ဆော်ဒီ ရေနံ လုပ်ငန်းများ အတိုက်ခိုက်ခံရမှု ကြောင့် ရေနံဈေး မြင့်တက်

by Hla Soewai - Sep 16 2019

September 15, 2019

 

ပြီးခဲ့သည့် စနေနေ့က ဆော်ဒီ အာရေဗီယား အရှေ့ဖက်ခြမ်းရှိ ပင်မ ရေနံ ထုတ်လုပ်ရေး စခန်း နှစ်ခုကို ယီမင်ရှိ ဟိုတီ သူပုန်များက ဒရုန်း ဆယ်စင်း အား စေလွှတ် တိုက်ခိုက်ခံလိုက်ရသဖြင့် တနေ့လျင် ရေနံစည် ၉.၈ သန်း ပုံမှန် ထုတ်လုပ်နေရာမှ တ၀က်နီးပါး ဖြစ်သည့် ၅.ရ သန်း အထိ လျော့ချလိုက်ရပြီ ဖြစ်ပါတယ်။

ဆော်ဒီ အနေနဲ့ မူလ ထုတ်လုပ်မှု အဆင့်ကို အလျင်အမြန် ပြန်ရောက်အောင် မပြုလုပ်နိုင်က ရေနံ ဈေးနှုန်းများ မြင့်တက်လာဖို့ ရှိနေပါတယ်။ လက်ရှိတွင် ဆော်ဒီ သည် ကမ္ဘာရေနံစိမ်း ထုတ်လုပ်မှုရဲ့ ၅% ကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ လေ့လာသူများကတော့ ရေနံစည် တစည်ကို ဒေါ်လာ ၁၀၀ အထိ မြင့်တက်သွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ယနေ့ တနင်္လာနေ့ ဈေးပိတ်ချိန်မှာ ဒေါ်လာ ၆၀.၃၉ ဖြစ်ခဲ့ပြီး ၁၀% ခန့် မြင့်တက်သွားခဲ့ပါတယ်။

ဆော်ဒီအရာရှိများက တော့ ပျက်စီးသွားတဲ့ ထုတ်လုပ်မှု သုံးပုံတပုံကို ပြန်လည် ရရှိအောင် လုပ်နိုင်ပေမယ့် အပြည့်အ၀ ပြန်ရဖို့က ရက်သတ္တပါတ်ပေါင်းများစွာ အချိန်ယူရမယ်လို့ ဆိုပါတယ်။

ဟိုတီတို့မှ ၎င်းတို့ လက်ချက် ဖြစ်သည်ဟု ကြေငြာခဲ့သော်လည်း အမေရိကန် က အယုံအကြည်မရှိကြောင်း နှင့် အီရန်၏ လက်ချက်သာ ဖြစ်သည်ဟု နိုင်ငံခြားရေး မိုက် ပွန်ပီယိုက တွစ်တာမှနေ အပြစ်ဖို့ခဲ့ပါတယ်။ အီရန်သည် သံတမန်ရေး အရ ဖြေရှင်းနိုင်မှုကို စိတ်ဝင်စားခြင်း မရှိသည်ကိုလည်း ပြဆိုနေတယ်လို့ ဆိုပါတယ်။ သို့သော် အဘယ်ကြောင့် အီရန်ကို အပြစ်တင်ခဲ့ရလဲ ဆိုတာ တော့ ထုတ်မပြောခဲ့ပါဖူး။

လောလောဆယ် တွင် ရေနံ လုပ်ငန်းများ တပြိုင်တည်း တိုက်ခိုက်ခံရမှု တွင် အီရန် သို့မဟုတ် အီရတ် နိုင်ငံတွင်းမှ ပြစ်လွှတ်လိုက်သော ဒုံးကျည်များ ပါဝင်ခြင်း ရှိမရှိ အမေရိကန် နှင့် ဆော်ဒီ အရာရှိများက စုံစမ်းစစ်ဆေးလျက် ရှိနေပါတယ်။

အီရန်ကတော့ စွပ်စွဲမှုကို ငြင်းဆိုလိုက်ပြီး အမေရိကန် မှ တုန့်ပြန်လာပါက ပြန်လည် တိုက်ခိုက်သွားရန် အသင့် ပြင်ဆင်ထားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့သည့် လများ မှ စပြီး ယီမင်ရှိ ဟိုသီ များ နှင့် အီရတ်နိုင်ငံ အတွင်းရှိ အီရန် ထောက်ခံတဲ့ လက်နက်ကိုင် အဖွဲ့များ က ဆော်ဒီ ပြစ်မှတ်များကို တိုးမြှင့် တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။ ထိုအထဲတွင် လေဆိပ်များ၊ ပင်လယ်ဆားငန်ရေ မှ ရေသန့်ချက် စက်ရုံများ နဲ့ ရေနံလုပ်ငန်းများ ပါဝင်လာခဲ့ပါတယ်။ သို့သော် ယခု တိုက်ခိုက်မှု သည် အပျက်အစီး အများဆုံး ဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

ဆော်ဒီကတော့ ပြစ်ခတ်မှုသည် ယီမင်ရှိရာ တောင်ပိုင်းမှ လာခြင်းမဟုတ်ပဲ မြောက်ပိုင်းမှ လာနိုင်တယ်လို့ သံသယ ဖြစ်နေကြပါတယ်။