ကုလ ထိပ်သီး ညီလာခံ အဆုံးသတ်သွားခဲ့ပြီ

by Hla Soewai - Sep 28 2022

နိုင်ငံ ခေါင်းဆောင်များ တက်ရောက်ကြသည့် ကုလ သမဂ္ဂ အထွေထွေ ညီလာခံကြီးက အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပြီး မြန်မာ နှင့် အာဖဂန် နစ္စတန် အရေးကို ဒုတိယ နှစ် အဖြစ် ယခင်အတိုင်း ထားရစ်ခဲ့ကြပြီ ဖြစ်သည်။

 

မြောက်ကိုရီယား အစိုးရ ပင်လျှင် ကမ္ဘာ စင်မြင့်ပေါ်သို့ ဝင့်ကြွားစွာ တက်ရောက်လာနိုင်ခဲ့သော်လည်း စစ် ကောင်စီ နှင့် တာလီဘန် တို့ တော့ တက်ခွင့်မရပေ။ မြန်မာပြည်သူများအား ကိုယ်စားပြုပြီး ရပ်တည်နေသည့် ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းလည်း မိန့်ခွန်း ပြောခွင့်မရ ဖြစ်ခဲ့သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း မြန်မာ ၏ နေရာအတွက် မည်သူအား ကိုယ်စားပြုခွင့် ပေးသင့်သည်ဟု ဆုံးဖြတ် ရမည့် အရေးကို ကုလ မှ ရွှေ့ဆိုင်းခဲ့ကြပြန်သည်။ မြန်မာ စစ်ကောင်စီ နှင့် တာလီဘန်တို့၏ ပြည်သူများ အား ရက်စက်စွာ ပြုကျင့်နေမှုများ ကြောင့် ထိုသို့ ရွှေ့ဆိုင်းခဲ့ခြင်းကို အများစုက ထောက်ခံမှု ပေးခဲ့ကြသည်ဟု အေပီ သတင်းဌာနမှ ကုလ သံတမန်များ၏ အပြောအား ကိုးကား၍ ဖေါ်ပြခဲ့သည်။

 

ကုလ မှ ခန့်အပ်ထားသော အထူးသံတမန် နိုလင်းဟေဇာ ကပင် နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ခွင့်မရလျှင် နောက်တကြိမ် ပြန်မသွားဟု ကြွေးကြော်ထားခဲ့ပြီး ဖြစ်သည်။

 

သို့သော်လည်း နိုင်ငံ အများအပြား က မြန်မာပြည်၏ အရေး ကို ၎င်းတို့၏ မိန့်ခွန်းများတွင် အထူးတလည် ထည့်သွင်း ဖေါ်ပြခဲ့ကြသည်။ နောက်ဆုံး အဖြစ် နီပေါ နိုင်ငံခြားရေး ဝန်ကြီးမှ “မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားသည့် အနေဖြင့် ၎င်းတို့ကို ကိုယ်စားပြုသူကိုသာ ရွေးချယ်ရန်” တိုက်တွန်းသွားခဲ့သည်။

 

ယခုအခါ ကုလ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် အသစ် ဖြစ်လာသော ယူအေအီး အား မြန်မာ အရေးကို ကုလ လုံခြုံရေး ကောင်စီ တွင် တင်ပြရန် မလေးရှား ဝန်ကြီးချုပ် အစ္စမေး ယာကော့မှ ယူအေအီး နိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဖြစ်သူကို တိုက်တွန်းသွားခဲ့သည်။

 

လက်ရှိ နှစ်နှစ် သက်တမ်း ထမ်းဆောင်ရမည့် အဖွဲ့ဝင် များ မှာ အယ်ဘေးနီးယား၊ ဘရာဇီး၊ ဂါဘွန်၊ ဂါနာ၊ အိန္ဒိယ၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကဆီကို၊ နော်ဝေး နှင့် ယူအေအီးတို့ ဖြစ်သည်။

 

မြန်မာပြည်သူတို့ ရင်ဆိုင်နေရသည့် မျှော်လင့်ချက် ပျက်သုဥ်းမှုများနှင့် ကမ္ဘာကြီးကိုလည်း အားကိုးမရဟူ သော ယုံကြည်လာမှု နှင့် အတူ မိမိတို့ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်နိုင်ခွင့် ရရှိရေး အတွက် ဆက်လက်တိုက်ပွဲ ဝင်သွားကြရမည်သာ ဖြစ်သည်ဟု ဝါရှင်တန် ပို့စ် သတင်းစာ တွင် ဆောင်းပါး ရေးသားထားသည်။

 

ဂျပန်၊ ဩစတေးလျှ၊ စင်္ကာပူ ကဲ့သို့ နိုင်ငံများသည် ယူကရိန်းအား ကျူးကျော်ခဲ့မှု အတွက် ရုရှားကို အလျှင်အမြန် ပိတ်ဆို့ အရေးယူခဲ့ကြသော်လည်း မြန်မာကိုမူ ထိုသို့ လုပ်ရန် လက်နှေးနေသည်ဟုလည်း ထောက်ပြခဲ့သည်။ ဂျပန်သည် လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး၏ နိုင်ငံတော် စျာပနသို့ပင် တကမ္ဘာလုံးက ဝိုင်းကြဉ်ထားသော မြန်မာ စစ်ကောင်စီ ခန့် သံဝန်ထမ်းများကို တက်ရောက်ခွင့် ပြုခဲ့မှု အတွက် အပြင်းအထန် ဝေဖန် ခံခဲ့ရသည်။

 

လက်ရှိ ဘင်္ဂလားဒေ့ရှ် ဖက်သို့ မြန်မာ ဖက်မှ အမြှောက်ကျည် များ ကျရောက်ပြီး လူသေဆုံးအထိ ဖြစ်ခဲ့ရမှုကို တရုတ် သံအမတ်မှ “ကံမကောင်း အကြောင်းမလှ” ဖြစ်ခဲ့ရခြင်းဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ မရည်ရွယ်ဘဲ ဖြစ်ခဲ့တာလား ဆိုသည့် အမေးကို မူ ဖြေကြားခြင်း မရှိပေ။

 

နောက်တချက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြည်တွင်း ရှိ သံတမန်များ ခေါ်ယူ အသိပေး ရှင်းလင်းသည့်ပွဲ အား တရုတ် သံရုံးမှ တဦးတလေမျှ စေလွှတ်ခြင်း မရှိဘဲ သံတမန် ကျင့်ထုံးကို ဥပက္ခာ ပြုကာ ဗြောင်ကျကျ ပင် ဘေးထွက်နေခဲ့သည်။

 

ဤသည်ကို ကြည့်လျှင် တရုတ်သည် ဘင်္ဂလားဒေ့ရှ် ဖက်မှ လက်တုန့်ပြန်လာမည် ကို ထောက်ခံမည် မဟုတ်ဟု သွယ်ဝိုက် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နှင့် စစ်ပွဲ အသွင် ကူးပြောင်းသွားပါက ရခိုင် ပြည်နယ် ရှိ ၎င်းတို့ အကျိုးစီးပွား ထိခိုက်မည်ကို စိုးရိမ်ကြောင့်ကြ နေခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ မြန်မာ စစ်ဗိုလ် ချုပ်များကလည်း ၎င်းတို့နှင့် ပတ်သက်ပြီး တရုတ်တို့၏ အားနည်းချက်ကို ကောင်းစွာ ရိပ်စားမိသူများ ပီပီ တရုတ်ကို အရေးစိုက်စရာ မလို၊ ရုရှားကိုသာ အမိအရ ဆွဲရမည်ဟု မူဝါဒ ချမှတ်လာခဲ့ကြခြင်းလည်း ဖြစ်သည်။ တရုတ်သည် အလိုလိုနေရင်း စစ်ကောင်စီ၏ စီးပွားရေး ဓါးစာခံ ဘဝ ရောက်ရှိနေရသည်။

 

လက်ရှိ အနေအထား အရ မင်းအောင်လှိုင်သည် ၎င်းတို့ နေထိုင်ရာ နေပြည်တော်သို့ တော်လှန်ရေး ကူးစက် မလာစေရန် စစ်တပ်အား ၎င်း၏ မိသားစုကို ကာကွယ်ပေးရမည့် ကိုယ်ပိုင် စစ်တပ်ကြီး သဖွယ် စီမံခန့်ခွဲ ကာကွယ်နေရပြီ ဖြစ်သည်။ သို့သော် နိုင်ငံ စီးပွားရေးသည် ၎င်းတို့ အတွက် က ဒုတိယ အဆင့်တွင်သာ ရှိသည်။ လောလောဆယ် ဖြစ်လာသမျှ ကို ဟိုကွေ့ ဟိုတက်နှင့်လှော်၊ ဒီကွေ့ ဒီတက်နှင့် လှော် ပုံစံမျိုးသာ သွားနေပေသေး သည်။ ဤသည်ကလည်း သူတို့ကိုယ်တိုင် အနာဂါတ် ပျောက်နေသဖြင့် အပြစ်ဆို၍တော့ မရပြန်ပေ။

 

ကမ္ဘာဘဏ်မှ ၂၀၂၃ မြန်မာ့ စီးပွားရေး ခန့်မှန်းချက်ကလည်း ထွက်ရှိလာခဲ့ပြီ ဖြစ်သည်။

 

မြန်မာစီးပွားရေးသည် ကျပ်တန်ဖိုး ကျဆင်းလာပြီး ငွေကြေးဖေါင်းပွမှု ဆက်လက်မြင့်တက်နေဦး မည် ဖြစ် သည့်အပြင် ပြည်ပ ဖိအားများ နှင့် ပြည်တွင်း ပဋိပက္ခ အဆင့်သည် မြင့်တက်လာနေပြီ ဖြစ်သောကြောင့် အားပျော့နေဦးမည် ဖြစ်သည်။ စက်မှုလုပ်ငန်းများ နှင့် ဆောက်လုပ်ရေး ကဏ္ဍများ သည် ဆက်လက် ရုန်းကန် နေရဆဲ ဟု ဖေါ်ပြထားသည်။ သို့သော် အာဏာသိမ်းပြီ’ ၁၈ ရာနှုန်းခန့်အထိ ထိုးဆင်းသွားသော်လည်း ယခုနှစ် တွင် စီးပွားရေးသည် ၃ ရာနှုန်းခန့် ကျယ်ပြန့်လာနိုင်သည်ဟု ဆိုသည်။ ၂၀၂၃ ခုနှစ် အတွက် စီးပွားရေး တိုးတက် ဖွယ် ရှိသည်ဟူသော Growth outlook ကို မူ ဖေါ်ပြခဲ့ခြင်း မရှိပေ။

 

စစ်ကောင်စီ ၏ မူဝါဒ ရေးရာ ပိုင်း တွင် မသေချာ မရေရာ မှုများ ပြည့်နှက်နေသည့်အပြင် ယခင် ဖေါ်ဆောင် ထားသော ပြုပြင်ပြောင်းလဲရေး အချို့ကို ပြန်လည် ရုပ်သိမ်းသွားခဲ့သဖြင့် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု အပိုင်း အတွင် အဟန့်အတားများ ဖြစ်ပေါ်လာရသည်ဟု ဆိုသည်။

 

ကျပ်ငွေ တန်ဖိုးချပြီး နိုင်ငံခြား ငွေလဲလှယ်ရေး ဈေးကွက်အား ဝင်ရောက် ထိန်းချုပ်လာခဲ့သဖြင့် ကုန်ခမ်းလာ နေသော နိုင်ငံခြား အရံငွေ ကို ကနဦးတွင် ပြန်လည် မြှင့်တင်နိုင်ခဲ့သော်လည်း ရေရှည်တွင် ဆိုးဝါးသည့် ရိုက်ခတ်မှုများ ခံလာရနိုင်သည်ဟု ဖေါ်ပြထားသည်။

 

စစ်ကောင်စီလည်း ၎င်းတို့ ရင်ဆိုင်နေရသော စီးပွားရေး အကျပ်အတည်းကို မည်သည့် နိုင်ငံတကာ အဖွဲ့ အစည်းကမျှ အကူအညီ ပေးခြင်းကို ခံရနိုင်ဖွယ် မရှိ၍ တော်လှန်‌ရေး အင်အားစုများကဲ့သို့ပင် “ငါတို့မှာ ငါတို့ပဲ ရှိတယ်” ဆိုသကဲ့သို့ ဖြစ်လာနေပေပြီ။

 

သို့သော် ၎င်းတို့အား တရုတ် နှင့် ရုရှားတို့မှ ထောက်ခံမှု ပေးနေခြင်းကို ရုပ်သိမ်းလိုက်မည် ဆိုက နှစ်ဆယ့် လေးနာရီ ပင် မခံဘဲ ပြုတ်ကျသွားတော့မည် ကား ဧကန်မုချပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!