းတွင် ဇွန်လတွင် ‌၁၂၅ ဒေါ်လာ ရှိနေခဲ့ရာမှ မကြာသေးမီက ၉၃ ဒေါ်လာအထိ ကျဆင်းလာခဲ့သည်။

 

ဓါတ်ဆီ ဈေးနှုန်းကြီးမြင့်လာမှုကြောင့် သုံးစွဲမှု ခြိုးခြံ ချွေတာလာခြင်း၊ ဥရောပ တွင် ဓါတ်ငွေ့ အကျပ်အတည်း နှင့် ကြုံလာရခြင်း၊ တရုတ်၏ ကိုဗစ် ပေါ်လစီ ကြောင့် ကုန်ထုတ်လုပ်မှု ကျဆင်းခြင်း၊ အိမ်ခြံမြေ ဈေးများ လှုတ်ခပ်လာခြင်း၊ အတိုးနှုန်းများ မြင့်တက်လာခြင်း အစရှိသည်တို့ကြောင့် ကမ္ဘာစီးပွားရေး ကျဆင်းလာခဲ့ရသည်။

 

ရေနံဈေးနှုန်းသည် ဒေါ်လာအပေါ် အခြေခံ ထားခြင်းကြောင့် ဒေါ်လာဈေး ခိုင်မာလာမှုသည် အမေရိကန်မှ လွဲ ၍ ပြင်ပတွင် လောင်စာဆီသည် ဈေးနှုန်းများ မတန်တဆ မြင့်တက်လာခဲ့ပြန်သည်။

 

အဖွဲ့ဝင် နိုင်ငံများသည် ပြည်တွင်းတွင် အသုံးစရိတ်များ မြင့်တက်လာမှုကြောင့် ရေနံဈေးကို ဒေါ်လာ ၈၀ နှင့် ၁၀၀ ကြားတွင် ထိန်းထားလိုကြသည်။

 

တရုတ်သည် ယခုအခါ ၎င်းတို့ သိုလှောင်ထားသမျှ ကို ထုတ်သုံးကာ ရေနံချက်စက်ရုံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေရသည်။

 

အဖွဲ့ဝင် နိုင်ငံများသည် ထုတ်လုပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရ၍ ယုံကြည်မှု ကင်းမဲ့လာမှု နှင့် ရင်ဆိုင်နေရသည်။ ရေနံထုတ်လုပ်မှု တွင် ရင်းနှီးမြုပ်နှံ မှု မလုပ်နိုင်ခဲ့ခြင်း‌ ကြောင့် ထုတ်လုပ်ရန် သတ်မှတ်ထားမှု နှင့် အမှန်တကယ် ထုတ်လုပ်မှု တွင် ကွာဟချက် ကြီးမားလာခဲ့သည်။ ထို့အတွက် ယခုလို လျော့ချမှုသည် သတ်မှတ်ချက် ကို ပြည့်မီအောင် ထုတ်လုပ်နိုင်စွမ်း ရှိသည့် နိုင်ငံများ အတွက်သာ အကျုံးဝင်သလို ဖြစ်လာရသည်။

 

ရေနံဈေးနှုန်းသည် ထိုသို့ ထုတ်လုပ်မှု လျော့ချတော့မည်ဟု ကောလဟသများ စတင်ထွက်ပေါ်လာသည့် စက်တင်ဘာ ၂၆ ရက်နေ့မှစ၍ ၁၁% မြင့်တက်လာခဲ့သည်။ ဆော်ဒီ အာရေဗီယားသည် လျော့ချသည့် သတ်မှတ်ချက် မီရန် ထုတ်လုပ်မှု ပမာဏာကို ၅% အထိ လျော့ချပေးရမည် ဖြစ်သော်လည်း ရေနံ ဈေးနှုန်း မြင့်တက်လာမှုကြောင့် လျော့ချသည့် ပမာဏ ထက် နှစ်ဆခန့် ပြန်လည် ရရှိသွားမည် ဖြစ်သည်။ ဆော်ဒီ ရေနံဝန်ကြီးမှ ဈေးကွက် မပြောင်းလဲသရွေ့ လျော့ချထားမှုကို ၂၀၂၃ နှစ်ကုန်အထိ ဆက်လက်ထိန်းသိမ်းသွားမည်ဟု အစည်းအဝေး အပြီးတွင် ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

၂၀၂၀ ခုနှစ် အတွင်း ဝယ်လိုအား ကျဆင်းလာမှုကြောင့် ထုတ်လုပ်မှု လျော့ချထားခဲ့ရမှု ကို ပြန်လည် ကျားကန် ပေးဖို့ လိုအပ်လာသည်။ ဈေးကွက်များလည်း ဆုံးရှုံးရခဲ့သည်။

 

ထိုဆုံးဖြတ်ချက်သည် သမ္မတ ဂျိုးဘိုင်ဒင် အား အရှိုက်ထိုးနှက်သလို ဖြစ်သွားခဲ့ရပြန်သည်။ နောက်လ တွင် ပြုလုပ်မည့် သက်တမ်းလယ် ရွေးကောက်ပွဲ တွင် ရေနံကို တိုးထုတ်ရန် ဆော်ဒီ အာရေးဗီယား သို့ ကိုယ်တိုင်သွားရောက်ပြီး တွန်းတွန်းတိုက်တိုက် လုပ်ခဲ့ ပြီး ဖြစ်သည်။

 

အိမ်ဖြူတော် မှ ရုရှားဖက် ယိမ်းသွားပြီ ဟု စွပ်စွဲခဲ့သည်။ ကရင်မလင် ပြောခွင့်ရ ဒီမီထရီ ပက်စကော့ မှ အိုပက်၏ ဆုံးဖြတ်ချက်သည် မျှတမှု ရှိသည်ဟု ထုတ်ဖေါ်ချီးကြူးလာခဲ့သည်။

 

ရေနံဈေးနှုန်း ထပ်မံ မြင့်တက်လာပါက ဝယ်ယူ သုံးစွဲသူများဖက်မှ ခြိုးခြံလာမည် ဖြစ်သည် အတွက် အိုပက်၏ အနေအထားကို ထိခိုက်လာဦးမည် ဖြစ်သည်။ အိုပက် အဖွဲ့အတွင်း လည်း သံတမန်ရေး အရ ထိခိုက်မှုများ ရှိလာပေဦးမည်။

 

သတ်မှတ်ထားသော ခွဲတမ်းသည် အမှန်တကယ် ထုတ်လုပ်မှု ကို ထင်ဟပ်နိုင်ခြင်း မရှိ၍ တကယ်တမ်း လျော့ချပေးရမည်က အီရတ်၊ ကူဝိတ်၊ ဆော်‌ဒီ နှင့် ယူအေအီးတို့ ဖြစ်လာပေမည်။ ယူအေအီးသည် ထုတ်လုပ်မှု ကို မြှင့်တင်ရန် စီစဉ်ထားပြီး ဖြစ်ရာ လျော့ချဖို့ ဖြစ်လာမည့် အရေးကြောင့် မကျေမနပ် ဖြစ်လာဖို့သာ ရှိသည်။ နဂိုကတည်းက ထုတ်လုပ်မှု ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိသည့် အင်ဂိုလာ နှင့် နိုင်ဂျီရီယားတို့က ကြိုဆိုကြမည်သာ ဖြစ်သည်။

 

ရုရှား အဖို့ ခံပြင်းစရာ ဖြစ်လာရသည်က ထုတ်လုပ်မှု မြှင့်တင်ရန် အမြဲ ထောက်ခံပြောဆိုနေရာမှ ယခုအခါတွင်တော့ ဒီဇင်ဘာ လ တွင် စတင်လာမည့် ဥရောပ ၏ ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် ထုတ်လုပ်မှု သူ့အလိုလို ကျဆင်းလာတော့မည် အရေး ပင် ဖြစ်၍ အိုပက် ပြဿနာကို ဖြေရှင်းပေးသလို ဖြစ်လာရသည်။

 

ဆော်ဒီ နှင့် ယူအေအီး တို့သည် မိတ်ဆွေဟူ၍ မရှိသလောက် ဖြစ်နေသူ နှင့် သွားပေါင်းသည့် ဒဏ်ကို ရေရှည်တွင် ပေးဆပ်ရတော့မည် ဖြစ်သည်။

 

(စက်တင်ဘာ ၅ ရက် နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ "OPEC defies Joe Biden with a big output cut" ကို တင်ပြသည်)