တရားဝင် ရပ်တည်ခွင့်ရရေး ကမူးရှူးထိုး ကြိုးစားနေသော်လည်း လဲပြိုကျနေသော စစ်အာဏာသိမ်း အဖွဲ့

by Hla Soewai - Oct 04 2022

ကြာသပတေးနေ့ တွင် နိုင်ငံ၏ လျှို့ဝှက်ချက် အက်ဥပဒေ ကို ဖေါက်ဖျက်မှု ဖြင့် အကျဉ်းထောင်ထဲတွင် လပေါင်း ၂၀ ခန့် နေခဲ့ရသည့် ဩစတေးလျှ စီးပွားရေး ပညာရှင် မစ္စတာ ရှောင်တန်နဲလ်အား စစ်တပ်တရားရုံး မှ ထောင် ဒဏ် ၃ နှစ် အပြစ်ဒဏ်ချမှတ်လာခဲ့သည်။

 

မစ္စတာ တန်နဲလ်သည် အပြစ်မရှိကြောင်း လျှောက်လှဲခဲ့သော်ငြားလည်း စစ်တပ်၏ ဥပဒေ ဘောင်အပြင်ဖက် တွင် ဖွဲ့စည်းထားသော တရားရုံးမှ မည်သို့မျှ အပြစ်မရှိကြောင်း ဆုံးဖြတ်မည်လည်း မဟုတ်ပေ။ မြန်မာပြည်၏ တရားစီရင်ရေး စနစ်သည် ၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်တပ်၏ မှောက်လိုမှောက် သွန်လိုသွန် ဘဝ ရောက်နေခဲ့ရပြီလည်း ဖြစ်သည်။

 

နေပြည်တော်ရှိ အဆိုပါ တရားရုံးတွင် ရှောင်တန်နဲလ် အား စီးပွားရေး အကြံပေး အဖြစ် ငှားရမ်းခဲ့သူ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အားလည်း အလားတူ ထောင်သုံးနှစ် အပြစ်ပေးခဲ့ပြန်၍ လုပ်ကြံ စွပ်စွဲ ထားသော အမှု ပေါင်းစုံဖြင့် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် ရှိလာခဲ့ပြီ ဖြစ်သည်။

 

အခြား အစိုးရ အဖွဲ့ဝင် ဝန်ကြီး သုံးဦး ဖြစ်သည့် ဦးစိုးဝင်း၊ ဦးကျော်ဝင်း နှင့် ဦးဆက်အောင်တို့ကိုလည်း အလား တူ ထောင်သုံးနှစ် အပြစ်ပေးခဲ့ပြန်သည်။

 

၎င်းတို့အပေါ် တရားစီရင်ရေး စနစ် သည် လုပ်ထုံးလုပ်နည်းများ နှင့် မညီ ဆိုသည်က တံခါးပိတ် အမှု စစ်ဆေး ခြင်း တခုတည်း နှင့်ပင် သက်သေပြနေခဲ့ပြီး ဖြစ်သည်။ ရှေ့နေများကိုလည်း အမှုသွား အမှုလာ အပေါ် ဝေဖန်ခွင့် မပြု၊ ဩစတေးလျှ သံအရာရှိများကိုလည်း တက်ရောက်ခွင့် မပြုခဲ့ပြန်ပေ။

 

မစ္စတာ တန်နဲလ်သည် ထောင်ဒဏ်စီရင်ခြင်းခံခဲ့ရသော ထင်ရှားသည့် ဒုတိယမြောက် နိုင်ငံခြားသား တဦးလည်း ဖြစ်သည်။ ယခင် ဗြိတိသျှ သံအမတ်ဟောင်း နှင့် တာဝန်သိသော စီးပွားရေး လုပ်ငန်း စင်တာ၏ အမှုဆောင် ဒါရိုက်တာ မစ္စက် ဗစ်ကီ ဗိုမင်းအားလည်း “လူဝင်မှု ကြီးကြပ်ရေး ဥပဒေ” ဖြင့် ရိုဟင်ဂျာများအား လူမျိုးတုန်း သတ်ဖြတ်ခဲ့သည့် ငါးနှစ်မြောက် နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

 

သူမအား မဖမ်းဆီးမီအချိန် လေးတွင် ဗြိတိန် အစိုးရမှ စစ်တပ် နှင့် ဆက်နွယ်နေသော ကုမ္ပဏီများကို ထပ်မံ ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြုလုပ်ခဲ့သည့် အပြင် နိုင်ငံတကာ တရားရုံး တွင် ရိုဟင်ဂျာများအား လူမျိုးတုန်း သတ်ဖြတ်မှု ဖြင့် တရားစွဲဆို ခံထားရသည့် အမှုကို ဝင်ရောက် ကူညီ ထောက်ခံသွားမည်ဟု ကြေညာခဲ့သည်။

 

မစ္စက် ဗိုမင်းအား စက်တင်ဘာလ အစောပိုင်းတွင် သူမ၏ ခင်ပွန်း ဖြစ်သူနှင့် အတူ ထောင်ဒဏ် တနှစ် ချမှတ် ခဲ့ပြန်သည်။

 

အဆိုပါ အမှုများသည် တရားရေး စနစ်နှင့် မည်သို့မျှ သက်ဆိုင်မှု မရှိဘဲ စစ်အာဏာသိမ်း အဖွဲ့မှ ၎င်းတို့အား ခြိမ်းခြောက်လာသည်ဟု ယူဆသူ မှန်သမျှ ကို တမင် ဖိနှိပ်ချုပ်ချယ်ထားရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

စစ်တပ်သည် ၎င်းတို့ အနေအထား ကို စိုးရိမ်ကြောင့်ကြ ဖြစ်လာနေသည်မှာလည်း သဘာဝ ကျပေသည်။

 

ပြီးခဲ့သည့် အပတ်ထဲမှာပင် နိုင်ငံ ခေါင်းဆောင်များ တက်ရောက်သော ကုလအထွေထွေ ညီလာခံ ကြီးတွင် မြန်မာ ၏ ထိုင်ခုံကို ဦးကျော်မိုးထွန်းက ဆက်လက် ထိုင်နေမြဲပင် ဖြစ်သည်။ ဦးကျော်မိုးထွန်းသည် မြန်မာ စစ်တပ်၏ အာဏာသိမ်းမှုကို ကုလ စင်မြင့်မှ တရားဝင် ရှုတ်ချပြောဆိုခဲ့ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ ဖက်မှ ရပ်တည်လာခဲ့သူ ဖြစ်သည်။

 

သူ ကို စစ်အာဏာသိမ်း အဖွဲ့မှ ကုလ သံအမတ်ကြီး ရာထူးမှ ဖယ်ရှားရန် ကြိုးစားခဲ့သော်လည်း ကိုယ်စား လှယ် ခန့်အပ်ရေး ကော်မတီမှ သံအမတ်နေရာအတွက် မည်သူအား ပေးသင့်သည့်အပေါ် ပြီးခဲ့သည့် နှစ် အတွင်း ဆုံးဖြတ်ခဲ့ခြင်း မရှိသည့်အတွက် လက်ရှိ အနေအထားအတိုင်း NUG ကိုယ်စားလှယ် အဖြစ် ပိုနေမြဲ ကျားနေမြဲ ထိထိရောက်ရောက် ဆက်လက် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

ယခုနှစ်လည်း အလားတူပင် ဆုံးဖြတ်ခဲ့ခြင်း မရှိပြန်၍ ဦးကျော်မိုးထွန်းသည် သူ၏ တာဝန်များကို ဆက်လက် ထမ်းဆောင်နိုင်ခွင့် ရရှိလာခဲ့ပြန်သည်။

 

ကိုယ်စားလှယ် ခန့်အပ်ရေး ကော်မတီ မှ ပြတ်ပြတ်သားသား မဆုံးဖြတ် မခြင်း NUG အတွက် အောင်ပွဲ ဖြစ်လာ ခဲ့သည်။ တချိန်တည်းမှာပင် ထိုသို့ ပြတ်ပြတ်သားသား မဆုံးဖြတ်ခဲ့မှု ကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ အတွင်း ရှုပ်ထွေးမှု များ ဖြစ်လာခဲ့ရသည်။ ယခုတိုင် ကုလ လူ့အခွင့်အရေး ကော်မရှင် တွင် မြန်မာ နေရာသည် လစ်လပ်နေဆဲ ဖြစ်ပြီး စစ်အာဏာသိမ်း အဖွဲ့သည်လည်း နိုင်ငံတကာ တရားရုံး ရှေ့မှောက်သို့ ရောက်လာခွင့် ရသွားခဲ့ပြန်သည်။

 

သို့သော်ငြားလည်း NUG သည် အရှိန်အဟုန် ရလာနေပြီး ဩစတေးလျှ အပါအဝင် နိုင်ငံအများအပြားတွင် ကိုယ်စားလှယ် ရုံးများ ဖွင့်လှစ်လာနိုင်နေပြီ ဖြစ်သည်။ အာဆီယံ အသင်းဝင် နိုင်ငံများ အထူးသဖြင့် မလေးရှား သည် NUG နှင့် ရဲရဲတင်းတင်း ဆက်ဆံလာနေပြီ ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့အား နိုင်ငံတကာမှ ဝိုင်းပယ်ထားခဲ့မှုများသည် စီးပွားရေး တွင် မလုပ်တတ် မကိုင်တတ် ဖြစ်မှု များ၊ နိုင်ငံအား အုပ်ချုပ်နိုင်စွမ်း မရှိသည့် ဝိသေသ လက္ခဏာများ၊ ပြည်တွင်း တွင် စိုးရိမ်ကြောင့်ကြ ဖြစ်လာမှုများ မှ ရောင်ပြန်ဟပ်လာနေခြင်းပင် ဖြစ်သည်။

 

မကြာမီက မြန်မာ အရေး အထူး အကြံပေး ကောင်စီမှ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် နိုင်ငံ၏ ၅၂ ရာနှုန်းကို ထိန်းချုပ်ထားကာ ၂၃ ရာနှုန်းကို ထိန်းချုပ်နိုင်ရန် ကြိုးစားဆဲ ဖြစ်ပြီး စစ်အာဏာသိမ်း အဖွဲ့မှ ၁၇ ရာနှုန်းကိုသာ ထိထိရောက်ရောက် အုပ်ချုပ်နိုင်တော့သည်ဟု အကြောင်းအကျိုး နှင့်တကွ စစ်တမ်း ထုတ်ပြန်လာခဲ့သည်။ ထိုစာရင်းဇယားများသည် မှန်မမှန် စစ်ဆေး အတည်ပြု နိုင်ဖို့ ခဲယဉ်းနေသော်ငြားလည်း နိုင်ငံတဝှမ်းလုံး နီးပါးသည် စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပုန်ကန် ဆန့်ကျင်နေကြသည် မှာ အထင်အရှား တွေ့ မြင်နေရသည်။

 

ရှောင်တန်နဲလ်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ လုပ်ဖေါ်ကိုင်ဖက်များ အား ထောင်ဒဏ်များ ချမှတ်ခြင်း၊ ဇူလိုင်လအတွင်းက ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများ အား ကြိုးပေး စီရင်ခဲ့ခြင်း များမှာ စစ်အာဏာ သိမ်း အဖွဲ့ သည် တိုင်းပြည်ကို ထိန်းချုပ်နိုင်စွမ်း မရှိမှု နှင့် ၎င်းတို့ကိုယ် ၎င်းတို့ ယုံကြည်မှု မရှိကြောင်း ပြသနေ သည့် လုပ်ရပ်များ ဖြစ်သည်။ ၎င်းတို့အဖို့ တရားဝင် ရပ်တည်ခွင့် ရှိသည်ကို ပြသနိုင်ရန် ကမူးရှူးထိုး ကြံစည် နေရင်းက ရှုံးနိမ့်နေကြသူများ သာ ဖြစ်သည်။

 

စစ်တပ်၏ ဆုံးဖြတ်ချက်များသည် ကျိုးကြောင်း ဆီလျှော်မှု များ မရှိသဖြင့် ဩစတေးလျှ အနေဖြင့် တန်နဲလ် လွတ်မြောက်ရေး အတွက် ဆက်လက် လှုံ့ဆော်သွားရမည်။ အချို့က ဗိုမင်းအား ဖမ်းဆီးခဲ့မှုသည် ဗြိတိန်၏ ပိတ်ဆို့ ဒဏ်ခတ် စီရင်ခဲ့မှု များ ကြောင့် ဖြစ်ပေါ်လာသည့် “ဓါးစာခံ ဗန်းပြ သံတမန်ရေး” ကို ကျင့်သုံးရန် ရည်ရွယ်သည်ဟု ပြောဆိုခဲ့ကြသည်။ သို့သော် ဩစတေးလျှသည် စစ်အာဏာသိမ်းပြီး ကတည်းက ဒဏ်ခတ်မှု အသစ်ဟူ၍ တခုတလေမျှ မပြုလုပ်ခဲ့သော အနည်းငယ်မျှသာ ကျန်တော့သည့် အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများထဲမှ တနိုင်ငံလည်း ဖြစ်သည်။

 

ဩစတေးလျှ အစိုးရ သည် ယခုလို အပျော့ဆွဲ ချဥ်းကပ်ခြင်းဖြင့်သာ တန်နဲလ် လွတ်မြောက်လာလိမ့်မည်ဟု ယုံကြည်နေပါလျှင် လွန်စွာ စိတ်ပျက်လက်ပျက် ဖြစ်သွားပေလိမ့်မည်။ စစ်အာဏာသိမ်း အဖွဲ့ကို ကလေး လက်ဝှေ့အိတ် ဖြင့် ထိုးခြင်းသာ အပြုသဘော ဆောင်သော ရလဒ်များ ထွက်ပေါ်လာနိုင်သည်ဟူသော အမြင်များကို တခါတည်း ချေဖျက်ပြစ်လိုက်ခြင်း ဖြစ်သည်။

 

ထွက်ပေါ်လာသော သတင်းများအရ တန်နဲလ် နှင့် ဒေါ်အောင်ဆန်းစုကြည်အား အခြား အကျဉ်းသားများကဲ့သို့ မဟုတ်ဘဲ ကောင်းစွာ စောင့်ရှောက် ကြည့်ရှုထားသည်ဟု သိရသည်။ ယခုအခါ တန်နဲလ်အား ထောင်ဒဏ်ချ မှတ်ပြီး ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၎င်းတို့၏ အလိမ်အညာ ရွေးကောက်ပွဲကြီးတွင် မည်သည့် ကဏ္ဍမှ ပါဝင်နိုင်ခြင်း မရှိတော့၍ စေ့စပ်ဆွေးနွေးခြင်းဖြင့်သာ တန်နဲလ်အား ဩစတေးလျှသို့ ပြန်လည် ခေါ်ယူကောင်း ခေါ်ယူနိုင်မည် ဖြစ်သည်။

 

ဤသည်ကလည်း မည်သည့်နည်းနှင့်မျှ ကျိန်းသေပေါက် ပြော၍ မရပြန်ပေ။ တန်နဲလ်သည် နဂိုကတည်းက ထိုသို့ အဖြစ်မျိုး နှင့် ကြုံရ စရာ အကြောင်းကို မရှိပေ။

 

(ဩစတေးလျှ ရှိ Lowy Interpreter တွင် ပါရှိသည့် Adam Simpson ၏ “A Desperate Junta Trying, and Failing, To Shore up Its Legitimacy” ကို ပြန်ဆိုသည်)

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!